စွမ်းဆောင်ရည်မြင့် အမိုးဖွင့်မော်ဒယ် Audi TT RS

AndriodDigitalTV-Receiver-WW-Online-ELEProduct-2015july2.jpg

မော်ဒယ်အနေနဲ့က Audi TT အနေနဲ့ကိုပဲ ထုတ်လုပ်ရောင်းချနေတာ ကြာပြီဖြစ်သလို ဈေးကွက်အောင်မြင်မှုတွေ အများကြီး ရရှိထားတဲ့ အနေအထားကနေ အခုလို RS တန်းဝင်အောင်ပါ
ထုတ်လုပ်လာတာ တစ်ချက်ကတော့ အပြည့်စုံဆုံး အနေအထားကို ရောက်ရှိလာတာပါ။ ဟုတ်ပါတယ်၊ မော်ဒယ်က RS တန်းဝင်အနေနဲ့ ထွက်ရှိလာတာပါ၊ ဒါနဲ့ RS တန်းဝင်ဆိုတာကို နည်းနည်းများ နားရှုပ်နေမလား။ ကျွန်တော် ရှင်းပြပါ့မယ်။ မော်တော်ကား ကုမ္ပဏီတွေမှာ ပုံမှန် မော်ဒယ်ထက်ကိုပဲ စွမ်းဆောင်ရည် မြင့်အောင် ဖန်တီးတဲ့ အပိုင်း(ဌာန)တွေ ရှိပါတယ်။ ဥပမာ ဆိုရင် Honda မှာ Type R ဖြစ်ပါတယ်။ Honda ရဲ့ လူကြိုက်များမော်ဒယ် Civic ကို ဈေးကွက်မှာ လူကြိုက်များအောင် စွမ်းဆောင်ရည်မြင့် မော်ဒယ်အနေနဲ့ ထုတ်လုပ်တဲ့အခါမှာ Type R အပိုင်းက တာဝန် ယူထုတ်လုပ်ပြီးတော့ ဈေးကွက်တင်ချိန်မှာလည်း Civic Type R ဆိုပြီး ဈေးကွက်တင်ပါတယ်။ ဝယ်သူကလည်း Type R ကို တွေ့လိုက်တာနဲ့ စွမ်းဆောင်ရည်မြင့် ကားဆိုတာ သိပါတယ်။ဒီလိုပါပဲ Audi မှာလည်း RS  အပိုင်းက စွမ်းဆောင်ရည်မြှင့်တင် ထုတ်လုပ်တဲ့ အပိုင်းပါ။ RS Q3 တို့ဆိုရင်လည်း အခုနှစ်မှ စွမ်းဆောင်ရည်မြှင့်ပြီး ထုတ်လုပ်လာ တဲ့ မော်ဒယ်တွေ ဖြစ်ပါတယ်။ ကောင်း ပါပြီ၊ ဒါဆိုရင် TT ကိုရော ဘယ်လောက်ထိအောင် အဆင့်မြှင့်ထားတယ်ဆိုတာ ကြည့်ရအောင်ပါ။

Pros & Cons

မပြောမဖြစ် ပြောရမယ့် အားသာချက်ကတော့ ရုပ်ထွက်ပိုင်းဖြစ်ပြီးတော့ ဆွဲဆောင်မှု ကောင်းသလို တခြားမော်ဒယ်တွေနဲ့ယှဉ်ပြီး ရပ်လိုက်မယ်ဆိုရင်လည်း သိသာထင်ရှားစေနိုင် ပါတယ်။ နောက်တစ်ချက်ကတော့ Coupe တန်းဝင် မော်ဒယ်ဖြစ်သလို စွမ်းဆောင်ရည်ကောင်းမွန်တဲ့ အင်ဂျင်ကို တပ်ဆင်ထားတာကြောင့် အရှိန်မြှင့်တင် မောင်းနှင်နိုင်မှု အထူးကောင်း မွန်မှာလည်း ဖြစ်ပါတယ်။ ပြီးတော့ Drive စနစ်မှာ ပြောစရာရှိတာတစ်ချက်က စံမီတယ်ဆိုတာထက် ကမ္ဘာ့အဆင့်ရှိတယ်လို့ကို ဆိုရမယ့် အနေအထားမျိုးပါ။ ပြီးတော့ TT RS က သက်တမ်းရင့်နေပြီဖြစ်တဲ့ မော်ဒယ်ဖြစ်တာကြောင့်လည်း အတွင်းပိုင်း အပြင်အဆင်နဲ့ Feature တွေ ကောင်းမွန်သလို ခိုင်ခံ့တာလည်း တွေ့နိုင်ပါတယ်။ ပြီးတော့ TT က ဘယ်လောက် ထိအောင် အောင်မြင်တဲ့ မော်ဒယ်လဲဆိုရင် Coupe အဖြစ်နဲ့တောင်မှ မဟုတ်ဘဲ Hatchback, SUV တွေအဖြစ်နဲ့ပါ ဈေးကွက်မှာ ရနိုင်တာပဲဖြစ်ပါတယ်။

