နေရာစုံ၊ အလွှာစုံ တွေ့မြင်လာရသည့် CoC တိုက်ပွဲဝင်များ

COC_Internet_2015JULY7.jpg

ညလယ်တရေးနိုးအချိန်မခိုင်ဇာမွန်၏ လက်ထဲ အလိုလိုရောက်ရှိလာသည်က သူမ အသုံးပြုနေသည့် မိုဘိုင်းဖုန်းပင် ဖြစ်သည်။ တဆက်တည်းမှာပင် သူမ၏ လက်အစုံသည် မိုဘိုင်းဖုန်း Screen ပေါ်က Clash of Clans ဆိုသည့် ဂိမ်းကို နှိပ်မိပြီးသား ဖြစ်နေတော့သည်။ သူမ၏ တရေးနိုး အချိန်ခဏအတွင်း CoC War တစ်ပွဲအား အနိုင်တိုက်လိုက်နိုင်ဖို့ကိုသာ စိတ်ထက်သန်နေတော့သည်။ ညလယ်တရေးနိုးတွင် စစ်ပွဲတစ်ပွဲတိုက်လိုက်နိုင်ခြင်းသည် သူမအတွက် ပျော်ရွှင်မှု တစ်ခုပင် ဖြစ်သည်။

 လက်ထောက်အင်ဂျင်နီယာတစ်ယောက်ဖြစ်သည့် သူမ၏ နေ့စဉ်ဖြတ်သန်းနေရသော အချိန်များတွင် Clash of Clans ဟုခေါ်သည့် CoC ဂိမ်းက တစိတ်တပိုင်း ပါဝင်နေသည်ဟု ဆိုသည်။ သူမ၏ချစ်သူက အဆိုပါ မိုဘိုင်းဂိမ်းအား စမ်းသပ် ကစားကြည့်ရန် ဆွဲဆောင်ခဲ့ရာမှ စတင်ကစားခဲ့သည်မှာ ယခုအချိန် ထိပင် ဖြစ်လာသည်။

“အချိန်ရတိုင်း ကစားတယ်။ နေရာမရွေးလည်း ကစားတယ်။ တရေးနိုးတိုင်းလည်း ဂိမ်းထဲ ဝင်ကြည့်ပြီး ကစားဖြစ်တယ်။ နောက်ပိုင်းမှာ Clan War ဆိုတာ ပါလာတဲ့အခါကျတော့ စိတ်ဝင်စားဖို့ ပိုကောင်းလာတယ်။ အဖွဲ့လိုက် အနေနဲ့လည်း မြင်နိုင်ပြီး တစ်ယောက်ချင်းစီမှာလည်း တာဝန်ယူမှုကို မြင်နိုင်တယ်။ သူငယ်ချင်း အသစ်တွေလည်း အများကြီးရခဲ့တယ်”လို့ သူမက CoC ကစားခြင်းနှင့် ပတ်သတ်ပြီး ဆိုသည်။

တစ်နေ့တာ ဖြတ်သန်းမှုတွင် သူမကဲ့သို့ CoC က မပါမဖြစ် ပါဝင်နေသည့်သူများ ရန်ကုန်မြို့တွင် နောက်ထပ်အများကြီး ရှိနေပါသေးသည်။

ယနေ့ ရန်ကုန်မြို့၏ လမ်းမများပေါ်တွင် ရထားစီးနင်းရင်း သော်လည်းကောင်း၊ ကားစီးရင်းသော်လည်းကောင်း၊ ကားမှတ်တိုင်နှင့် ရထား ဘူတာများတွင် ဖြစ်ဖြစ် နေ့စဉ်နေ့ တိုင်း မြင်တွေ့နေရသည့်မြင်ကွင်းက ပုံမှန်ထက် ထူးခြားသည့် မြင်ကွင်းမျိုး ဖြစ်နေပါလိမ့်မည်။ ထိုနေရာများတွင်ရှိသူများ အနက် အချို့သောသူများ အား ကြည့်လိုက်မည်ဆိုလျှင် သူတို့၏ လက်ဖဝါးပေါ်က မိုဘိုင်းဖုန်းကိုသာ အာရုံစိုက်နေကြသည်ဆိုသည့် အချက်ကို လက်ခံရမည် ဖြစ်သည်။ ထိုသူများသည်  Clash  of Clans ခေါ် CoC ဂိမ်းကိုသာ အာရုံစိုက် ကစားနေကြခြင်းဖြစ်သည်ကို စာဖတ်သူ ကိုယ်တိုင်လည်း ငြင်းဆိုနိုင်မည် မဟုတ်ပေ။

