မကွေး နည်းပညာတက္ကသိုလ်၏ ပထမဆုံးအကြိမ် ဘားကမ့်

a4-1.jpg

BarCamp TU Magway 2015

ကျင်းပမည့်ရက်   – သြဂုတ်လ  ၉ ရက်နေ့

ကျင်းပမည့်နေရာ – နည်းပညာတက္ကသိုလ် မကွေး

ကျင်းပမည့်အချိန် – နံနက် ၈း၃၀ မှ ညနေ ၄း၃၀ အထိ

BarCamp TU Magway 2015 ကို သြဂုတ်လ ၉ ရက် တနင်္ဂနွေနေ့တွင် ပထမဦးဆုံးအကြိမ် အဖြစ်  ကျင်းပမည် ဖြစ်သည်။ ဖွင့်ပွဲ အခမ်းအနားကို နံနက် ၈း၃၀ နာရီ၌ နည်းပညာတက္ကသိုလ် မကွေးတွင် ကျင်းပမည် ဖြစ်ပြီး အခန်း ( ၇ ) ခန်းနှင့် Speaker များကို တစ်ချိန်လျှင်  ဆွေးနွေးချိန် တစ်နာရီ ပေးထားမည်ဖြစ် ကြောင်း BarCamp TU Magway 2015 ဖြစ်မြောက်ရေးအဖွဲ့က ပြောကြားသည်။ အဆိုပါ ဘားကမ့်တွင် Topic အနည်းဆုံး ၃၅ခု ကို ဆွေးနွေးသွားရန် မျှော်လင့်ထားကြောင်း၊ ဆွေးနွေးသူများ၏ လို အပ်ချက်အရ အခန်းများ လိုအပ် လာပါက စီစဉ်ပေးနိုင်ရန် ကြိုတင် ပြင်ဆင်ထားကြောင်း သိရသည်။

BarCamp TU Magway တွင် အင်ဂျင်နီယာ ဘာသာရပ်များ၊ နည်းပညာ၊ စာပေနှင့် အနုပညာ၊ စီးပွားရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ၊ လူငယ် စိတ်ဓာတ် မြှင့် တင်ရေး ဆိုင်ရာများ အစရှိ သည့် အကြောင်းအရာများကို အသိပညာ ဝေမျှသွားမည်ဖြစ်သည်။ ယင်းအပြင် BarCamp TU Magway ၏ အစီအစဉ် တစ်ခု အနေဖြင့် နည်းပညာ တက္ကသိုလ် (မကွေး)မှ ကျောင်းသား/ ကျောင်းသူများ ပြုလုပ်ထားသည့် မေဂျာအလိုက် Project များကို Project Show အနေဖြင့် ပြသသွား မည် ဖြစ်ကြောင်း သိရသည်။ လက်ရှိ အချိန်ထိ ဘားကမ့်ကျင်းပခဲ့သည့် နည်းပညာတက္ကသိုလ်များမှာ မန္တလေး၊ သန်လျင်၊ မှော်ဘီ၊ မိတ္ထီလာ၊ လားရှိုး၊ ဟသာင်္တ၊ စစ်ကိုင်း၊ ပြည်နှင့် စစ်ကိုင်းတို့ဖြစ်သည်။

BarCamp TU Magway 2015 တက်ရောက်ဖို့ ဘာတွေလိုမလဲ

ဘားကမ့်ကို တက်ရောက်ရန် အတွက် Online မှတစ်ဆင့် ကြိုတင် Register ပြုလုပ်နိုင်မည့် အပြင် ပွဲရောက်မှ Registration Counter တွင် Offline Register လည်းပြုလုပ်နိုင်မည်ဖြစ်ကြောင်း၊ Online Register ပထမဆုံး ပြုလုပ်သူအယောက် 300 ကို “BarCamp TU Magway အမှတ်တရ T-shirt များ” လက်ဆောင်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

Online Register ပြုလုပ်မည့်နေရာမှာ www.bctumgy.org/register ဖြစ်သည်။ BarCamp TU Magway 2015 ရောက်ရင် ဘာလုပ်ရမလဲ BarCamp TU Magway 2015 ရောက်ရှိလာသူအနေဖြင့် Register ပြုလုပ်ပြီး လက်ဆောင်များ ထုတ်ယူနိုင်မည်ဖြစ်သည်။ ထို့နောက် မိမိကအသိပညာဝေမျှလိုခြင်း သို့မဟုတ် နားထောင်လို ခြင်း များ အတွက် Topic Board ကို ကြည့်ကာ ရွေးချယ်နိုင်မည် ဖြစ်သည်။ Organizer များ နှင့် Volunteer များကို မေးမြန်းအကူ အညီ တောင်းနိုင်မည်ဖြစ်သည်။

