ပြည်တွင်းမှာလည်း ရလာနိုင်တဲ့ Ford Explorer SUV

2014_ford_explorer4-Linnhtet-Online-carreview-2015july19.jpg

ဟုတ်ပါတယ်၊ ကျွန်တော်တို့ ပြည်တွင်းမှာလည်း မော်တော်ကားတွေ တော်တော်ကို စုံစုံလင်လင် တွေ့လာ၊ မြင်လာ၊ ဝယ်ယူလာနိုင်ပြီလို့ ဆိုရမှာပါ။ အခုလည်း ကျွန်တော်တို့ Explorer မော်ဒယ်အကြောင်းကို နည်းနည်းလောက် ကြည့်ရအောင်ပါ။ အမေရိကန်အခြေစိုက် Ford ရဲ့ လမ်းကြမ်းမောင်း ဇိမ်ခံတန်းဝင်မော်ဒယ်လို့ ဆိုနိုင်မယ့် Explorer က ပြည်တွင်း ဈေးကွက်အတွက်လည်း ဝယ်ယူလာနိုင်သလို သူ့ရဲ့ စွမ်းဆောင်ရည်နဲ့ အရည်အသွေး ပိုင်းတွေက စိတ်ဝင်စား စရာ တော်တော်လေး ကောင်းနေတာပါ။ အထူးသဖြင့်တော့ တည်ဆောက်မှုအပိုင်းမှာ ကိုယ်ထည်ကို လမ်းကြမ်းပိုင်း စွမ်းဆောင်ရည် အကောင်းဆုံး ရရှိနိုင်အောင်နဲ့ တစ်ဆက်တည်း ရေရှည်စိတ်ချနိုင်မှုအတွက်ပါ အလေးပေးတည်ဆောက်ထားတာ တွေ့ရပါတယ်။ ကောင်းပါပြီ၊ ကျွန်တော်တို့ နိဒါန်းတိုတိုနဲ့ လိုရင်းကို ဆက်လိုက်ရ အောင်ပါ။

အားသာချက်

အကြမ်းခံ မော်ဒယ်အနေနဲ့ ဖန်တီးထားတာကြောင့် ကိုယ်ထည်ပိုင်း အထူးမာကျောသလို အတွင်းခန်း တည်ဆောက်မှုကလည်း လုံခြုံရေးပိုင်း ဦးစားပေးပုံစံနဲ့ တည်ဆောက်ထားတာ တွေ့ရပါတယ်။ နည်းပညာမြင့် အသုံးပြု Feature တွေ ထည့်သွင်းထားတာ တွေ့ရပြီး ထိုင်ခုံပိုင်း ချိန်ညှိနိုင်မှုနဲ့ ကြည့်မှန်တွေ ချိန်ညှိနိုင်မှုတွေက အဆင့်မြင့်တာ တွေ့ရပါတယ်။ သက်သောင့်သက်သာ မောင်းနှင်နိုင်ပြီးတော့ Turbocharged စနစ်ပါတဲ့ လေးလုံးထိုး အင်ဂျင်တပ် မော်ဒယ်တွေမှာဆိုရင် ဆီစားနှုန်း ပိုမိုသက်သာ ကောင်းမွန်တာလည်း တွေ့ရပါတယ်။ နောက်ဆုံးပြောချင်တဲ့ အချက်ကတော့ V6 အင်ဂျင်တပ် မော်ဒယ်တွေမှာဆိုရင် အင်ဂျင်ရဲ့ စွမ်းဆောင်ရည် အထူးမြင့်မား ကောင်းမွန်တာ တစ်ချက်ကတော့ စိတ်ကြိုက်ဖြစ်ပါလိမ့်မယ်။

အားနည်းချက်

နောက်ဘက်ခရီးသည်ခန်း အနည်းငယ်ကျဉ်းတယ်လို့ ဆိုချင်ပြီးတော့ အဆိုပါ အခန်းရဲ့အကျယ်အဝန်း အနေအထားက ပြိုင်ဘက်မော်ဒယ်တွေထက်စာရင် ကျဉ်းနေချင်တာဖြစ်ပါတယ်။ နောက်ထပ် တစ်ချက်ကတော့ နောက်ဖက်ဆုံး ဝန်တင်ခန်း အနေအထားနဲ့ အကျယ်အဝန်းက ပုံမှန်ပဲ ဖြစ်ပေမယ့် အပြင်ကနေ ကြည့်မယ် ဆိုရင် နောက်ဘီး ကနေစပြီး နောက်ဖက်ဆုံးထိအောင် ကိုယ်ထည်က ရှည်နေတယ်လို့ ခံစားမိစေတာ ဖြစ်ပါတယ်။