မြို့ပြ၏ လက်ဖက်ရည် ဆိုင် နှင့်  စားသောက်ဆိုင်များ၊ လုပ်ငန်းခွင်များတွင်သာမကဘဲ နေရာတိုင်းလိုလိုတွင် CoC ကစား နေသူများအား တွေ့မြင်နေရ မည် ဖြစ်ပါသည်။ Supercell အမည်ရှိ ဖင်လန်နိုင်ငံ ဗွီဒီယိုဂိမ်းကုမ္ပဏီက ထုတ်လုပ်ဖြန့်ချိထားသည့် CoC ဂိမ်း၏ လွှမ်းမိုးမှုသည် ရန်ကုန်မြို့၏  နေရာစုံ၊ အလွှာစုံတွင် ရှိနေပြီ ဖြစ်သည်။

၂၀၁၂ ခုနှစ်က Supercell မှ စတင်ဖြန့်ချိခဲ့သော အဆိုပါ ဂိမ်း၏ရပ်တည်မှုက Google Play Store နှင့် App Store များတွင် လက်ရှိအချိန်ထိ ထိပ်ဆုံးက ရပ်တည်နေဆဲဖြစ်သည်။ ကနဦးတွင် iOS Platform အတွက်သာ ထွက်ရှိလာခဲ့သော အဆိုပါဂိမ်းကို Supercell က  Android Platform အတွက် ထပ်မံဖြန့်ချိပေးလိုက်သည့် အချိန်မှစပြီး ရန်ကုန်မြို့၏ နေရာတိုင်း တွင် CoC ကစားသူနေသူများအား ခပ်စိပ်စိပ် တွေ့မြင်လာရခြင်း ဖြစ်သည်။

စိတ်တူသဘောတူများဖြင့် စုပေါင်းကာ Clan ထောင်ပြီး စစ်တိုက်ရသော ဂိမ်းအမျိုးအစားဖြစ်သည့် CoC သည် အင်တာနက်နှင့် ချိတ်ဆက်ကစားရသည့် မိုဘိုင်းဂိမ်း ဖြစ်သည်။  ကစားဖူးသူတစ်ဦးမှ မကစားဖူးသေးသူ သူငယ်ချင်းတစ်ဦးအား တိုက်တွန်းရာမှ ၎င်းဂိမ်းကို ကစားသူတွေ တဖြည်းဖြည်း များပြားလာခြင်း ဖြစ်သည်။ CoC ၏ ရုပ်ထွက် ကောင်းမွန်မှုနှင့် ဂိမ်းအမျိုးအစားက ကစားသူတိုင်းအား စိတ်ဝင်စားစေသည့်အတွက် အဆိုပါ ဂိမ်းကို အချိန်ပေးကစားဖြစ်ခြင်း ဖြစ်ကြောင်း ပုံမှန်ကစားနေသူ များက တညီတညွတ်တည်း ဆိုကြသည်။

မခိုင်ဇာမွန်ကဲ့သို့ CoC ကို နှစ်သက်သူများ ရှိနေပါသေးသည်။ “အမျိုးသားဆော့တာ လိုက်ဆော့ရင်း ဆော့ဖြစ်သွားတာ။ ဒီမှာဆိုရင် ရထားစီးရင်း၊ ကားစီးရင်း၊ ရထားစောင့်ရင်း၊ ကားစောင့်ရင်းလည်း ဆော့ကြတယ်။ ကျွန်မကတော့ အားရင်အားသလို ဆော့ပါတယ်။ စွဲစွဲလန်းလန်းဖြစ်တာမျိုး မဟုတ်ပေမယ့် အချိန်ပေးပြီး လုပ်ဖြစ်တဲ့အထဲမှာပါတယ်။ သူက Live clan war တွေရှိတဲ့ အတွက် ပိုပြီးဆွဲဆောင်မှုရှိတယ်။ ဂိမ်းက ငြိမ်နေတာမဟုတ်ဘူး” ဟု ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ နေထိုင်တဲ့ ဆေးဘက်ဆိုင်ရာ ဆရာဝန် မစုစုမွန်က ပြောသည်။

မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်း အသုံးပြုနှုန်းမှာ သန်းနှစ်ဆယ်ကျော်အထိ ရှိလာပြီဖြစ်ပြီး တချိန်တည်းမှာပင် မိုဘိုင်းဖုန်းနှင့် အင်တာနက် အသုံးပြုတဲ့သူ အရေအတွက် မှာ ၁၅ သန်းရှိနေပြီ ဖြစ်သည်။ တစ်နိုင်ငံလုံး၏ Facebook လူမှုကွန်ရက်ကို အသုံးပြုနေသူ အရေအတွက်မှာလည်း  လေးသန်းခုနစ်သိန်း အထက်  ရှိနေခြင်းကြောင့် CoC ကို Facebook နှင့်ချိတ်ဆက်၍ ကစားသူ အရေအတွက်မှာလည်း လိုက်ပါတိုးတက်နေခြင်း ဖြစ်သည်။

အင်တာနက် ဆက်သွယ်မှု စနစ်နှင့် ချိတ်ဆက်ကစားရသည့် မိုဘိုင်းဂိမ်းများ များပြားလာသည် နှင့်အမျှ ဂိမ်းတစ်ခုချင်းစီပေါ်တွင် စွဲလန်းသူများလည်း တိုးပွားလာနေခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် Facebook စတင် ခေတ်စားခဲ့သည့် ၂၀၀၉ ခုနှစ်ဝန်းကျင် အချိန်ခန့်က  အသီးအနှံနှင့် လယ်ယာ စိုက်ပျိုးရေး ဂိမ်းတစ်ခုဖြစ်သည့် Farm Ville ဂိမ်းကို စွဲစွဲလန်းလန်း ဆော့ကစားခဲ့တဲ့သူများ အများအပြား ရှိခဲ့သည်။ မိုဘိုင်းဖုန်းနှင့် အင်တာနက်စနစ် အဆိုးရွားဆုံး ကာလ တစ်ခုဖြစ်ခဲ့သည့် ထို အချိန်က FarmVille ဂိမ်းကို စွဲစွဲလန်းလန်း ဆော့ကစားခဲ့သူများသည် လုပ်ငန်းခွင်အတွင်း အင်တာနက်လိုင်းများ ကျဆင်းခဲ့ပါက ဆိုက်ဘာကဖေးများအထိ သွားရောက်ဆော့ကစားခဲ့ကြရသည် အထိပင် ဖြစ်သည်။

ယနေ့ မြန်မာနိုင်ငံ၌ မိုဘိုင်းဖုန်းနှင့် အင်တာနက်စနစ်များ တဟုန်ထိုး တိုးတက်လာသည့်ချိန်တွင် CoC ကို အချိန်ပေး ကစားလာတဲ့သူများအား လက်ညှိုးထိုး မလွဲ တွေ့မြင်နေရပြီ ဖြစ်သည်။

CoC ဂိမ်းကစားခြင်းကြောင့် မိတ်ဆွေများ တိုးလာခြင်း၊ Clan အတွင်းရှိ သူငယ်ချင်းများ အချင်းချင်း ပိုမိုစည်းလုံးမှု ရရှိလာခြင်း ဆိုသည့် အချက်များကြောင့် အဆိုပါ ဂိမ်းကို ကြိုက်နှစ်သက်သူ များပြားရခြင်းဟု ပုံမှန်ကစားနေသူများက ဆိုကြသည်။