ဘားကမ့်ရောက်ရင် ဘာလုပ်ရမလဲဟု အမည်ပေးထားသော Video ကို www.bctumgyorg/video မှာ သွားရောက်ကြည့်ရှုနိုင်မည် ဖြစ်ကြောင်း သိရသည်။

BarCamp ၏ အဓိပ္ပာယ်

BarCamp ဆိုသည်မှာ ကြိုတင်စီစဉ်ထားခြင်းမရှိဘဲ တက်ရောက်လာသူများ၏ ကျွမ်းကျင်ရာ အသိပညာပိုင်းဆိုင်ရာ အတတ် ပညာပိုင်းဆိုင်ရာများကို တစ်ချိန်တည်း၊ တစ်ပြိုင်နက်တည်း ဆွေးနွေးဟောပြောနိုင်ရန် စီစဉ်ဖန်တီး ပေးမည့် အခမ်းအနားတစ်ခု ဖြစ်သည်။ နိုင်ငံတကာတွင် တွင်ကျယ်လာသည့် နည်းတူ မြန်မာနိုင်ငံတွင်လည်း ပထမဦးဆုံး BarCamp ကို ၂၀၁၀ ခုနှစ်က ရန်ကုန်မြို့တွင်  စတင်ကျင်းပခဲ့ရာ အရှေ့တောင် အာရှတစ်ဝှမ်း အအောင်မြင်ဆုံး အခမ်းအနား တစ်ရပ်ဖြစ်ခဲ့သည်။ ၎င်းနောက် BarCamp Yangon, BarCamp Mandalay, BarCamp Taunggyi, Barcamp Pathein, BarCamp Laisho, Barcamp Pyay အစရှိသည်ဖြင့် စဉ်ဆက် မပြတ် ကျင်းပလာခဲ့သည်။ နည်းပညာ တက္ကသိုလ်ကျောင်းများ အနေဖြင့်လည်း Barcamp TU အမည်ဖြင့် နေရာဒေသအလိုက်၊ မြို့အလိုက်နှစ်စဉ်ကျင်းပလျှက် ရှိကြသည်။

BarCamp များကို ကျင်းပပြီး ရရှိလာသော ရလာဒ်များနှင့် ပတ်သက်၍ BarCamp စီစဉ်သူများက ဝင်ရောက်စွက်ဖက်မည် မဟုတ် ပေ။ ထို့ကြောင့် BarCamp ၏ သဘောသဘာဝအရ မိမိဆွေးနွေး လိုသော အကြောင်းအရာများကို လွတ်လပ်စွာ နှီးနှောဖလှယ်နိုင်မည် ဖြစ်သည်။ ၎င်းအပြင် Bar Camp မှာ လူမှုရေး၊ နည်းပညာ၊ စီးပွားရေး အစရှိသည့် ကဏ္ဍများစွာကို ပေါင်းကူးပေးသည့် အတွက် စီးပွားရေးအကြောင်း သိချင်သူများ၊ နည်းပညာအကြောင်း သိချင်သူများ၊ လူမှုရေး အကြောင်းအရာများ စသဖြင့် နယ်ပယ်အလိုက် ဆွေးနွေးလိုသူ အချင်းချင်း တွေ့ဆုံနိုင်မည် ဖြစ်သည်။

ကိုဘုန်းပြည့်စုံ

Organizer Team Leader 

ကျွန်တော်ကတော့ မောင်ဘုန်းပြည့်စုံ ဖြစ်ပါတယ် ။ BarCamp TU Magway ရဲ့ Organizer Team Leader ဖြစ်ပါ တယ်။ ကျွန်တော်တို့ BarCamp TU Magway က ပထမဦးဆုံးကြိမ် အဖြစ် ကျင်းပတာ ဖြစ်တဲ့အတွက် အခက်အခဲတွေ အများကြီးပါ။  အခက်အခဲတွေ ကြားကနေ ဒီပွဲလေး အောင်အောင်မြင်မြင် ဖြစ်မြောက်အောင် ကျွန်တော်တို့ အားလုံးစုပေါင်းပြီး ကြိုးစားထားပါတယ်။ ဘားကမ့်ဆိုတာ အားလုံးအတွက် ရည်ရွယ်ထားတာ ဖြစ်တဲ့အတွက် လာရောက်ကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။

