Ford ရဲ့ လူကြိုက်အများဆုံး Truck မော်ဒယ် F-150 အသစ်

15FordF150_02.jpg

ဒီတစ်ပတ်မှာတော့ ကျွန်တော်က အမေရိကန်အခြေစိုက် မော်တော်ကားကုမ္ပဏီတစ်ခုဖြစ်တဲ့ Ford ရဲ့ လူကြိုက်များတဲ့ မော်ဒယ်တစ်ခုဖြစ်သော F-150 မော်ဒယ်အကြောင်းကို ပြောပြချင်ပါတယ်။ အရင်ကတော့ Ford အနေနဲ့ Ranger မော်ဒယ်အပေါ်မှာ တော်တော်လေးကို အလေးထား ထုတ်လုပ်ခဲ့တာတွေ့ရပေမယ့် ရုပ်ထွက်ပိုင်းတည်ငြိမ်မှုနဲ့အတူ ဆွဲဆောင်မှုကောင်းခြင်းတွေက F – 150  ကိုပဲ လူကြိုက်များလာတာ တွေ့နိုင်ပါတယ်။ လက်ရှိအချိန်အထိအောင်လည်း ဆန်းသစ်မှုတွေနဲ့ မော်ဒယ်ကို ဆက်လက် ထုတ်လုပ်ရောင်းချနေတာတွေ့နိုင်သလို ဒေသခံဈေးကွက် အမေရိကမှာလည်း အခုချိန်ထိအောင်ရောင်း အားအကောင်းဆုံး မော်ဒယ်အနေနဲ့ ရပ်တည်နေနိုင်နေတာတစ်ချက်က အခုထိအောင် လူကြိုက်များနေတာကို သက်သေခံနေတာပါ။ မော်ဒယ်က သက်တမ်းရင့် မော်ဒယ်တစ်ခုဖြစ်ပြီးတော့ အခုနှစ် မော်ဒယ်မှာ ပြိုင်ဘက်တွေများလာတာကြောင့် ဘယ်လိုမျိုး ဆန်းသစ်ထုတ်လုပ်မှုတွေ လုပ်ဆောင်ထားတယ်ဆိုတာ ကြည့်လိုက်ရအောင်ပါ။

အားသာချက်

အဓိက အားသာချက်ကတော့ အင်ဂျင်ပိုင်းဖြစ်ပြီးတော့ စွမ်းဆောင်ရည်ကောင်းမွန်ရုံ တစ်မျိုးတည်းမဟုတ်ဘဲ  အကြမ်းခံနိုင်ရည်ပါ မြင့်မားတာ ဖြစ်ပါတယ်။ ဒီနေရာမှာ ကျွန်တော်ဆိုလိုတဲ့ အကြမ်းခံနိုင်ရည်က ခရီးဝေး စိတ်ကြိုက်မောင်းနှင်နိုင်မှုနဲ့ ရေရှည် စီးနင်းနိုင်မှုကို ဆိုလိုတာဖြစ်ပါတယ်။ နောက်ထပ် အားသာချက်တစ်ခုကတော့ မော်ဒယ်ခွဲ တော်တော်များများ ထုတ်လုပ်ထားတာကြောင့် စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်မှု ဖြစ်ပါတယ်။ ဒါ့အပြင် အတွင်းပိုင်း ပြင်ဆင်ထားရှိမှုနဲ့ လုပ်ဆောင်သုံးစွဲနိုင်မှုတွေလည်း အထူးကောင်းမွန်တာ ဖြစ်ပါတယ်။

အားနည်းချက်

နောက်ဘက် ဝန်တင်ခန်းကိုလည်း ကျယ်ဝန်းအောင် ဖန်တီးထားတာကြောင့် နောက်ဘက် ခရီးသည် လိုက်ပါခန်း အနည်းငယ် ကျဉ်းမြောင်းတယ်လို့ ဆိုနိုင်တာတစ်ချက်နဲ့ ဒီဇိုင်းပိုင်း ထူးခြားဆန်းသစ်မှု အားနည်းတယ် လို့တော့ ဆိုနိုင်မှာ ဖြစ်ပါတယ်။ ဒီဇိုင်းပိုင်းဆိုတာကလည်း ရုပ်ထွက်ပိုင်းဆိုတာထက် အတွင်းခန်း အပြင်အဆင်ကို ဆိုလိုတာဖြစ်ပြီး ခိုင်ခံ့မှု ဦးစားပေး တည်ဆောက်ထားခြင်းမျိုး ဖြစ်ပါတယ်။