“ဒီဂိမ်းက Clan တွေပါ ဖွဲ့ဆော့ရတာဖြစ်လို့ ကိုယ့်သူငယ် ချင်းအပေါင်းအသင်းတွေနဲ့ တချိန်လုံး ပြောဆိုနေရတယ်။ နောက်ပြီး ဒီဂိမ်းမှာ Chat box တွေ လည်းပါတော့ သူငယ်ချင်းတွေနဲ့ ပိုအထိအတွေ့ရှိတယ်။ စစ်သွားတိုက်လို့ စတားရမလာရင် အချင်း ချင်း ဝိုင်းဟားကြနဲ့ ပိုစည်းရုံးပြီး ပိုပျော်ဖို့ကောင်းတယ်။ စပြီး ကစားချိန်က ညတရေးနိုး ဖုန်းထကိုင်ပြီး ကစားဖြစ်တယ်။ လက် သမားတွေ အားနေတော့မှာ ဆိုပြီးတော့လေ” ဟု အမေရိကန်နိုင်ငံတွင် ပညာသင်ကြားနေသည့် ကိုအင်ဒရူးအောင်က ဆိုသည်။

“အဓိကအချက်က ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ဒါက global trend တစ်ခုဖြစ်နေပြီ။ အမေရိကန်နိုင်ငံရဲ့ ယဉ်ကျေးမှု လည်းမဟုတ်ဘူး။ ဒါက လူတွေ ဂိမ်းကစားတဲ့ ယဉ်ကျေးမှုတစ်ရပ် ပြောင်းလာတာ။ ကောင်းကျိုး အနေနဲ့က ကွန်ပျူတာ မိုဘိုင်းဂိမ်း တွေကို ဆော့လာကြခြင်းအားဖြင့် လူနေမှုပတ်ဝန်းကျင်က စည်းမျဉ်းစည်းကမ်းတွေကို နားလည်လာ မယ်။ ငွေပေးငွေချေတာတွေ ပါလာလို့ ငွေကြေးနဲ့ပတ်သတ်ပြီး စီမံခန့်ခွဲမှုတွေကို ကောင်းကောင်း သိလာမယ်”ဟု ကွန်ပျူတာပညာ ရှင်တစ်ဦးဖြစ်သူ ဦးရဲမြတ်သူက ဂိမ်းယဉ်ကျေးမှု ပြောင်းလဲလာမှု အပေါ် အထက်ပါအတိုင်း သုံးသပ်ပြောကြားသည်။

CoC နှင့် အလားတူ မိုဘိုင်းဂိမ်းများကို စွဲလန်းမှုများနှင့် ပတ်သတ်ပြီး တစ်ဖက်တွင် အကျိုး သက်ရောက်မှုနည်းပါးသည့် အခြေအနေများလည်း ရှိနေသေးသည်။ လူမှုဆက်ဆံရေး နယ်ပယ်တွင် မိတ်ဆွေသူငယ်ချင်းများနှင့်ဆက်ဆံရေးများ ကျဲလာခြင်း၊ မိသားစုနှင့် စကားပြောဆိုဆက် သွယ်မှု နည်းပါးလာခြင်း တို့ကို CoC မကြိုက်နှစ်သက်သောသူများက စိုးရိမ်နေကြခြင်း မျိုးလည်း ရှိနေကြသည်။

ဂိမ်းစွဲလန်းမှုနှင့် ပတ်သတ်ပြီးကြိုက်နှစ်သက်သူ၊ မကြိုက် နှစ်သက်သူဆို၍ မတူညီသည့်  အုပ်စုများလည်း ကွဲပြားနေခြင်း ဖြစ်သည်။ ကြိုက်နှစ်သက်တဲ့သူများ အဖို့ ညလယ်တရေးနိုး အချိန်များ တွင်လည်း War များကို ထတိုက် ကြလေ့ရှိသည်။ CoC ကို လက်မခံသောသူများအနေဖြင့် အဆိုပါဂိမ်းက လူမှုဆက်ဆံရေး နယ်ပယ် တွင် ပေါင်းသင်းဆက်ဆံရေး ကဏ္ဍကို ထိခိုက်စေသည်ဟု အခိုင်အမာယုံကြည်လျက် ရှိနေသည်။

