Audi RS Q3 ဆိုတာက အဆင့်မြှင့်ထားတဲ့ စွမ်းဆောင်ရည်မြင့် SUV

AudiRSQ32015000002-Linnhtet-ausmotivecom-Forarticle-2015June30.jpg

အခု တစ်ပတ်မှာတော့ ကျွန်တော်က ဂျာမနီ အခြေစိုက် မော်တော်ကား ကုမ္ပဏီ Audi ရဲ့ Q3 မော်ဒယ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ တကယ်တော့ Q3 ဆိုတာက အနေတော် အရွယ်အစားရှိတဲ့ SUV ဖြစ်ပြီးတော့ မြို့တွင်း၊ လမ်းကြမ်း အနေအထားတွေကိုပါ အကောင်းဆုံး မောင်းနှင်နိုင်တဲ့ မော်ဒယ် ဖြစ်ပေမယ့် Audi က သူ့ရဲ့ မော်ဒယ်ကို စွမ်းဆောင်ရည် မြင့်စေချင်တာကြောင့် RS Version ထဲ ထည့်သွင်းပြီး ထုတ်လုပ်ဖန်တီးလာတာ တွေ့ရတာပါ။ RS ဆိုတာကတော့ အဆင့်မြင့်မော်ဒယ်တွေကို ထုတ်လုပ်တဲ့အပိုင်း ဖြစ်ပြီးတော့ စွမ်းဆောင်ရည်မြင့် မော်ဒယ်တွေကို သီးသန့်ထုတ်လုပ်တဲ့ အနေအထားလည်း ဖြစ်ပါတယ်။ ဒါကြောင့် မော်ဒယ်ကအရင်က ထွက်ရှိထားတဲ့ Q3 တွေထက် စွမ်းဆောင်ရည်အပိုင်းမှာ သိသိသာသာ ကောင်းမွန်လာတာ တွေ့နိုင်ပြီး တစ်ဆက်တည်းမှာ အသုံးပြု Feature တွေလည်း ကောင်းမွန်လာတာ ဖြစ်ပါတယ်။ ကောင်းပါပြီ၊ ကျွန်တော်တို့အနေနဲ့ မော်ဒယ်ရဲ့အသေးစိတ် အချက်အလက်တွေကို ကြည့်ပြီး အနီးကပ် လေ့လာကြည့်ရအောင်ပါ။

အရင်ဆုံး တပ်ဆင်မှုအပိုင်းကို ကြည့်ရအောင်

ပထမဆုံး မြင်မိတဲ့ တစ်ချက်က Auto စနစ်နဲ့ လုပ်ဆောင်လည်ပတ်မယ့် Start/Stop စနစ်ကို တပ်ဆင်ထားတာ တွေ့ရတယ်။ ဘီးတွေက ၁၈ လက်မအရွယ်ဖြစ်ပြီးတော့ Alloy သားနဲ့လာ
မယ်၊ Audi ရဲ့ ကိုယ်ပိုင် Drive စနစ်ကို အသုံးပြု မောင်းနှင်နိုင်မယ်၊ သူက စွမ်းဆောင်ရည်ထက် ဟန်ချက်ညီမှုကို ဦးစားပေးထားတဲ့ မောင်းနှင်မှု စနစ်ပါ။ Handbrake စနစ်က လျှပ်စစ် အကူစနစ်နဲ့ ဖန်တီးထားတာ ဖြစ်တယ်၊ ဖျော်ဖြေရေးစနစ်က ၆.၅ လက်မအရွယ် Screen ကို ထည့်သွင်းထားတာတွေ့ရပြီး Bluetooth စနစ်လည်း သုံးနိုင်မှာပါ။

နောက်ထပ် ထည့်ချင်တာလေးတွေ ရှိသေးရင်

HDD စနစ်ကို အခြေခံထားတဲ့ Navigation စနစ်ကို သုံးချင်ပါသလား၊ ထည့်ချင်တယ်ဆိုရင် ဒေါ်လာ ၁၈၀၀ လောက်နဲ့ ထည့်လိုက်နိုင်မှာဖြစ်ပြီး အခုအပိုင်းမှာ ပြောတဲ့ ထပ်ထည့်လို့ရတဲ့ စနစ်တွေ အားလုံးက Audi ရဲ့ မူလပစ္စည်းစစ်တွေပါပဲ။ ရှေ့ဘက်ထိုင်ခုံတွေကို လျှပ်စစ်စနစ်နဲ့ လုပ်ဆောင်မယ့် ထိုင်ခုံစနစ်တွေလည်း ရနိုင်ပြီး သူတို့က ဒေါ်လာ ၈၀၀ လောက်ရှိပါတယ်။ အတွင်းပိုင်းမှာ တပ်ဆင်ထားတဲ့ မီးစနစ်ကပုံမှန် မီးအလင်း စနစ်ပဲဖြစ်ပြီးတော့ LED မီးစနစ်နဲ့ လိုချင်ရင်လည်း ရနိုင်တာ တွေ့ရပြီး Sunroof စနစ်ကိုလည်း Panoramic ပုံစံတွေအဖြစ် ပြောင်းလဲ တပ်ဆင် နိုင်မှာလည်း ဖြစ်ပါတယ်။ ပြီးတော့ မှန်စနစ်ကိုပါ အပူပေးနိုင်မယ့် နောက်ထပ်အဆင့်မြင့် မှန်စနစ်လည်း ရနိုင်ပါသေးတယ်။ သူကတော့ မှန်တွေအားလုံးကို လဲရမှာ မဟုတ်ဘဲ အပူပေးစနစ်ကလေးတစ်ခုပဲ ထည့်လိုက်ရမှာဖြစ်ကာ ဒေါ်လာ ၂၀၀ လောက်နဲ့ ရနိုင်ပါတယ်။

