မြန်မာနိုင်ငံအနှံ့ eVillage များ အကောင်အထည်ဖော်ရန် ငွေကြေးအထောက်အပံ့ အဓိကလိုအပ်

မြန်မာနိုင်ငံအနှံ့ eVillage များ အကောင်အထည်ဖော်ရန် နည်းပညာပိုင်းဆိုင်ရာ အလွယ်တကူရရှိနိုင် သော်လည်း ငွေကြေးအထောက်အပံ့ အဓိကလိုအပ်ကြောင်း သိရသည်။

ကျေးလက်နေပြည်သူများ အင်တာနက်စနစ်အသုံးချမှု တိုးတက်လာစေရန် ရည်ရွယ်သည့် eVillage ကို စတင်အကောင်အထည်ဖော်လျက်ရှိကာ လက်ရှိ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ဘုရားငုတ် တိုကျေးရွာတွင် ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။

“စတာက တစ်ရွာပဲရှိပါသေးတယ်။ ဘုရားငုတ်တိုကျေးရွာပေါ့၊ တီချယ်တို့ ဟောပြောပွဲတွေ လုပ်တဲ့အခါ တခြားနေရာကလည်း လုပ်ချင်တယ်။ အခု မွန်ပြည်နယ်ကလည်း စချင်တယ်ပေါ့နော်။ အဲတော့ စတော့ မစ ဖြစ်သေးပါဘူး။ အရေးကြီးတာကတော့ Fund (ရန်ပုံငွေ) ပေါ့။ ပိုက်ဆံမရှိဘဲနဲ့တော့ စလို့မရပါဘူး။ နည်းပညာပိုင်းဆိုင်ရာတွေကိုတော့ လုပ်ပေးလို့ရတယ်။ နောက်ပြီးတော့ တိုင်းဒေသကြီးတွေကလည်း အား ပေးမှုရှိရမယ်” ဟု မြန်မာနိုင်ငံကွန်ပျူတာအသင်းချူပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိ အဆိုပါ eVillage များ အကောင်အထည်ဖော်နိုင်ရန် သတင်းအချက်အလက်များကို ပြည်နယ်နှင့် တိုင်းဒေသကြီးအနှံ့ ဖြန့်ပေးလျက်ရှိကြောင်းသိရသည်။ “ဘယ်နှစ်ရွာမှာ ဖွင့်မယ့်အရေအတွက်တော့ မရှိသေးဘူး။ တီချယ်တို့မှာ ပိုက်ဆံပေးမယ့်သူမရှိသေးတော့ Target လုပ်လို့မရဘူး။ လုပ်လို့ရတယ် ဆိုတာမျိုးတော့ တိုင်းနဲ့ ပြည်နယ်တွေကို တီချယ်တို့သွားတယ်၊ Information ဖြန့်တယ်” ဟု ဆက် လက်ပြောကြားသည်။ ကျေးရွာများ၌ eVillage များအကောင်အထည်ဖော်ရန် ကျပ်သိန်း ၁၀၀ ဝန်းကျင်ခန့် ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။