“CoC ပဲ တချိန်လုံး ကစားနေတော့ သူငယ်ချင်းတွေနဲ့လည်း စကားပြောနည်းလာတာ သတိထားမိတယ်။ အိမ်မှာဆိုရင်လည်း မိသားစုနဲ့ သိပ်စကား မပြောဖြစ် တော့ဘူး။ အိမ်အလုပ်တွေလည်း သိပ်မကူနိုင်တော့ဘူး။ မိုဘိုင်းဂိမ်းတွေကို ကြိုက်ပါတယ်။ ဒါပေမယ့် CoC ဂိမ်းကိုကျတော့ လူတွေ အရမ်း စွဲလန်းလာတယ်လို့ ထင်မိတယ်။ အဲ့ဒါကြောင့် ကျွန်မအတွက်ကတော့ ဒီဂိမ်းကို မကြိုက်ဘူးလို့ ပြောချင်ပါတယ်။ ကိုယ်တိုင် မကစားဖူးတာကြောင့် လည်း ဖြစ်နိုင်ပါတယ်” ဟု အမျိုးသားဖြစ်သူ၏ CoC စွဲလန်းမှုနှင့် ပတ်သတ်ပြီး အိမ်ရှင်မတစ်ဦးက သူမ၏ ခံစားချက်ကို အထက်ပါအတိုင်းဆိုသည်။

ထိုအကြောင်းအရာနှင့် ပတ်သတ်၍ ဦးရဲမြတ်သူက “လူမှုဆက်ဆံရေးတွေ နည်းလာမယ်။ ပိုက်ဆံပိုဖြုန်းမိလာတာမျိုးလည်း ဖြစ်လာနိုင်တယ်။ ဒီဂိမ်းမရှိလည်း တခြားအရာတွေက ရှိနေဦးမှာ ဆိုတော့ အဓိက သတိပြုရမှာက ကိုယ်တာဝန်ယူရမယ့် အရာတွေကို တာဝန်ကျေကျေ လုပ်နေနိုင် သ၍တော့ အဆင်ပြေနေမှာပါ။ ဆိုးကျိုးကိုလည်း သတိပြုပြီးရှောင်သင့်တာရှောင်နိုင် ဖို့လိုတယ်” ဟု ဆက်လက် သုံးသပ်ပြောကြားသည်။

ကစားသူများအနေဖြင့် CoC ဂိမ်းအပေါ် အာရုံစိုက်မှုများလွန်း ခြင်းကြောင့် လူမှုဆက်ဆံရေး နယ်ပယ်တွင် စကားပြောဆို ဆက်ဆံမှုများ ဆိတ်သုဉ်းသွားခြင်းနှင့် ပတ်သတ်ပြီး မန္တလေးမြို့တွင် နေထိုင်သည့် ပုံမှန်ကစားသူ ကိုနေအောင်ကျော်က “သူငယ်ချင်း တွေနဲ့ အပြင်မှာထိုင်ရင်ကို ကိုယ်က ဒါကိုပဲသွားဖွင့်မိနေတာ။ ဖွင့်လိုက်ပြီဆို သူတို့နဲ့ စကားလုံးဝ မပြောဖြစ်တော့ဘူး။ ခုနောက်ပိုင်း ကျွန်တော် နည်းနည်းပြင်လာပါပြီ။ သူငယ်ချင်းတွေနဲ့ထိုင်ပြီဆို ဖွင့်တော့ဖွင့်တယ်။ ဒါပေမယ့် အပြင်ထွက်ပြီး မတိုက်တော့ဘူး။ ကြာရင်အပေါင်းအသင်း မိတ်ဆွေနည်းမှာ လည်း စိုးရိမ်ရတယ်ဗျ” ဟု ဆိုသည်။

အချိန်ပေးပြီး ကစားရသည့် မိုဘိုင်းဂိမ်း အမျိုးအစားဖြစ်သည့် အတွက် အချိန်ကြာမြင့်စွာ ဆော့ကစားသူများအား Supercell က Take a break ဟူ၍ ခေတ္တ ရပ်နားရန် သတိပေးခံရသူများ လည်း ရှိနေသေးသည်။

