KSGM ၏ ဒေါ်လာ ၂၀၃၃.၀၅ သန်း ရင်းနှီးမြှုပ်နှံမှုဖြင့် MPT ဆောင်ရွက်သွားမည် ဟုဆို

IMG_1618.jpg

MPT က ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း အမေရိကန်ဒေါ်လာ ၂၀၃၃.၀၅ သန်း (၂.၀၃၃ ဘီလီယံ) ကို KSGM Co.,Ltd ၏ ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် KSGM (KDDI Summit Global Myanmar Co.,Ltd) တို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် (Joint Operation Agreement) စာချုပ်အရ ၁-၉-၂၀၁၄ ရက်နေ့တွင် လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။ ၎င်းရင်းနှီးမြှုပ်နှံမှု ငွေအား မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ နှစ်အလိုက် အချိုးကျပြန်လည်ပေးဆပ်သွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းသန်းက ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ပြောကြားသည်။

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ မြန်မာနိုင်ငံတစ်ဝန်း ဆက်သွယ်ရေး ဝန်ဆောင်မှုများကို ဆောင်ရွက်ရာတွင် Nationwide Telecommunication License ကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ Ooredoo Myanmar Limited နှင့် Telenor Myanmar Limited တို့ကို လိုင်စင်များ ချထားပေးပြီး တယ်လီဖုန်း ဝန်ဆောင် လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း ဒုတိယဝန်ကြီးက ပြောသည်။

ဝန်ကြီးဌာနက ခွင့်ပြုထားသော ဆက်သွယ်ရေး အော်ပရေတာ အရေအတွက်နှင့် ဝန်ကြီးဌာနသို့ နှစ်အလိုက် ပေးသွင်းငွေပမာဏ၊ ခွင့်ပြုထားသည့် သဘောတူညီချက်များ၊ အခွန်ကင်း လွတ်ခွင့်၊ သက်သာ ခွင့်ပေးသည်တို့နှင့် စပ်လျဉ်းသည့်မေးခွန်းတွင် အထက်ပါ အချက်များကို ထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။