ကိုသုမိုးဟန်

Tech Support Team Leader

ကျွန်တော်ကတော့ မောင် သုမိုးဟန်ပါ။ BarCamp TU Magway ရဲ့ Tech  Support Team Leader ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ပွဲမှာ လိုအပ်တဲ့ နည်းပညာ ကဏ္ဍ တွေအတွက် တာဝန်ယူပြီး ဆောင်ရွက်ထားပါတယ်။ ဘားကမ့်ပွဲအတွက် လိုအပ်တဲ့ Logo  Design များ၊ ပွဲမတိုင်ခင် ဝေမျှခဲ့တဲ့ လက်ကမ်းစာစောင် ဒီဇိုင်းတွေ၊ ဗီနိုင်းဒီဇိုင်းတွေ၊ Certificate Design များကို  Tech Support  အသင်းမှ တာဝန်ယူဆောင်ရွက်ထားပါတယ်။ ဒါ့အပြင် BarCamp  TU Magway 2015 ရဲ့ Official Website ဖြစ်တဲ့ www.bctumgy.org ကိုလည်း ရေးဆွဲပေးထားပါ တယ်။ ဘားကမ့်အကြောင်းများကိုလည်း  Facebook Page ပေါ်တွင် အချိန်နှင့် တပြေးညီ တင်ပေးနိုင်ရန် Team မှ တာဝန်ယူထားပါတယ်။ ပွဲကျင်းပမယ့်ရက်အတွင်း လိုအပ်တဲ့ Projector များ ၊ စပီကာများ ၊ မိုက်များကိုလည်း အချိန်မီ ရရှိနိုင်အောင် ဆောင်ရွက်ထားပါတယ်။

မဟန်နီစုစံ၊  မမှူးမေသော်ခန့်

Finance Team Leaders

ကျွန်မတို့ကတော့ မဟန်နီစုစံနဲ့ မမှူးမေသော်ခန့်တို့ ဖြစ်ပါတယ်။ BarCamp TU Magway ရဲ့ Finance Team ကို ပူးတွဲ တာဝန်ယူထားပါတယ်။ Finance Team အနေနဲ့ Sponsor များမှ ရရှိလာတဲ့ ငွေကြေးများကို စီမံထိန်းသိမ်းပေးရပါတယ်။ BarCamp ပွဲအတွက် လိုအပ်တဲ့ပစ္စည်းများ ဝယ်ယူတဲ့အခါမှာ  ငွေကြေးသုံးစွဲမှုများ လစ်ဟာမှုမရှိစေရန် စီစဉ်ဆောင်ရွက်ရပါတယ်။

ကိုသူရိန်ကိုကို

Marketing Team Leader

ကျွန်တော့်နာမည်ကတော့ သူရိန်ကိုကိုပါ။ BarCamp TU Magway 2015  ရဲ့Marketing  အပိုင်းကို တာဝန်ယူထားပါတယ်။ ကျွန်တော်တို့ Team အနေနဲ့ ပွဲအတွက် အဓိကလိုအပ်တဲ့ ရန်ပုံငွေ ရှာဖွေခြင်းကို ပြုလုပ်ရပါတယ် ။  ကျွန်တော်တို့ BarCamp TU Magway ကို AYA Bank,  Magway  Shopping Mall, ဇာမဏီ Electronic၊ နန်းထိုက်သူ ဟိုတယ်၊ အမေထွား ပဲဆီသန့်နဲ့ Real Mobile   တို့က Sponsor အဖြစ် ပါဝင် ကူညီပံ့ပိုးပေးထားပါတယ်။ Media Partner အဖြစ် Internet Journal မှ ကူညီပံ့ပိုးပေးထားပါတယ်။

ကိုဇေယံထက် ၊ ကိုရဲအောင်ရှင်း

Public Relation Team Leaders

ကျွန်တော်တို့ကတော့ မောင်ဇေယံထက်နဲ့ မောင်ရဲအောင်ရှင်းတို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ နှစ်ယောက်က  BarCamp TU Magway 2015  PR အသင်းပူးတွဲ တာဝန်ယူထားပါတယ်။  ကျွန်တော်တို့ အသင်းအနေနဲ့ မကွေးမြို့မှာရှိတဲ့ တက္ကသိုလ်များကို သွားရောက်ပြီး ဘားကမ့်အကြောင်း Presentation ပြုလုပ်ပေးရပါတယ်။ ဘားကမ့်အကြောင်း မသိသေးသူတွေကို သိအောင်ရှင်းပြပေးပါတယ်။ မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်ရှိ နယ်ပယ်အစုံမှ အသိပညာရှင်၊ အတတ်ပညာရှင်များကို ဖိတ်ကြားပေးရပါတယ်။ ဖိတ်ကြားထားတဲ့ Speaker များ၊ BarCamper  များ အဆင်ပြေအောင် ကိုယ်နှင့်မကွာသယ်ဆောင်နိုင်မယ့် ပြည်တွင်းရောက် Gadget များ စီစဉ်ဆောင်ရွက်ပေးရပါတယ်။