OPPO A11W Joy3

OPPO-Joy3_TKK_Google_review_29Jul2015.jpg

အားသာချက်

တန်ဖိုးနည်းဖုန်း အမျိုးအစားတစ်ခု ဖြစ်သော်လည်း ဖုန်းတွင်ထည့်သွင်း အသုံးပြုထားသော CPU, GPU စနစ်ပိုင်းများတွင် မြင့်မားကောင်းမွန်သော ဖုန်းဖြစ်သည်။ Sensor ပိုင်းများ ကောင်းမွန်သောကြောင့် ဖုန်းကိုအလွယ်တကူ ဖွင့်ပိတ်အသုံးပြုနိုင်သော စနစ်များပါဝင်ပြီး ဖုန်း၏ဖွဲ့စည်း တည်ဆောက်မှုအပိုင်းနှင့် Screen ပိုင်းများတွင်လည်း ကောင်းမွန်သော ဖုန်းဖြစ်သည်။

အားနည်းချက်

ဖုန်းတွင်ပါဝင်သော မှတ်ဉာဏ်မှာ နည်းသောကြောင့် မှတ်ဉာဏ်များများ အသုံးပြုလို သူများအနေနှင့် Micro SD Card ကိုထည့်သွင်း အသုံးပြုရမည် ဖြစ်သည်။

နည်းပညာ

နည်းပညာပိုင်းတွင်တော့ OPPO ဖုန်းများတွင် ပါဝင်နေကျ နည်းပညာဖြစ်သော Gesture & Motion စနစ်များတွင် ပြည့်ပြည့်စုံစုံ အသုံးပြုနိုင်စေရန်အတွက် ထည့်သွင်းပေးထားသည်။ ဖုန်း Screen ဖွင့်ပိတ်ပြုလုပ်ခြင်းအတွက် Double Tap စနစ်၊ Screen ပိတ်ထားချိန်တွင် Screen ပေါ်၌ မိမိမှတ်သားထားသော သင်္ကေတများကို ရေးဆွဲ၍ အသုံးပြုလိုသော စနစ်များအတွင်းသို့ ဝင်ရောက်ခြင်း အစရှိသော Gesture Sensor စနစ်များကို အသုံးပြုနိုင်မည် ဖြစ်သည်။ ကင်မရာပိုင်းတွင်လည်း Color OS Version မြင့်မားလာခြင်းကြောင့် ကင်မရာအသုံးပြု စနစ်များစုံစုံလင်လင် ပါဝင်လာပြီး အသုံးပြုလိုသော ကင်မရာစနစ်များအား အသုံးပြုလိုသော အချိန်များတွင်မှသာ Install ပြုလုပ်ထည့်သွင်း အသုံးပြုပြီး အသုံးမပြုလိုသော အချိန်များတွင် ပြန်လည်၍ ဖယ်ရှင်းထားနိုင်မည်ဖြစ်သော စနစ်များ ပါဝင်လာမည် ဖြစ်သည်။ ဓာတ်ပုံဖန်တီးခြင်းအတွက် Audio Photo, Double Exposure အစရှိသော ကင်မရာစနစ်များကို အသုံးပြုနိုင်မည် ဖြစ်သည်။

မြင်ကွင်း

ရှေ့ဘက် Screen မျက်နှာပြင်မှာ IPS LCD မျက်နှာပြင်ကို အသုံးပြုထားသည်။ မျက်နှာပြင် အကျယ် ၄.၅ လက်မရှိပြီး 480 x 854 Pixels (~218 ppi pixel density) ထိရှိနိုင်မည် ဖြစ်သည်။