“စဆော့ကာစက တနေကုန်ဆော့ဖြစ်တယ်။ နောက်ပိုင်း အလုပ်ချိန်တွေပါ ဆော့လာတော့ သိပ်အဆင်မပြေတော့ဘူး။ အဲ့တာကြောင့် နေ့ခင်းအားတဲ့အချိန် ခဏ ဆော့ပြီး ညအလုပ်ပြီးတာနဲ့ ဆော့ ပါပြီ။ ကောင်းကျိုးအနေနဲ့က သူငယ်ချင်းအသစ်တွေ ရလာတယ်။ တစ်ယောက်နဲ့ တစ်ယောက် ကူညီချင်စိတ်တွေ ရှိလာတယ်။ စိတ်ထွက် ပေါက်တစ်ခုအနေနဲ့လည်း ကစားတယ်။ ကိုယ့်ကိုယ်ကို စွဲ လန်းတယ်လို့သုံးသပ်မိပါတယ်။ တစ်ခါတစ်လေ အလုပ်မှာ မိုဘိုင်း အင်တာနက်ကျသွားရင် ဘာလုပ်လို့ လုပ်ရမှန်းမသိဖြစ်နေပြီ” ဟု  ကိုနေအောင်ကျော်က ဆိုသည်။

နည်းပညာ တိုးတက်ပြောင်းလဲလာမှုများနှင့်အတူ လိုက်ပါလာသည့် ဂိမ်းယဉ်ကျေးမှု တစ်ခုတွင် ယှဉ်တွဲနေသည့် ကောင်းကျိုး၊ ဆိုးကျိုးများကို CoC စွဲလန်း  နှစ် သက်သူများက လက်ခံကြသည်ကို တွေ့ရသည်။ အမျိုးသားများအပြင် အမျိုးသမီးများ၏ မိုဘိုင်းဂိမ်းများအပေါ် စွဲလန်းမှုများသည်လည်း အချိန်နှင့်အမျှ မြင့်တက် လျက်ရှိနေသည်။

“War တိုက်ရတာ ပျော်ဖို့ကောင်းတယ်။ War နိုင်ဖို့ အချင်းချင်း စည်းစည်းလုံးလုံး တိုက်ရတာ သဘောကျတယ်။ အချိန်အရမ်းပေးရတယ်။

အိပ်ရေးပျက်တာ တွေ၊ အလုပ်ပျက်တာတွေ ဖြစ်လာတယ်။ အဓိကက ဂိမ်းအပေါ်ထားတဲ့စိတ်။ သူငယ်ချင်းတစ်ယောက် ဆို War ရှုံးတာနဲ့ စိတ်မကြည် တော့ဘဲ သူ့ရဲ့အမျိုးသမီးကိုပါ ပြဿနာရှာ၊ ရန်လုပ်တာတွေ မြင်ဖူးတယ်။ ဒီဂိမ်းအပေါ် စိတ်နှစ်လွန်းလို့ သမီးရည်းစားပြတ်တာလဲ တွေ့ဖူးတယ်” ဟု မုံရွာမြို့တွင် နေထိုင်သည့် CoC ပုံမှန်ကစားသူ အိမ်ရှင်မ တစ်ဦးဖြစ်သည့် မရည်မွန်က ပြောသည်။

ပြည်တွင်း၌ CoC ကို  စွဲစွဲလန်းလန်း ကစားနေသူများတွင် အွန်လိုင်းပေါ်မှ ပိုက်ဆံမဝယ်ဘဲ ကစားသူက ပိုမိုများပြားသော်လည်း အဆိုပါ ဂိမ်းထဲတွင်ဖြည့်ရန် အတွက် ငွေကုန်ကြေးကျခံ၍ ကစားသူများလည်း ရှိနေသေးသည်။

“ကျွန်မအသိ အစ်ကို တစ်ချို့ဆို CoC ထဲကို ဖြည့်ဖို့ ဒေါ်လာ၂၀၀၊ ၃၀၀ လောက်သုံးတယ်။ ဂိမ်းတစ်ခုကြောင့် ငွေကြေးတော်တော်များများ အကုန်ကျခံပြီး ဆော့ ချင်အောင် CoC က ဆွဲဆောင်ထားနိုင်တယ်” ဟု မရည်မွန်ကဆက်လက်ပြောသည်။