အရောင်

ကိုယ်ထည်ပိုင်း အရောင်ရွေးချယ်နိုင်မှုက ၇ ရောင်ထိအောင် ရှိမှာဖြစ်ပြီး အတွင်းဘက် အရောင်ကတော့ ၄ ရောင်နဲ့ ဈေးကွက် ဝင်လာပါတယ်။ အပြင်ဘက် အရောင်တွေကတော့ မိုးပြာရောင်၊ သတ္တုစိမ်းရောင်၊ သတ္တုခဲရောင်၊ နို့နှစ်ရောင်၊ မီးခိုးရောင်၊ နက်ပြာရောင်နဲ့ ကြက်သွေးရောင် တွေဖြစ်ပါတယ်။ အတွင်းဘက် အပြင်အဆင်ကတော့ Plastic နဲ့ အထည်ဦးစားပေးပုံစံနှစ်မျိုးပဲ ရနိုင်တာတွေ့ရပါတယ်။

ကိုယ်ထည်ပိုင်း

ဒီဇိုင်း အပိုင်းကတော့ ရိုးရှင်းတဲ့ အချိုးအဆစ်တွေနဲ့ F150 ကိုပုံဖော်ထားတာတွေ့ရပြီး အားနည်းချက်လို့ ပြောစရာထက် ကျွန်တော့်အမြင်ကတော့ တည်ငြိမ်လေးနက်မှုကိုတောင် ပေးနိုင်ပါသေးတယ်။ ကားရဲ့ အလျားပိုင်းက ၁၇ ပေနဲ့ ၉ လက်မ ကျော်ရှိမှာဖြစ်ပြီး မျက်နှာစာ အကျယ်က ၆ ပေနဲ့ ၇ လက်မကျော်ကျော် ရှိမှာပါ။ ကားရဲ့ အမြင့်က ၆ ပေ နဲ့ ၃ လက်မနီးပါးရှိမှာဖြစ်သလို လမ်းစုံမောင်းနှင်နိုင်အောင် ဖန်တီးထားတာ ဖြစ်တာကြောင့် ကိုယ်ထည်ပိုင်းနဲ့ မြေပြင်ရဲ့ ကင်းလွတ် ပမာဏက ၈.၂ လက်မဖြစ်ပါတယ်။

ဆီအပိုင်း

ကားမှာ တပ်ဆင်ထားတဲ့ ဆီတိုင်ကီရဲ့ ဆံ့ဝင်ပမာဏက ၂၆ ဂါလံထိအောင် ဖြစ်တာကြောင့် ခရီးဝေးသွားလာဖို့ သင့်တော့်ပါတယ်။ အကြောင်းကတော့ ဆီတစ်ဂါလံကိုမြို့တွင်း မိုင် ၂၀ နီးပါးနဲ့ အဝေးပြေးလမ်းမတွေပေါ်မှာ ဆိုရင် ၂၅ မိုင်လောက်ထိအောင် စီးနင်းနိုင်မှာ ဖြစ်တာကြောင့် ဆီတိုင်ကီသာ အပြည့်ဖြည့်ပြီး ခရီးဝေးသွားလာမယ်ဆိုရင် လမ်းမှာ ဆီထပ်ဖြည့်ရဖို့တော့ မလိုလောက်ပါဘူး။

အင်ဂျင်အပိုင်း

တပ်ဆင်ထားတဲ့ အင်ဂျင်အမျိုးအစားက ၃.၇ လီတာသုံး V6 အင်ဂျင် ဖြစ်ပြီးတော့ အင်ဂျင်ရဲ့ စွမ်းအင်ထုတ်လုပ်နိုင်မှုက မြင်းကောင်ရေ ၃၀၂ ကောင်အားတောင် ရှိမှာဖြစ်ပါတယ်။ အင်ဂျင်ရဲ့ ရုန်းအားကလည်း
၂၇၈ ပေ-ပေါင် ရှိမှာဖြစ်သလို အင်ဂျင်ရဲ့ လည်ပတ်အားက အမြင်ဆုံး အနေနဲ့ တစ်မိနစ်ကို အပတ်ရေ ၆၅၀၀ ထိအောင် လည်နိုင်ပါလိမ့်မယ်။

