၁၅၀၀ ကျပ်တန် GSM ဆင်းမ်ကတ်များ ရန်ကုန်မြို့လယ်လူသွားစင်္ကြင်္ံန်တွင် ၅,၀၀၀ ကျပ်အထိပေါက်ဈေး ရှိနေ

20141121_115008.gif

MPT, Telenor နှင့် Ooredoo ဆင်းမ်ကတ်များ လက်ရှိအချိန်တွင် ကျပ် ၁၅၀၀ ဖြင့်ရောင်းချပေးလျက်ရှိသော် လည်း ရန်ကုန်မြို့လယ်ရှိ လူသွားစင်္ကြံများပေါ် တွင်အဆိုပါ ဆင်းမ်ကတ်များဈေး နှုန်းမှာ ကျပ် ၅,၀၀၀ ခန့်ထိပေါက် ဈေးရှိနေကြောင်း ဈေးကွက်အတွင်း မှစုံစမ်းသိရှိရသည်။

ရန်ကုန်မြို့မဟာဗန္ဓုလလမ်း၊ ပန်းဆိုးတန်းမှတ်တိုင်အနီး လူသွား စင်္ကြံပလက်ဖောင်းများပေါ်တွင် MPT, Telenor, Ooredoo တံဆိပ် GSM ဆင်းမ်ကတ်များအား ဈေးနှုန်း မြင့်မားစွာဖြင့် တစ်ဆင့် ပြန်လည် ရောင်းချမှုများ ရှိလာကြောင်း သိရသည်။ အဆိုပါဈေးကွက်အတွင်း၌ MPT ဆင်းမ်ကတ် တစ်ကတ်လျှင် ၆,ဝဝဝ ကျပ် ဝန်းကျင်၊ Telenor နှင့် Ooredoo ဆင်းမ်ကတ်တစ်ကတ်လျှင် ၅,ဝဝဝ ကျပ် ဝန်းကျင် တန်ဖိုးဖြင့် ဝယ်ယူနိုင်လျက်ရှိပြီး ယင်းသို့ ဝယ်ယူရာတွင်အထောက်အထား တစ်စုံတစ်ရာ ပြသရန်မလိုအပ်ကြောင်း သိရသည်။ ထို့ပြင်၎င်း ဈေးကွက်တွင် ဆင်းမ်ကတ်များ ဝယ်ယူပါကရောင်းချပေးသည့် ဆင်းမ်ကတ်အားယူရန်မလိုအပ်ဘဲ မိမိနှစ်သက်ရာနံပါတ်များကို စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ကြောင်း သိရသည်။

“MPT ကတ်က ခြောက်ထောင်၊ Telenor ကတ်က ငါးထောင်ပါ။ MPT ကတ်က အင်တာနက်ပါပြီးသားပါ။ ဒီကတ်တွေအားလုံးက Active လုပ်ပေးစရာမလိုတော့ပါဘူး။ အားလုံး လုပ်ပြီးသားတွေ။ ဒီအတိုင်းထည့်သုံးရုံပဲ” ဟု ပန်းဆိုးတန်းလမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်ရှိ မြန်မာနိုင်ငံသားများ ဘဏ်အနီးတွင် ဆင်းမ်ကတ်များ ရောင်းချနေသူတစ်ဦးက ပြော သည်။

MPT ဆင်းမ်ကတ်များအား ငွေကျပ် ၁,၅၀၀ ဖြင့် အလွယ်တကူ မဝယ်နိုင်တော့ဘဲ ဟန်းဆက်ဝယ် ယူမှသာ လက်ဆောင်အနေဖြင့် ရရှိနိုင်မည့် အစီအစဉ်ကို မိုဘိုင်းဖုန်းအရောင်းဆိုင်များမှ စတင်ပြု လုပ်ရောင်းချ သည့် နောက်ပိုင်း၌ ယခုကဲ့သို့ ဆင်းမ်ကတ်များကို မှောင်ခိုဈေးနှုန်းဖြင့် ရောင်းချလာခြင်းဖြစ်ကြောင်းသိရသည်။

“MPT ဆင်းမ်ကတ်တွေ ၁,၅၀၀ ကျပ်နဲ့ စချပေးတုန်းက ဝယ်လိုအား အရမ်းများတော့ တချို့ဆိုင်တွေဆို ပြဿနာတက်ကြတယ်။ ဆိုင်ပါ အရောင်းပိတ်လိုက် ရတာမျိုးတွေ အထိပါ ရှိတယ်။ အခုနောက်ပိုင်းတော့ အဲဒါကို ဖြေရှင်းဖို့ဆိုပြီး ဆိုင်တွေက ကတ်တွေကို ဒီအတိုင်း မရောင်းပေးတော့ဘဲ ဟန်းဆက် ဝယ်တဲ့သူကိုသာ လက်ဆောင်အနေနဲ့ ပေးကြတော့တယ်။

အဲဒီတော့ လူတိုင်းက ဆင်းမ်ကတ်ကို အလွယ်တကူ မဝယ်နိုင်ကြတော့ဘူး။ Telenor ကတ်တွေကလည်း အခုထိ တန်းစီပြီး ဝယ်နေရတုန်းဆိုတော့ အခုလို မှောင်ခိုဈေးကွက်ပေါ်လာတာ ဖြစ်နိုင်တယ်” ဟု လမ်းမတော်မြို့နယ်ရှိ မိုဘိုင်းဖုန်း အရောင်းဆိုင်တစ်ခုမှ ကို အောင်အောင်က ၎င်း၏ အမြင်ကို ပြောသည်။