အားနည်းချက် အပိုင်းမှာတော့ ထိုင်ခုံပိုင်းကို အချို့က အပြစ် နည်းနည်းပြောချင်တာ တွေ့နိုင်ပြီးတော့ ရေရှည်၊ ခရီးဝေးမောင်းနှင်နေချိန်တွေမှာ ခပ်တောင့်တောင့် သဘောမျိုး ခံစား ရတယ်လို့ဆိုပါတယ်။ နောက်တစ်ချက်ကတော့ Transmission ပိုင်းဖြစ်ပြီးတော့ Manual စနစ်တစ်မျိုးတည်းနဲ့ လာတာကြောင့် Auto သမားတွေအတွက် စိတ်ပျက်သွားစေနိုင်ပါတယ်။ အင်း..
နောက်ထပ်သိသာတဲ့ အားနည်းချက် တစ်ချက်ကို ပြောပါဆိုရင်တော့ လက်ကိုင်ပိုင်းကို ပြောရမှာဖြစ်ပြီးတော့ ပြိုက်ဘက် မော်ဒယ်တွေ ဖြစ်နိုင်မယ့် Jaguar F-Type, Alfa Romeo 4C တို့လောက် လက်ကိုင်ပိုင်းက မပျော့ပျောင်းသလို အနည်းငယ်လေးချင်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

Body

ကိုယ်ထည်ပိုင်းကို ကြည့်မယ်ဆိုရင် အရောင်အပိုင်းမှာ အဖြူ ရောင်၊ အနက်ရောင်၊ အနီရောင်တွေ အပါအဝင် စုစုပေါင်း အရောင် ၈ ရောင်ထိအောင် ရနိုင်မှာဖြစ်ပြီးတော့ အတွင်းပိုင်း အပြင်
အဆင်ကတော့ သားရေဦးစားပေးပုံစံနဲ့ အမျိုးအစား ၅ မျိုးရနိုင်မှာ ဖြစ်ပါတယ်။ Coupe တန်းဝင် မော်ဒယ်ဖြစ်ပြီးတော့ ခရီးသည် လေးယောက်ထိအောင် လိုက်ပါစီးနင်းနိုင်မှာဖြစ်ကာ ကားရဲ့ အလျားက ၁၃ ပေနဲ့ ၉ လက်မကို သုံးစိတ်စွန်းမှာ ဖြစ်ပါတယ်။ မျက်နှာစာအကျယ် အပိုင်းမှာ ၆ ပေနဲ့ လက်မဝက်ရှိမှာ ဖြစ်ပြီးတော့ ကားရဲ့ အမြင့်က တော့ ၄ ပေနဲ့ ၅ လက်မ ကွက်တိဖြစ်မှာပါ။ Ground Clearance အပိုင်းမှာတော့ City သီးသန့်လောက်ပဲစီးနိုင်မှာ ဖြစ်ပြီးတော့ ၄ လက်မဝန်းကျင်လောက် ရှိမှာပါ။ ကားရဲ့ အတွင်းခန်းတွေက ရှေ့ဘက်ခန်းမှာ ၅၃ လက်မကျော်ကျော် နဲ့ နောက်ဘက်ခန်းမှာ ၄၇ လက်မခွဲရှိမှာဖြစ်ပြီး ကားတစ်စီးလုံးကတော့ ပေါင် ၃၃၀၀ ကို စွန်းတယ်ဆို ရုံလေးပါပဲ။

Engine

အင်ဂျင်အပိုင်းကို ကြည့်မယ်ဆိုရင် ၂.၅ လီတာသုံးပုံမှန်ငါးလုံးထိုး အင်ဂျင်တပ်ဆင်ထားတာကြောင့် နည်းနည်းတော့ ဆန်းနေစေပါတယ်။ လေးလုံး ထိုးအင်ဂျင်အတွက်ဆိုရင်တော့ ၂.၅ လီတာ
သုံးက အကြီးဆုံးဖြစ်ပေမယ့် ငါးလုံးထိုးအတွက်ကတော့ အနေတော်လောက်ပါပဲ။ ဒါပေမဲ့ တစ်ခုရှိတာက V Series အင်ဂျင်ကို တပ်ဆင်ထား တာမဟုတ်လို့ TT RS က လူငယ်တွေ ကြိုက်နှစ် သက်လောက်အောင် အင်ဂျင်သံ ကောင်းပါ့မလားဆိုတာပါပဲ။ ဒါပေမဲ့ အသံထွက်ကို မကြိုက်ဘူး ဆိုရင်တော့ Turbo Pipe ကို ဝယ်ထည့်လိုက်ရင် အသံကောင်းသွားပါ လိမ့်မယ်။ ဒီနေရာမှာ အင်ဂျင်ရဲ့ ရုန်းအားက ၃၄၃ ပေ-ပေါင်ရှိပြီးတော့ စွမ်းအင်ထွက်ရှိမှုက မြင်းကောင်ရေ ၃၆၀ အားဖြစ်တာကြောင့် ပြိုက်ဘက်မော်ဒယ်တွေ ထက်သာလွန်တဲ့ စွမ်းဆောင်ရည်ကို တွေ့နိုင် ပါတယ်။ နောက်ပြီးတော့ အင်ဂျင်ရဲ့ လည်ပတ်အားက အမြင့်ဆုံးအနေနဲ့တောင်မှ တစ်မိနစ်ကို အပတ်ရေ ၅၅၀၀ ပဲ လည်ပတ်မှာ ဖြစ်လို့ဆီစားနှုန်းကို လျော့နည်းစေနိုင် မှာ ဖြစ်ပါတယ်။

