YTalk ဝန်ဆောင်မှု ပြန်လည် စတင်မည်

11707773_10205108955343375_7037459323409126513_o.jpg

YTalk ဝန်ဆောင်မှု ပြန်လည် စတင်တော့မည်ဖြစ်ကြောင်း VMG ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ မစမိုင်းလ်က ပြောသည်။ ယခုလမှ စတင်ကာ Ytalk ကတ်များကို ပြန်လည် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

“ဘာဖြစ်လို့ ပြန်ပြီးတော့ Launch လုပ်ရတာလည်းဆိုတော့ အရင်တုန်းကဆိုရင် ရတနာပုံနဲ့ပူးပေါင်း ထားတာဖြစ်တယ်။ ရတနာပုံက ကျွန်မတို့ကို စာချုပ်ဖျက်ပြီး ကတည်းက ကိုယ်ပိုင်လိုင်စင်ရအောင် ကြိုးစားခဲ့တယ်။ ကိုယ်ပိုင်လိုင်စင်ရတဲ့အခါ ကျွန်မတို့ အရင်တုန်းက လုပ်ထားတဲ့ Ytalk ကတ်ပြားလေးကို ပြန်ပြီးတော့ ကိုယ်ပိုင် အစအဆုံး ပြန်ပြီးလုပ်မယ်ဆိုတဲ့ အစီအစဉ်နဲ့ ပြန်ပြီးတော့ လုပ်တာဖြစ်တဲ့အတွက် Ytalk ကို တစ်ဖန်ပြန်ပြီးတော့ မွေးဖွားလာတာဖြစ်တယ်” ဟု မစမိုင်းလ်က ပြောသည်။

Ytalk ကတ်မှာ နိုင်ငံတကာသို့ ခေါ်ဆိုသောကတ်များဖြစ်ပြီး အင်တာနက်မလိုဘဲလည်း ခေါ်ဆိုနိုင်ကြောင်း သိရသည်။ ဈေးနှုန်းများကိုလည်း ပိုမိုသက်သာအောင် စီစဉ်သွားမည်ဖြစ်ကြောင်း ဆိုသည်။

“အရင်တုန်းက Ytalk ကတ်ပြားတွေမှာ အခက်အခဲများစွာ ရှိခဲ့ပါတယ်။ ကိုယ်စားလှယ်တွေဆိုရင်လည်း ခက်ခဲတယ်၊ တကယ်လို့ ရောင်းရလို့ ကုန်သွားခဲ့ ရင်တောင်မှပဲ ကတ်ပြားအသစ် ထုတ်ဖို့အတွက်ကို ခက်ခဲစွာနဲ့ တောင်းဆိုရတယ်။ Sever တစ်ခု ဒေါင်းသွားလို့ နံပါတ်ကို ဆက်လို့မရတဲ့အချိန်မှာ Customer Complain လာခဲ့လို့ရှိရင် ကျွန်မတို့မှာ ကိုယ်တိုင်ဖြေရှင်းနိုင်ခွင့် မရှိပါဘူး။ ကျွန်မတို့က တစ်ဖက်ကို တင်ပြရတယ်။ ဟိုဖက်ကနေ အဆင့်ဆင့်တင်ပြပြီးတဲ့ အချိန်မှာမှ ကျွန်မတို့က ပြင်ခွင့်ရတယ်။ ခုဆိုရင် ကျွန်မတို့ ကိုယ်ပိုင် ISP လိုင်စင်ရသွားပြီ။ Ytalk ကို ဆထက်တပိုး တိုးပြီးတော့ကို ဆောင်ရွက်နေတယ်။ တစ်ခုခုဖြစ်ခဲ့ရင်၊ Customer Complain လာလို့ရှိရင် စာတင်စရာမလိုတော့ဘူး။ ကျွန်မတို့ကိုယ်တိုင် ဖြေရှင်းလို့ရတယ်” ဟု ဆက်လက်ပြောကြားသည်။

ယခင် Ytalk ငွေဖြည့်ကတ် ဝယ်ယူထားပြီးသူများအတွက် ကုန်ဆုံးရက်ရှိမည်မဟုတ်ဘဲ လက်ကျန်အတိုင်း ပြန်လည်သုံးစွဲနိုင်မည်ဖြစ်ကြောင်း သိရသည်။