Supercell ၏ CoC ဂိမ်းသည်လူမှုရေးရာ အဆင်မပြေမှုများ ကြုံတွေ့နေရချိန်တွင် စိတ်ထွက်ပေါက်တစ်ခုအနေနှင့် အသုံးပြုနိုင်လောက်အောင်လည်း ဆွဲဆောင် ထားသည်ဟု အဆိုပါ ဂိမ်းကို ပုံမှန်ကစားနေသူများက ဆိုကြသည်။

“အဆင်မပြေ စိတ်ရှုပ်စရာ တွေ ကြုံတဲ့အချိန် CoC ထဲဝင် ရင် စိတ်ပြေလက်ပျောက် ရှိသ လို သူငယ်ချင်း အပေါင်း အသင်းတွေလည်း တိုးတာပေါ့။ စစ်ပွဲတစ်ခု အောင်မြင်ဖို့က တစ်ဦး တစ်ယောက်တည်း မဟုတ်ဘဲ အများနဲ့ တိုင်ပင်တွက်ချက်ပြီးမှ ရတဲ့ အနိုင်ရလဒ်ကို ပိုနှစ်သက်တာကြောင့်ပါ။ စွဲလမ်းတယ်လို့ ပြောလို့ရတယ်” ဟု IT Coordinator ဖြစ်သူ ကို အောင်ပြည့်ဖြိုးကျော်က ပြောသည်။

CoC ကြောင့် လက်တွေ့ လူမှုဆက်ဆံရေးနယ်ပယ်တွင် စကားပြောဆို ဆက်သွယ်မှုများ နည်းပါးလာခြင်းများ ရှိသကဲ့သို့ အွန်လိုင်းပေါ်မှတဆင့် မိတ်ဆွေ သူငယ်ချင်းများ ပိုမိုရရှိလာပြီးပိုမို ရင်းနှီးလာသည့် ကောင်းကျိုး များက ဒွန်တွဲနေခြင်းဖြစ်သည်။ အဆိုပါ ဂိမ်းကြောင့် လူမှု ဆက်ဆံရေး ကဏ္ဍတွင် ထိခိုက်မှု အချို့ရှိလာ သည့်အပြင် လုပ်ငန်းခွင်အတွင်း အလုပ်တာဝန် လစ်ဟင်းမှု အချို့ လည်းရှိလာနိုင်သဖြင့် အချိန်ကို စနစ်တကျ စီမံခန့်ခွဲပြီးမှသာ ကစားသင့်ကြာင်း အဆိုပါ ဂိမ်းကို ပုံမှန်ကစားသူများက ဆိုကြသည်။

“ဘယ်အရာမဆို တရားလွန်  စွဲလမ်းသွားရင် ကိုယ်ကျင်လည်ရာ ဝန်းကျင်နဲ့ ပို အဆက်ပြတ်ဝေးကွာ သွားသလို ဖြစ်သွားတတ်တာပဲလေ။ ဒါကတော့  ဂိမ်းကစားသူတွေ ဆင်ခြင်ရမယ့်  အချက်ပေါ့။ ကိုယ့်ရဲ့တခြား တာဝန်တွေမလစ်ဟင်းရအောင် အရင်ကြိုးစားပြီးမှ လုပ်ရမယ်။ ပြီးမှ ဂိမ်းကို ကစားပေါ့။ စွဲလမ်းမှုကမ်းတဖက်ကို ရောက်သွားရင်တော့ CoC မှ မဟုတ်ပါဘူး ဘယ်အရာမှ မကောင်းပါဘူး”ဟု ကိုအင်ဒရူးအောင် ကပြောသည်။

CoC ကို စွဲလန်း နှစ်သက်သူများနှင့် အဆိုပါ ဂိမ်းကိုမနှစ်သက်သူ မိတ်ဆွေ သူငယ်ချင်း အချင်းချင်း၊ မိသားစုဝင် အချင်းချင်းများကြားတွင် ပုံမှန်မဟုတ်တော့သည့် ဆက်ဆံရေးမျိုးများ ဖြစ်လာစေရန်လည်း အလိုမရှိဟု အထက်ပါ ဂိမ်းကစားသူများက ဆိုကြသည်။

