Cyberbullying အပေါ် သူတို့အမြင်

bully.jpg

ကိုကမ္ဘာ့ဖျာ (Facebook သုံးစွဲသူ)

မြန်မာ Facebook  ကွန်မြူနတီမှာတော့ သဘောထားမတိုက်ဆိုင်သူတွေ အချင်းချင်း Bully လုပ်လာကြတာ ခပ်စိပ်စိပ်မြင် လာရတယ်။ ဒါဟာ ကောင်းတဲ့လက္ခဏာ မဟုတ်ဘူးလို့ မြင်ပါတယ် ခင်ဗျ။ အကြောင်းအရင်းကတော့ အစွန်းရောက်လွန်းတဲ့ အမြင်အတွေး၊ အယူအဆတွေကို သိပ်ဇောင်း ပေးလာကြတာကြောင့်လို့ ထင်ပါတယ်။ လူငယ် တစ်ဦးအနေနဲ့ ပြောရရင် အဖွဲ့အစည်းအလိုက်၊ လူပုဂ္ဂိုလ်အလိုက် Cyberbullying လုပ်ကြတာမျိုးကို မရှိစေချင်၊ မဖြစ်စေချင်တာကတော့ အသေအချာပါပဲ။ အဆိုးဆုံးကတော့ ဘာသာရေး၊ လူမျိုးအခြေခံတဲ့ Bully လုပ်မှုတွေပေါ့ဗျာ။ ဒါပေမယ့် ဒါတွေဟာ တစ်ဦးချင်း တစ်ယောက်ချင်းရဲ့ အယူအဆ၊ အတွေးအခေါ်၊ အသိဉာဏ်နဲ့ သက်ဆိုင်နေတော့ကာ ချက်ချင်းထိန်းချုပ်နိုင်ဖို့ မမြင်နိုင်သေးပါဘူး။ တစ်ဦးချင်းရဲ့ အသိတရားရေချိန် တိုးမြင့်လာရင်တော့ အထိုက်အလျှောက် ထိန်းလာနိုင်မယ်လို့ ယုံကြည်ပါတယ်။ လူတစ်ယောက်က သူရေးလိုက်တဲ့ ကွန်မန့်ဟာ Cyberbullying ဖြစ်၊ မဖြစ်ဆိုတာနဲ့ ပတ်သက်ရင် အထက်က ကျွန်တော်ပြောသလို တစ်ဦးရဲ့ အသိဉာဏ် ရေချိန်ပေါ်ကိုပဲ ပြန်ညွှန်းရတော့မှာပါ။ အခု ဒီလို အခြေအနေမျိုးကို ပန်းစကားလို ကမ်ပိန်းတွေနဲ့ ထိန်းသိမ်းဖို့ လုပ်နေကြတာ မြင်နိုင်မှာပါ။ Facebook လို နေရာမျိုးမှာ ဒီလို အမူအကျင့် တွေကို လူမှုပတ်ဝန်း ကျင်တစ်ခုလုံးအနေနဲ့ လက်မခံဘဲ ဝိုင်းဝန်းရှုံ့ချရင်ဖြင့် တဖြည်းဖြည်း ပပျောက်သွားလိမ့်မယ်လို့ ကျွန်တော့်အနေနဲ့ ထင်မြင် ယူဆမိပါတယ်။

ကိုဝင်းလွင်မိုး

Web Developer

အရင်ဆုံးအနေနဲ့ Cyberbullying လုပ်တဲ့ပုံစံ တစ်ချို့ကို ပြောရရင် အီးမေးလ် ဒါမှမဟုတ် Facebook ကနေ ခြိမ်းခြောက်စာ ပို့တာ၊ Social Network တွေမှာ တခြားလူဓာတ်ပုံသုံးပြီး အယောင်ဆောင်တာ၊ မဟုတ်မမှန်တဲ့ သတင်းအတုတွေ ဖန်တီးတာ၊ မလိုအပ်တဲ့စာတွေ အဆက်မပြတ်ပို့တာ၊ တခြားသူတစ်ယောက်ရဲ့ အကောင့်ကိုသုံးပြီး စာအတုအယောင်တွေတင်တာ၊ လူတစ်ယောက်ကို အရှက်ကွဲစေလိုတဲ့ ဆန္ဒနဲ့ သူ့ရဲ့ ဓာတ်ပုံတွေကို  ဖြန့်ဝေတာ၊ အွန်လိုင်းမှာ လူတစ်ဦးကို ဖြစ်ဖြစ်၊ လူတစ်စုကိုဖြစ်ဖြစ် ကျဉ်ဖယ်ထားတာ စသဖြင့်ပေါ့။ Cyberbullying လုပ်တဲ့သူ အများစုက အွန်လိုင်းမှာ ကိုယ်ဘယ်သူ လဲဆိုတာ မသိလောက်ဘူးထင်ပြီး လုပ်ကြတယ်လို့ မြင်ပါတယ်။ သူစိမ်းတစ်ယောက်နဲ့ အပြင်မှာ မျက်နှာချင်းဆိုင်တွေ့ပြီး ပြောဆိုရင် ပြောကြမယ် မထင်ဘူး။ အဲဒီတော့ တစ် ယောက်နဲ့တစ်ယောက် မမြင်ဘူး၊ မတွေ့ဘူးကြပေမယ့် အပြန်အလှန် လေးစားမှုနဲ့  ဆက်ဆံကြမယ်ဆိုရင် Cyberbullying ဆိုတာ ဖြစ်မလာနိုင်ဘူး။ တကယ်လို့ အထက်ကအချက်တွေကို  ကိုယ်တိုင်ကြုံတွေ့ခဲ့လိုရှိရင် အနိုင်ကျင့်လာသူကို  Block လုပ်ပါ။ သူတို့ လိုချင်တာ တစ်ဖက်သူရဲ့ တုံ့ပြန်မှုပါ။ စာလုံးဝ မပြန်ပါနဲ့။ သက်သေအနေနဲ့ Screen record လုပ်ပြီး မှတ်တမ်းယူထားပါ။ ရဲကို အကြောင်းကြားပါ။ Social network ကိုလည်း တိုင်ကြားပါ။ ကိုယ့်ရဲ့ လုံခြံမှုမှတ်တမ်း Privacy  Settings  တွေကို စစ်ဆေးပါ။ Facebook မှာဆိုရင် ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ၊ ဓာတ်ပုံတွေကို ကိုယ်နဲ့ ခင်တဲ့သူတွေပဲ ကြည့်လို့ရအောင် လုပ်ထားပါ။ Public Setting, Friend  Only Setting စတာတွေက စိတ်မချရပါဘူး။ အရေးကြီးတာကတော့ တစ်ယောက်တည်းကြိတ်ပြီး မဖြေရှင်းပါနဲ့။ ယုံကြည်ရတဲ့ သူငယ်ချင်းမိတ်ဆွေတွေကို တိုင်ပင်ပါ။ သက်ဆိုင်ရာက အနိုင်ကျင့်လာသူကို ဖော်ထုတ်အရေးယူနိုင်တဲ့ နည်းတွေ အများကြီး ရှိပါတယ်။ ကျွန်တော်တို့ဆီမှာ cyberbullying နဲ့ ပတ်သတ်ပြီး သီးသန့်ဥပဒေမျိုး မရှိသေးပေမယ့် ကျူးလွန်သူကို အရေးယူလို့ရတဲ့ ဆက်သွယ်ရေး ဥပဒေလိုမျိုး အခြား ဥပဒေတွေ ရှိပါတယ်။

