Toyota ၏ ဟိုက်ဒရိုဂျင်သုံး Mirai sedan ကားကို လာမည့်နှစ်တွင် ရောင်းချမည်

10458628_10152522224782825_1226134997304043986_n.jpg

Toyota ကားကုမ္ပဏီသည် ဟိုက်ဒရိုဂျင်ဓာတ်ငွေ့အသုံးပြု၍ မောင်းနှင်ရသော Mirai sedan ကားကို ၂၀၁၅ ခုနှစ်တွင် ဒေါ်လာ ၅၇,၅၀၀ ဖြင့် ရောင်းချသွားမည် ဖြစ်ကြောင်း ပြီးခဲ့သည့် ရက်အနည်းငယ်ခန့်က လော့အိန်ဂျလိစ် ကားပြပွဲတွင် ထုတ်ပြန်ကြေညာခဲ့သည်။

ထို့အပြင် တံခါးလေးပေါက် ပါဝင်သည့် Mirai sedan ကားများကို အမေရိကန်တွင် ထုတ်လုပ်သည့်အခါ အစိုးရ၏ အားပေးမှုကြောင့် ၎င်းကားများအား ဒေါ်လာ ၄၅,၀၀၀ အောက်ဖြင့် ရောင်းချနိုင်မည် ဖြစ်ကြောင်း Toyota မှ ဆိုခဲ့သည်။ ၎င်းကားနောက်ကွယ်ရှိ နည်းပညာမှာ ကားအတွင်းရှိ fuel cell သည် ငါးမိနစ်အတွင်း ပြန်လည် အားဖြည့်တင်းနိုင်ပြီး မိုင် ၃၀၀ ခန့် မောင်းနှင်နိုင်ရန် ထောက်ပံ့ပေးထားသည်။ အဆိုပါ နှုန်းထားသည် စွမ်းဆောင်ရည် အမြင့်ဆုံး မဟုတ်သော်လည်း လျှပ်စစ်စွမ်းအင်သုံး ကားများထက် သမားရိုးကျ ကားများကဲ့သို့ မောင်းနှင်နိုင်မည် ဖြစ်သည်။ သို့ရာတွင် ဟိုက်ဒရိုဂျင်ကားများသည် သာမန် လျှပ်စစ်ကားများထက် အားပြန်လည်ဖြည့်တင်းနိုင်မည့် နေရာနည်းပါးနေဦးမည် ဖြစ်သည်။ ထို့ကြောင့် ၎င်း Mirai ကားများသည် ဟိုက်ဒရိုဂျင်စွမ်းအင် ဖြည့်တင်းပေးမည့် အခြေခံအဆာက်အအုံများ ဆောက်လုပ်နေသော ကယ်လီဖိုးနီးယားပြည်နယ်၌သာ ကနဦး အသုံးပြုနိုင်မည် ဖြစ်သည်။ Toyota ကုမ္ပဏီသည် ၂၀၁၅ ခုနှစ်အကုန်တွင် ဟိုက်ဒရိုဂျင် ဓာတ်ငွေ့ရုံ ၂၀ ခန့် ဖွင့်လှစ်သွားမည် ဖြစ်ပြီး ၂၀၁၆ ခုနှစ်တွင် ဟိုက်ဒရိုဂျင် ဓာတ်ငွေ့ရုံ ၂၈ ခု ထပ်မံ ဖွင့်လှစ်သွားမည်ဟု ထုတ်ပြန်ခဲ့သည်။

၂၀၁၅ ခုနှစ်နှောင်းပိုင်းတွင် နယူးယောက်၊ နယူးဂျာစီ၊ မက်ဆာချူးဆက်၊ ကွန်နက်တီကပ်နှင့် ရုဒ့်ကျွန်းစသည့် ပြည်နယ်ငါးခုတွင် ဟိုက်ဒရိုဂျင်ဓာတ်ငွေ့ရုံ ၁၂ခု တည်ဆောက်သွားမည့်အပြင် ၂၀၁၆ ခုနှစ်တွင်လည်း အရှေ့ဘက်ကမ်းရိုးတန်း၌ ဟိုက်ဒရိုဂျင်ဓာတ်ငွေ့ရုံများ စတင်တည်သွားမည်ဟု ပြောကြားသွားခဲ့သည်။

Ref: TheVerge