Virtual Reality ထုတ်ကုန် ဈေးကွက်တွင်းသို့ Nokia ဝင်ရောက်ဖွယ် ရှိဟုဆို

nokia-SH-cnet-2015jul22-.jpg

Nokia ကုမ္ပဏီသည် လာမည့် ရက်သတ္တပတ်အတွင်း လော့စ်အိန်ဂျလိစ်မြို့၌ VR platform တစ်ခုကို မိတ်ဆက်ဖွယ်ရှိကြောင်း Recode က ဖော်ပြခဲ့သည်။ သို့သော်လည်း အဆိုပါ VR platform နှင့်ပတ်သက်၍ အသေးစိတ် အချက်အလက်များ မသိရှိရသေးပေ။

Nokia အနေဖြင့် VR ဈေးကွက်အတွင်းသို့ ဝင်ရောက်လာပါက အလားအလာရှိသော ဈေးကွက်သို့ ဝင်ရောက်လာသော နာမည်ကျော် ကုမ္ပဏီများအနက် တစ်ခုဖြစ်လာမည် ဖြစ်သည်။ အခြားကမ္ဘာတစ်ခုသို့ ပို့ဆောင်ပေး နိုင်သကဲ့သို့ ခံစားစေမည့် VR နည်းပညာသည် Facebook, Sony, Samsun, HTC နှင့် Valve ကဲ့သို့ ကုမ္ပဏီများကိုလည်း ဆွဲဆောင်နိုင်ခဲ့သည်။ ကုမ္ပဏီအများအပြားက VR နည်းပညာသည် နည်းပညာ နယ်ပယ်အတွင်း ရေပန်းစားလာမည့် အလားအလာ တစ်ခုအဖြစ် ရှုမြင်ကြသည်။

ပြီးခဲ့သည့်နှစ်က ကုမ္ပဏီက Nokia ၏ မိုဘိုင်းထုတ်ကုန်နှင့် ဝန်ဆောင်မှုလုပ်ငန်းကို Microsoft သို့ ရောင်းချခဲ့သည်။ အကယ်၍ Nokia အနေဖြင့် Virtual reality ဈေးကွက်သို့ ဝင်ရောက်လာပါက ကုမ္ပဏီအတွက် အကြီးမားဆုံး သုံးစွဲသူအခြေပြု လုပ်ငန်းတစ်ခု ဖြစ်လာဖွယ်ရှိသည်။ Nokia သည် ယခုနှစ်အစောပိုင်းတွင် Google ၏ operating system အသုံးပြုထားသော N1 tablet ကိုဖြန့်ချိခဲ့သည်။ ထို့အပြင် ယခုနှစ်နှောင်းပိုင်းတွင် စမတ်ဖုန်း လုပ်ငန်းသို့ ပြန်လည်ဝင်ရောက် မည်ဖြစ်ကြောင်း အရိပ်အမြွက် ပြောကြားခဲ့သေးသည်။

Ref : CNET