မောင်းနှင်နိုင်မှု

အသုံးပြု မောင်းနှင်နိုင်မယ့် ဂီယာချက်က ၆ ချက်ဖြစ်ပြီး Auto စနစ်နဲ့ဖြစ်ကာနောက် ဘီးယက်စနစ် ဖြစ်တာကြောင့် တောင်တက်လမ်းနဲ့ ဝန်တင်ပြီး ရုန်းရတဲ့အနေအထားတွေမှာပါ သုံးနိုင်မှာပါ။ အရှိန်မြှင့်တင် မောင်းနှင်နိုင်မှုကတော့ တစ်နာရီမိုင် ၆၀ နှုန်းကို အချိန် ၇ စက္ကန့်ဝန်းကျင်လောက်ယူမှာ ဖြစ်ပြီးတော့ ဒီနှုန်းက အကြီးစားထက်ပိုတဲ့ Extended တန်းဝင် Truck မော်ဒယ်တွေထဲမှာ အကောင်းဆုံး
နဲ့ အမြန်ဆုံး အနေအထား ရှိနေတာလည်း ဖြစ်ပါတယ်။

လုံခြုံရေးအပိုင်း

တပ်ဆင်ထားတဲ့ ဘရိတ်စနစ်က နောက်ဆုံးပေါ် Anti-lock Braking System ဖြစ်ပြီးတော့ Traction Control နဲ့ stability control တွေလည်း ရနိုင်မှာပါ။ ဘရိတ်အပိုင်းမှာတော့ တစ်နာရီမိုင် ၆၀ နှုန်းနဲ့ မောင်းနှင်နေရင်း ကနေ အန္တရာယ်ကင်းကင်းနဲ့ ရပ်တန့်ချင်တယ်ဆိုရင် အကွာအဝေး ပေ ၁၂၀ ဝန်းကျင်ပဲ ယူမှာဖြစ်တာကြောင့် သင့်တော်ကောင်းမွန်တာ တွေ့နိုင်ပါတယ်။ အသက်ကယ် လေအိတ်စနစ် တပ်ဆင်ထားရှိမှု အပိုင်းမှာတော့ ရှေ့ဘက်ခန်းအတွက် ရှေ့ဘက်၊ ဘေးဘက် အသက်ကယ် လေအိတ်စနစ်တွေ ပါရှိမှာဖြစ်ပြီးတော့ နောက်ဘက်ခန်း အတွက်ကိုတော့ စုပေါင်း ဘေးဘက် အသက်ကယ် လေအိတ်စနစ် တပ်ဆင်ထားတာ တွေ့ရပါတယ်။

Feature

ရှေ့ဘက်ထိုင်ခုံတွေရဲ့အရွယ်အစားက လက်မ ၄၀x၂၀x၄၀ ရှိမှာဖြစ်သလို ရှေ့ဘက်ခန်းအတွက် Cupholder နဲ့ Door Pocket တွေပါရှိပါတယ်။ လျှပ်စစ်စနစ်သုံး Power steering ကို အသုံးပြုထားတာတွေ့ရပြီး တာယာဖိအားတိုင်း Monitor လည်း ပါဝင်တာ တွေ့ရပါတယ်။ ဒီနေရာမှာ အပြစ်ပြောစရာ ရှိတာက ထိုင်ခုံအပူပေးစနစ် ပါဝင်ခြင်းဖြစ်ပေမယ့် အရင်မော်ဒယ်တွေကတော့ Navigation စနစ်မရနိုင်ပေမယ့် Grade အလိုက် အဆိုပါစနစ်ကို တပ်ဆင်လို့ ရနိုင်တာလည်း တွေ့ ရပါတယ်နော်။ ကဲ .. ဒါဆိုရင်တော့ လမ်းကြမ်းမောင်း မော်ဒယ်တစ်ခုအနေနဲ့ F-150 က အကောင်းဆုံး အနေအထားမှာ ရှိနေတာလို့ ပြောရမှာပါ။