“ကျွန်တော်က ဂိမ်းတွေကိုစွဲလန်းနေတာတော့ မဟုတ်ပေမယ့် တစ်နေတစ်နေ့ CoC မဆော့ရရင် စိတ်ထဲ တစ်ခုခုလိုနေသလိုပါပဲ။ ဒီဂိမ်းအပေါ် မကြိုက်တဲ့ သူမှာ လည်း အကြောင်းပြချက် ကောင်းကောင်းရှိနိုင်သလို ကြိုက်တဲ့သူ မှာလည်း သူ့အပျော်၊ သူ့ခံစား မှုနဲ့သူ ရှိပါလိမ့်မယ်။ ဒါပေမယ့် ဒီဂိမ်းကို မကစားတဲ့သူအရှေ့မှာ ဒီဂိမ်း အကြောင်း မပြောတာ အကောင်းဆုံးပါ။ သူအထီးကျန် သွားမှာ စိုးပါတယ်။ ကစားသူ ရော မကစားသူရော အားလုံးငြိမ်းငြိမ်းချမ်းချမ်း ဖြစ်စေချင်ပါ တယ်” ခရီးသွားကုမ္ပဏီတစ်ခု၏ မန်နေဂျင်းဒါရိုက်တာ တာဝန်ယူထားရသူဖြစ်သည့် CoC  ပုံမှန်ကစားသူ ကိုရှိန်းဇာနည်ထက် က ဆိုသည်။

မိတ်ဆွေသူငယ်ချင်း အသစ်များ ရရှိလာနိုင်ခြင်း၊ Clan အတွင်းမှ သူငယ်ချင်းများ အချင်းချင်းပိုမိုရင်းနှီးမှုရရှိလာခြင်းတို့ကြောင့် CoC ကို ကစားသူများ ဂိမ်းအပေါ် စွဲလန်းလာရခြင်းဖြစ်သလို သူငယ် ချင်းများအကြား စကားလုံးများ နည်းပါးလာခြင်း၊ မိသားစုဝင် များအကြား သီးသီးသန့်သန့် ဖြစ်လာခြင်းများ ကြောင့်လည်း  အဆိုပါ ဂိမ်းကို ကစားသူများအနေဖြင့် အချိန်ကို စနစ်တကျ စီမံခန့်ခွဲပြီး CoC ၏ တိုက်ပွဲများ အပေါ်မှ အာရုံစိုက်သင့်ကြောင့် အထက်ပါ ဂိမ်းကစားသူများက ဆိုကြသည်။

လက်ထောက် အင်ဂျင်နီယာတစ်ဖြစ်လည်း CoC ကို  စွဲလန်းနှစ်သက်သူ မခိုင်ဇာမွန်က တာဝန်ချိန် မဟုတ်သည့် အချိန်များတွင်မရရအောင် ကစားမည်ဟု ဆုံးဖြတ် ချက်ချထားပြီးဖြစ်သည်။ သူမ၏ CoC အပေါ် ခံယူချက်နှင့်ပတ် သတ်ပြီး “လူတိုင်းမှာ အကြိုက်ချင်းတူညီဖို့ ခက်ခဲပါတယ်။ အဲ့ဒါလေးကို သဟဇာတဖြစ်အာင် မျှမျှ တတလေး တွေးပေးဖြစ်တယ်။ CoC က သူငယ်ချင်းနဲ့ဆို ဂိမ်းအကြောင်းပြောဖြစ်ပြီး တခြားသူငယ်ချင်းနှင့်ဆိုလျှင် ပတ်သက်ရာ ပတ်သက်ကြောင်းလေးတွေ ပြောဖြစ်တယ်။  မကြိုက်တဲ့သူကိုလည်း အပြစ်မမြင်သင့်သလို ကစားနေသူတွေကိုလည်း နားလည်မှုလေး ရှိပေးကြပါရှင့်” ဟု ဆိုသည်။

ရန်ကုန်မြို့၏ ကားဂိတ်များ၊ ရထားဘူတာများနှင့် နေရာတိုင်း လိုလိုတွင် ရုံးတက်၊ ရုံးဆင်းအချိန်များ၌ CoC စွဲလန်း နှစ်သက်သူများကို ဆက်လက်၍ ခပ်စိပ်စိပ် တွေ့ မြင်နေကြရဦးမည် ဖြစ်သည်။