ကိုယ်ထည်ပိုင်း

အခုအပိုင်းမှာတော့ အရောင်အနေနဲ့ဆိုရင် ရွေးချယ်နိုင်စရာ အရောင်အများကြီး ထုတ်လုပ်ထားခြင်း မရှိတာတွေ့ရပြီး နောက်ဆုံးထုတ် မော်ဒယ် အနေနဲ့ဆိုရင် ၅ ရောင်ပဲ ရမှာဖြစ်ကာ အမည်း၊ အပြာ၊ ငွေ၊ အဖြူ နဲ့ အနီရောင်တွေပဲ ဖြစ်ပါတယ်၊ အတွင်းခန်းကတော့ ခဲအိုရောင်တစ်မျိုးတည်းကို အထည်ဦးစားပေးပုံစံနဲ့ ထုတ်လုပ်ထား တာလည်း ဖြစ်ပါတယ်။ ကိုယ်ထည်က အလျား ၁၆ ပေနဲ့ ၅.၁ လက်မ၊ မျက်နှာစာအကျယ် ၆ ပေနဲ့ ၆.၉ လက်မရှိမှာဖြစ်ပြီး အမြင့်က ၅ ပေနဲ့ ၁၀.၄ လက်မပဲရှိမှာ ဖြစ် သလို မြေပြင်နဲ့ ကိုယ်ထည်ကတော့ ၇.၆ လက်မ ထိအောင် ကွာဟမယ့် အချက်ကတော့ လမ်းကြမ်းမောင်းနိုင်ဖို့ ဖြစ်ပါတယ်။ အတွင်းခန်း အနေအထားမှာက ရှေ့ဘက်ခန်း မှာ ၆၁.၃ လက်မ ဖြစ်ပြီး နောက်ဘက်ခန်းကတော့ ၆၁ လက်မရှိမှာ ဖြစ်ပါတယ်။

အင်ဂျင်

တပ်ဆင်ထားတဲ့ အင်ဂျင်အပိုင်းကို ကြည့်မယ်ဆိုရင် မော်ဒယ်က ၃.၅ လီတာသုံး V6 အင်ဂျင်ကို တပ်ဆင်ထားတာ တွေ့ရပြီး အင်ဂျင်အနေနဲ့ လည်ပတ်အား တစ်မိနစ် အပတ်ရေ ၄၀၀၀ မှာ ရုန်းအား ၂၅၅ ပေါင်-ပေရှိမှာဖြစ်ပြီးတော့ စွမ်းအင်ထွက်ရှိမှုကတော့ မြင်းကောင်ရေ ၂၉၀ အားထိအောင် ဖြစ်တာကြောင့် စွမ်းအင်အထွက် များပြီး မြန်နှုန်းမြင့် မောင်းနှင်နိုင်မှုတွေ လုပ်ဆောင်နိုင်မှာဖြစ်ကာ လမ်းကြမ်းစစ်စစ် အနေအထားအတွက်တော့ ရုန်းအားနည်းတာကြောင့် အားနည်းနိုင်ပါတယ်။ အင်ဂျင်က တစ်မိနစ်ကို အများဆုံးအနေနဲ့ အပတ်ရေ ၆၅၀၀ ထိအောင် လည်ပတ်မှာ ဖြစ်လို့ ဆီတော့ စားနိုင်ပါတယ်။