Fuel

Audi က TT RS ကို မြန်နှုန်းမြင့်မောင်းနှင်နိုင်တဲ့ Coupe ဖြစ်အောင် ဖန်တီးထားတာ ဖြစ်လို့ Drive စနစ်မှာလည်း ဘီးစုံယက်စနစ်နဲ့ ထုတ်လုပ်ထားတာ တွေ့ရ ပါတယ်။ Transmission ပိုင်းမှာ လူငယ်တွေ ကြိုက်နှစ်သက်မယ့် Manual စနစ်နဲ့  တည်ဆောက် ထားပြီးတော့ ဒီစနစ်ရဲ့ အားသာချက်က မောင်းတတ်ရင် မောင်းတတ်သလို စိတ်ကြိုက်အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင် မှာ ဖြစ်ပါတယ်။ ဂီယာချက် အပိုင်းမှာက စုစုပေါင်း ၆ ချက်ထိအောင်ပဲ ဖြစ်တာကြောင့် ၇ ချက်လောက်ဆိုရင် ပိုပြီးသင့်တော်မယ် ထင်ပါတယ်။ ဒီတော့ Fuel အတွက် ပြန်ထောက်ကြည့်ရင် လည်ပတ်အားနည်းတယ်၊ အင်ဂျင်သေးတယ်၊ Manual စနစ် ဖြစ်တယ်၊ သုံးချက်ကတော့ ကောင်းပါပြီ၊ တစ်ဖက်က ဘီးစုံယက်စနစ် ဖြစ်တယ်၊ ဂီယာချက်နည်းတယ်၊ ဒါဆိုရင် ဆီစားနှုန်းက သင့်တင့်မယ့် အနေအထားပါ၊ ဟုတ်ပါတယ်၊ TT RS က ဆီတစ်ဂါလံကို ပျမ်းမျှ မိုင်၂၀ စီးနင်းနိုင်မှာဖြစ်ပြီးတော့ City အတွက်ဆိုရင် ၁၈ မိုင်နဲ့ Highway အတွက်ဆိုရင် ၂၅ မိုင် ထိအောင် ရမှာ ဖြစ်ပါတယ်။

Others

TT RS ရဲ့ Turning Circle က ၃၆ ပေပဲ ဖြစ်တာကြောင့် ပြိုင်ဘက် မော်ဒယ်တွေထက် အားနည်းချက်တစ်ချက် ထပ်တွေ့ ရပါတယ်။ ဒါပေမဲ့ အာမခံ အပိုင်းမှာ ၄ နှစ်၊ မိုင် ၅၀၀၀၀ ထိအောင် ပေးထားတဲ့ တစ်ချက်က ပြိုင်ဘက်တွေထက် ပြန်ပြီးတော့ အားသာသွားစေပြန်ပါတယ်။ အားနည်းချက်အပိုင်းမှာ ထိုင်ခုံပိုင်းကို ထည့်သွင်း ပြောခဲ့ပေမယ့် ထိုင်ခုံဒီဇိုင်းပိုင်းကြောင့်သာ အားနည်းတာ ဖြစ်ပြီးတော့ အနေအထားအပိုင်းမှာတော့ ပုံစံ ၆ မျိုးထိအောင် ပြင်ဆင်ပြောင်းလဲ သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် နောက်ဘက်ထိုင်ခုံ တန်းက ခေါက်ထားချင်တယ် ဆိုရင် ခေါက်ထားလို့ ရနိုင်ပါသေးတယ်။ တပ်ဆင်ထားတဲ့ ဘီးတွေရဲ့အရွယ်အစားက ၁၉ လက်မရှိမှာ ဖြစ်ပြီးတော့ Alloy သားတွေ နဲ့လာမှာပါ။ ဘရိတ်စနစ်မှာလည်း လေးဘီးချုပ် ABS စနစ်ကို တပ်ဆင်ထားပြီးတော့ အသက်ကယ်လေအိတ်စနစ်  ၆ မျိုးထိအောင် ထည့်သွင်းထားတာ တွေ့ ရပါတယ်။

Ref: www.edmunds.com