မချမ်းမြေ့ခိုင်

အမှုဆောင်အရာရှိချုပ်

Amara Digital Marketing Agency

Bully ဆိုတာ အနိုင်ကျင့် တာပေါ့လေ။ မြန်မာပြည်မှာတော့ ဒီစကားလုံးပြောလိုက်ရင် ပေါ့ပေါ့လေးပဲပြီးသွားတယ်။ အနောက်နိုင်ငံတွေမှာကျတော့ Bully  လုပ်တာကို အရမ်းအလေး ထားတယ်။ အထက်တန်းကျောင်းမှာ ဝလို့၊ ရုပ်မချော လို့ စသဖြင့် အကြောင်းအမျိုးမျိုးကြောင့် အနိုင်ကျင့်ခံရတာကို သူတို့က တစ်သီး တသန့် ဆွေးနွေးတယ်။ လူငယ် အချင်းချင်းလည်း အဖြေ ရှာတယ်။ အင်တာနက်ပေါ်လာတော့ Cyberbully ဆိုတာ ကွန်ရက်ပေါ်က အနိုင်ကျင့်ခြင်းပေါ့။ သူတင်တာ တစ်ခုခုကို  မကြိုက်လို့ မကြိုက်ဘူးပြောတာ၊ မကောင်းဘူး ပြောတာ အနိုင်ကျင့်တာ မဟုတ်သေးဘူး။ ဒါပေမယ့် အဆိုတော်  မင်းသား၊  မင်းသမီးလို ထင်ရှားသူမဟုတ်တဲ့သူ တစ်ယာက်ကို ဗဟိုပြုပြီး ဝိုင်းပြောတာဆိုရင် ဒါအနိုင်ကျင့်တာဖြစ်သွားပြီ။ ကိုယ်နဲ့ သဘောထား မတိုက်ဆိုင်တိုင်း ဝိုင်းအနိုင်ကျင့်တာ ဘာဖြစ်လဲဆိုတော့  ခံရတဲ့သူဘက်မှာ စိတ်အနာတရဖြစ်တာပေါ့။ မြန်မာနိုင်ငံမှာ မရှိသေးပေမယ့် တခြားနိုင်ငံတွေမှာတော့ အရမ်းဆိုးလာတဲ့အခါကျရင် ကိုယ့်ကိုယ်ကို နာကျင်အောင်လုပ်တာ၊ သေကြောင်းကြံအောင် လုပ်တာမျိုးတွေအထိ ဖြစ်တတ်တယ်။ ကိုယ်က လွယ်လွယ်နဲ့ Comment တစ်ကြောင်း ဝင်ပေး လိုက်ပေးလိုက်ပေမယ့် အပြောခံရတဲ့သူဘက်က ဘယ်လိုဖြစ်သွားမလဲဆိုတာ ဝင်မတွေးပေးကြဘူး။ ဒါက တစ်ပိုင်း။ နောက်တစ်ခုက အဲ့လိုမျိုးရှေ့ကလူတွေ အပြောခံထားရတာတွေကို ကြောက်ပြီး ကိုယ်လုပ်ထား တာတွေကို အွန်လိုင်းမှာ ထုတ်မပြရဲတော့တာမျိုး။ ဥပမာ လူတစ်ယောက် သီချင်းဆိုတာ မကောင်းဘူး ဆိုရင် လူတွေက ဝိုင်းရယ်ကြတယ်။ ငါ့ကိုရော ရယ်ကြမလားဆိုပြီး အငုံ့စိတ်ဝင်သွားရင် ဖြစ်လာနိုင်မယ့် ရွက်ပုန်းသီးတွေ ဆုံးရှုံးတာပေါ့။