မောင်းနှင်နိုင်မှု

မော်ဒယ်က SUV ဖြစ်ပေမယ့် ရှေ့ဘီးယက်စနစ်နဲ့ ဖန်တီးထားတာ တစ်ချက်ကတော့ ဆီစားကို သက်သာအောင် ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ဂီယာချက် ၆ ချက်ကို သုံးပြီးတော့ Auto စနစ်နဲ့ သွားမှာဖြစ်တာကြောင့် မောင်းနှင်ရမှုအပိုင်းမှာတော့ လွယ်ကူမှာ ဖြစ်ပေမယ့် ဂီယာချက်အနေအထား နည်းနေတာက ကျွန်တော်တို့ ပြည်တွင်း အနေအထား မှာတော့ ဒီလောက်ကြီး ပြဿ      နာမရှိပေမယ့် ဥရောပလို ဈေးကွက်တွေမှာတော့ အခု နောက်ပိုင်း ဂီယာ ၇ ချက် ၈ ချက် ကားတွေကိုပဲ နောက်ပိုင်း လူကြိုက်များနေ တာ တွေ့နိုင်ပါတယ်။

စွမ်းဆောင်ရည်

မော်ဒယ်အနေနဲ့ အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှုအပိုင်းမှာ တစ်နာရီ မိုင် ၆၀ နှုန်းအတွက်ကို အချိန် ၈.၄ စက္ကန့်ထိအောင် ယူမယ့်တစ်ချက်ကတော့ မဆိုးလှပေမယ့် လေးဘီးယက်စနစ်နဲ့ ရနိုင်မယ့် XLT မော်ဒယ်ခွဲကတော့ အခု ကျွန်တော် မိတ်ဆက်ပေးနေတဲ့ မော်ဒယ်ထက် ပိုပြီးမြန်ဆန်တာတွေ့ရသလို ၈.၁
စက္ကန့်နဲ့ရောက်ရှိအောင် မောင်းနှင်နိုင်တာ တွေ့ရပါတယ်။ ဘရိတ်ပိုင်းမှာတော့ V6 အင်ဂျင်တပ် မော်ဒယ်တွေ အားလုံး တစ်နာရီ မိုင် ၆၀ နှုန်းကနေ ရပ်တန့်မယ်ဆိုရင် ၁၁၈ ပေမှာပဲ ရပ်မှာဖြစ်လို့ အရမ်းကိုကောင်းတဲ့ ဘရိတ်ပိုင်း စွမ်းဆောင်ရည်ပဲ ဖြစ်ပေမယ့် တစ်ဖက်က လေးလုံးထိုး အင်ဂျင်တပ် မော်ဒယ်တွေကတော့ပေ ၁၃၀ ထိအောင်ယူတာကြောင့် ပြိုင်ဘက်မော်ဒယ်တွေထက်   အားနည်းလွန်း နေတာပါ။

ဆီစားနှုန်း

မော်ဒယ် အနေနဲ့က လေးဘီးယက်စနစ်နဲ့ဆိုရင်တော့ ဆီစားပိုနိုင်ပြီးတော့ အခု မိတ်ဆက်ပေးနေတဲ့ ရှေ့ဘီးယက်စနစ်နဲ့မော်ဒယ်ကတော့ ဆီစားမဆိုးလှပါဘူး။ ကားတစ်စီးလုံးရဲ့ အလေးချိန်က ၄၅၅၇ ပေါင်ထိအောင် လေးလံနေမယ့်အနေအထားမှာ ဆီတိုင်ကီကို ၁၈.၆ ဂါလံဝင်ဆံ့ အောင်ပဲ ဖန်တီးထားတာက မဆိုးလှပေမယ့် ပျမ်းမျှ ဆီစားနှုန်း ဆီတစ်ဂါလံကို ၂၀ မိုင်အတွက်ကတော့ နည်းနည်းသေးနေတာပါ။ မော်ဒယ်က မြို့တွင်းလမ်းတွေမှာ ဆိုရင် ၁၇ မိုင်နဲ့ အဝေးပြေးလမ်းတွေမှာဆိုရင် ၂၄ မိုင်ထိအောင် စီးနင်းနိုင်မှာ ဖြစ်တာကြောင့် ခရီးဝေးသွားဖို့ ပိုပြီး အဆင်ပြေပါလိမ့်မယ်။ ဒါဆိုရင်တော့ ကျွန်တော်တို့ စောင့်ကြည့်နေမိတဲ့ Explorer က ဆီစားပိုင်း တစ်ချက်က လွဲရင်တော်တော်ကို ကောင်းပါတယ်၊ ဒါပေမဲ့ ကျွန်တော်က လေးလုံးထိုး အင်ဂျင်တပ် မော်ဒယ်တွေကိုတော့ သိပ်မကြိုက်မိပါဘူး။

Ref: www.edmunds.com