မောင်းနှင်နိုင်မှု အပိုင်း

Transmission အပိုင်းမှာတော့ မော်ဒယ်က ဂီယာချက် ၇ ချက်ကို အသုံးပြုမောင်းနှင်နိုင်အောင် ဖန်တီးထားတာ တွေ့ရပြီး Dual Clutch စနစ်နဲ့ လာပါတယ်။ ဒီတစ်ချက်ကတော့ CVT ထက်စာရင် ခရီးဝေးမောင်းနှင်မှုအပိုင်းမှာ အားနည်းကောင်း နည်းနိုင်မှာ ဖြစ်ပေမယ့် အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှု အပိုင်းမှာတော့ ပိုပြီး အားကောင်းသွားပါလိမ့်မယ်။ ဒါကြောင့်လည်း RS Q3 က မောင်းနှင်နိုင်မှု အပိုင်းမှာ စွမ်းဆောင်ရည် ပိုမိုကောင်းမွန်တာ တွေ့နိုင်ပြီးတော့ တစ်နာရီမိုင် ၃၀ နှုန်းကို အချိန် ၁.၉ စက္ကန့်တည်းနဲ့ ရောက်နိုင်မှာလည်း ဖြစ်သလို မိုင် ၆၀ နှုန်းကိုတော့ အချိန် ၅ စက္ကန့််တည်းနဲ့ ရောက်ပါလိမ့်မယ်။ ဒီနှုန်းက အသေးစား SUV တစ်စီးအတွက်တော့ တော်တော်လေး မြန်ဆန်တဲ့ နှုန်းထားဖြစ်ပြီးတော့ အမြန်ဆုံး မောင်းနှင်နိုင်မယ့် နှုန်းဖြစ်တဲ့ တစ်နာရီ မိုင် ၁၄၀ နှုန်းကို အချိန် ၃၂.၁ စက္ကန့်နဲ့ ရောက်ရှိမှာဖြစ်လို့ တစ်မိနစ် မကြာခင်မှာပဲ Top Speed ကို ခံစားရမှာပါ။

ဂီယာချက် အသုံးပြုမှုအပိုင်း

ဒီအပိုင်းကတော့ ကျွန်တော်တို့ ကျွမ်းကျွမ်းကျင်ကျင်နဲ့ အကောင်းဆုံး ပုံစံရအောင် မောင်းနှင်ချင်သူတွေအတွက် လမ်းညွှန်ပေးချင်တဲ့ အပိုင်းလည်း ဖြစ်ပါတယ်နော်။ ဂီယာချက် ၁ ကနေ ၂ ထိအောင် မောင်းနှင်တဲ့ အပိုင်းမှာ တစ်နာရီ မိုင် ၂၀ ကနေ ၄၀ ကြား ကို အချိန် ၁.၉ စက္ကန့်တည်းနဲ့ မောင်းနှင်နိုင်မှာဖြစ်ပြီး ဂီယာချက် ၃ နဲ့ မောင်းချင်တယ်ဆိုရင်တော့ အချိန် ၃.၁ စက္ကန့်နဲ့ ရောက်ပါလိမ့်မယ်။ မိုင် ၃၀ ကနေ ၅၀ ကြားကို တင်ပြီး မောင်းတဲ့အပိုင်းမှာတော့ ဂီယာချက် ၄ နဲ့ ၅ ကိုပါ သုံးပြီး မောင်းနှင်နိုင်မှာဖြစ်ကာ ၂ ကို ၁.၉ စက္ကန့်မှာ ပြောင်းပြီး ၃ ကို ၂.၇
စက္ကန့်နဲ့ ၄ ကို ၃.၉ စက္ကန့်နဲ့ ၅ ကို ၅.၃ စက္ကန့် အချိန်တွေမှာ ပြောင်းလဲအသုံးပြု မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။ အဲဒီလို ပုံမှန်စနစ်ကျကျမောင်းမယ်ဆိုရင်တော့ ၆ ကို ၈.၃ စက္ကန်နဲ့ ဂီယာချက် ၇ ကိုတော့ အချိန် ၁၁.၂ စက္ကန့်လောက်မှာ ပြောင်းမောင်းမယ်ဆိုရင် စနစ်အကျဆုံး ဖြစ်ပါလိမ့်မယ်။ ဒါဟာ Top Speed ကို အမြန်ဆုံးရအောင်မြှင့်တင်မောင်းနှင်တဲ့ ပုံစံမဟုတ်ဘဲ စနစ်ကျကျ မောင်းနှင်ဖို့အတွက် ဖြစ်ပါတယ်။

