သုံးလအတွင်း အွန်လိုင်းမှ Apple Watch ၃ သန်းခန့် ရောင်းချခဲ့ရ

11705174_10153062716752825_3886109194722936986_n.jpg

အမေရိကန်တွင် Apple Watch စမတ်နာရီကို အွန်လိုင်းမှ ရောင်းချမှုနှုန်းသည် စတင်မိတ်ဆက်သည့်နေ့မှ သုံးလအတွင်း စုစုပေါင်း ၃,၀၃၉,၃၅၃ လုံးရှိခဲ့ကြောင်း ဈေးကွက်သုတေသနအဖွဲ့ Slice Intelligence မှ အချက်အလက်များအရ သိရသည်။

အဆိုပါ စမတ်နာရီများအနက် ပျှမ်းမျှတန်ဖိုး ၃၈၁ ဒေါ်လာဖြစ်သော entry-level Apple Watch Sport သည် နာမည်အကျော်ကြားဆုံး အမျိုးအစား ဖြစ်ပြီး စုစုပေါင်း ၁,၉၅၀,၉၀၉ လုံး ရောင်းချခဲ့ရသည်။ ပျှမ်းမျှတန်ဖိုး ၆၉၅ ဒေါ်လာတန် Stainless steel Apple Watch ရောင်းချမှု စုစုပေါင်းမှာ ၁,၀၈၆,၅၆၉ လုံးဖြစ်သည်။

Apple သည် ပျှမ်းမျှတန်ဖိုး ဒေါ်လာ ၁၃,၇၀၀ တန် Apple Watch Edition ကိုမူ ၁,၈၇၅ လုံး ရောင်းချခဲ့ရကြောင်း Slice Intelligence မှ ဖော်ပြခဲ့သည်။ ဒေါ်လာ ၁၀,၀၀၀ မှ ၁၇,၀၀၀ အကြားရှိ ရွှေ ၁၈ ကာရက် Apple Watch အမျိုးအစားများကို Beyonce, Drake, Kanye West, Katy Perry နှင့် Pharrell Williams စသော နာမည်ကျော်ကြားသူများက ဝတ်ဆင်ကြကြောင်း သိရသည်။

Slice Intelligence ၏ အချက်အလက်များတွင် သြစတြေးလျ၊ ကနေဒါ၊ တရုတ်၊ ပြင်သစ်၊ ဂျာမနီ၊ ဟောင်ကောင်၊ အီတလီ၊ ဂျပန်၊ မက္ကဆီကို၊ စင်ကာပူ၊ တောင်ကိုရီးယား၊ စပိန်၊ ဆွစ်ဇာလန်၊ ထိုင်ဝမ်နှင့် ယူကေတို့၌ ရောင်းချသည့် Apple Watch အရေအတွက်များ ပါဝင်ခြင်း မရှိပေ။

Ref: MacRumors