ဒီဇီုင်း

ပုံစံဒီဇိုင်းမှာ လေးထောင့်ဆန်သော ပုံစံမျိုးရှိနေပြီး အရွယ်အစားမှာ ကိုင်တွယ်အသုံးပြုချိန်တွင် လက်ထဲ၌ အံဝင်ခွင်ကျရှိသော ပုံစံမျိုးရှိသည်။ ဖုန်းကိုယ်ထည်၏ ဘေးဘောင်အား သတ္တုဘေးဘောင်ဖြင့် ဖွဲ့စည်းတည်ဆောက်ထားပြီး နောက်ဘက်ကာဗာမှာ ဖြုတ်နိုင်တပ်နိုင်သော ပလတ်စတစ် ကာဗာအမျိုးအစား ဖြစ်သည်။ ရှေ့မျက်နှာပြင်၏ ဘေးဘောင်များ အနည်းငယ်ထူပြီး အရွယ်အစားမှာ အထက်အောက်အမြင့် ၁၃.၂၈ စင်တီမီတာနှင့် ဘေးတိုက်အကျယ် ၆.၆၆ စင်တီမီတာ ရှိမည်ဖြစ်သည်။ ထုထည်မှာ ၀.၉ စင်တီမီတာ ဖြစ်ခြင်းကြောင့် ပါးလွှာသော ဖုန်းအမျိုးအစား တစ်ခုမဟုတ်ပါ။ အလေးချိန်မှာ ၁၃၅ ဂရမ်ရှိမည်ဖြစ်ပြီး နောက်ဘက်ကာဗာ အောက်ခြေနားတွင် စပီကာကို တပ်ဆင်ပေးထားသည်။

အသေးစိတ်ဖော်ပြချက်

Quad-core 1.3 GHz Cortex-A7 CPU ကိုအသုံးပြုထားပြီး ဂရပ်ဖစ် စနစ်အတွက်လည်း Mali 400MP2 GPU ကိုထည့်သွင်း ပေးထားသည်။ Chipset မှာ Mediatek MT6582 Chip ဖြစ်ပြီး OS မှာ Android OS Version 4.4.2  ဖြစ်သည်။ ဖုန်းမှတ်ဉာဏ်မှာ Internal Memory 4GB သာပါဝင်ပြီး RAM မှာ 1GB RAM ဖြစ်သည်။ မှတ်ဉာဏ်ထပ်တိုး အသုံးပြုရန်အတွက် Micro SD ကို 32GB ထိထပ်မံထည့်သွင်း အသုံးပြုနိုင်မည် ဖြစ်သည်။ နောက်ဘက်ကင်မရာမှာ 5 Mega Pixel ရှိပြီး ရှေ့ကင်မရာမှာ 2 Mega Pixel ကင်မရာဖြစ်သည်။ Bluetooth v4.0, A2DP, EDR စနစ်ဖြစ်ပြီး ဘက်ထရီမှာ Li-Po 2000 mAh ဘက်ထရီကို အသုံးပြုထားသည်။ GSM ကွန်ရက်စနစ်သုံး ဖုန်းအမျိုးအစားဖြစ်ပြီး GSM 2G/ 3G ကွန်ရက်များတွင် အသုံးပြုနိုင်မည်ဖြစ်သော Dual Sim ဖုန်းအမျိုးအစား ဖြစ်သည်။ Micro Sim နှစ်ကတ် တစ်ပြိုင်တည်းထည့်သွင်း အသုံးပြုနိုင်သော ဖုန်းဖြစ်သည်။

သုံးသပ်ချက်

ဖုန်းတစ်ခုလုံးအား ခြုံငုံသုံးသပ် ကြည့်မည်ဆိုပါက Joy3 သည် တန်ဖိုးနည်း ဖုန်းအမျိုးအစား တစ်ခုဖြစ်သော်လည်း ဖုန်းတွင်း အသုံးပြုထားသော CPU, GPU အစရှိသော Hardware ပိုင်းများတွင် ကောင်းမွန်သော ဖုန်းဖြစ်သည်။ မြန်မာစာစနစ် တစ်ပါတည်း ပါဝင်ခြင်းကြောင့် ပြည်တွင်းရှိ ဖုန်း Message နှင့် Facebook အစရှိသော စနစ်များအတွက် အဆင်ပြေနိုင်မည် ဖြစ်သည်။ ဖုန်းမှတ်ဉာဏ်မှာ 4GB ပါဝင်သော်လည်း တကယ်တမ်း အသုံးပြုနိုင်သော ပမာဏမှာ 1GB ကျော်ကျော်ခန့်သာ အသုံးပြုနိုင်မည် ဖြစ်ခြင်းကြောင့် မှတ်ဉာဏ်များများ အသုံးပြုလိုပါက Micro SD Card ကိုမဖြစ်မနေ အသုံးပြုရမည် ဖြစ်သည်။

Device Support – OPPO

Price – 139,000 Ks