အင်ဂျင်ပိုင်း

ရှေ့ဘက် အင်ဂျင်အထိုင်စနစ်နဲ့ ထုတ်လုပ်ထားတဲ့ မော်ဒယ်ဖြစ်ပြီးတော့ ၂.၅ လီတာသုံး ငါးလုံးထိုး အင်ဂျင်ဖြစ်နေတာတစ်ချက်က ထူးခြားနေပါတယ်။ လေးလုံးထိုးအဖြစ်နဲ့ဆိုလည်း ရနိုင်သလို V6 အနေနဲ့ဆိုရင်လည်း အင်ဂျင်သံ တည်ငြိမ်လာမှာ ဖြစ်ပေမယ့် ငါးလုံးထိုး အင်ဂျင် စနစ်အနေနဲ့ ထုတ်လုပ်ထားတာ တွေ့ရပါတယ်။ အလူမီနီယမ်ကို ဦးစားပေး တည်ဆောက်ထားတဲ့ အင်ဂျင်တုံးဖြစ်ပြီးတော့ အင်ဂျင်ရဲ့အမြင့်ဆုံး လည်ပတ်နိုင်မယ့် နှုန်းက တစ်မိနစ်ကို အပတ်ရေ ၇၀၀၀ ထိအောင် ဖြစ်ပါတယ်။ အင်ဂျင်က ရုန်းအား အပိုင်းမှာ ၃၁၀ ပေါင်-ပေရှိမှာ ဖြစ်ပြီးတော့ စွမ်းအင်ထွက်ရှိမှု အပိုင်းမှာတော့ မြင်းကောင်ရေ ၃၀၆ ကောင်အားရှိမှာဖြစ်လို့ ရုန်းအား ပိုများနေတာတွေ့နိုင်သလို တောင်တက်လမ်းတွေအတွက်လည်း အဆင်ပြေစေနိုင်ပါတယ်နော်။ အလေးချိန်နဲ့စွမ်းအင် အချိုးကတော့ ကားရဲ့ အလေးချိန်တစ်တန်အတွက် မြင်းကောင် ရေ ၁၈၅ ကောင်အားဖြစ်ပါတယ်နော်။

မြင်မိတာလေးကို ပြောရရင်…

ဒီဇိုင်းပိုင်းကတော့ ပြိုင်ဘက်လို့ ဆိုနိုင်မယ့် BMW X3 တို့လို မော်ဒယ်တွေထက် အနည်းငယ် အားနည်းမှာ  ဖြစ်ပေမယ့် ဈေးနှုန်းအပိုင်းမှာတော့ သိပ်မကွာလှတာ တစ်ချက်က RS Q3 ကို လူကြိုက် ဒီလောက်များစေနိုင်ပါ့မလား စဉ်းစားစရာပါ။ ဒါပေမဲ့ ဆီစားနှုန်းက ဆီတစ်ဂါလံကို ပျမ်းမျှ ၂၇ မိုင်လောက်ထိအောင် စီးနင်းနိုင်မယ် ဆိုတဲ့ တစ်ချက်က ၂.၅ လီတာသုံး အင်ဂျင်တပ် စွမ်းဆောင်ရည်မြင့် မော်ဒယ်တစ်ခုအတွက် မဆိုးလှပါဘူး။ ဒါကြောင့် ရွေးချယ်မယ်ဆိုရင်လည်း Audi ရဲ့ အရည်အသွေးပိုင်း စိတ်ချရမှုတွေ အရပါ ကောင်းမယ်လို့ ဆိုရမယ့် အနေအထားပါ။ ပြီးတော့ Suspension စနစ်က ရှေ့ဘက်ရော နောက်ဘက် အထိုင်တွေပါ တော်တော်လေးကို အားကောင်းနေတာက လမ်းကြမ်းပိုင်းစွမ်းဆောင်ရည်မှာပါ သုံးနိုင်မယ့် မော်ဒယ်တစ်ခု ဖြစ် တာကြောင့် ပြိုင်ဘက်တွေထက် အားနည်းမှု မရှိတဲ့ မော်ဒယ်တစ်ခုလို့ပဲ ဆိုလိုက်ပါရစေ။

Ref: www.edmunds.com