Telenor Youth Forum အတွက် မြန်မာနိုင်ငံကိုယ်စားပြု ၂ ဦး ခေါ်ယူ

11732042_1008903242476452_7476201398579137174_o.jpg

နော်ဝေနိုင်ငံ အော်စလိုမြို့တွင် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလအတွင်း ကျင်းပပြုလုပ်မည့် တတိယအကြိမ်မြောက် Telenor Youth Forum အတွက် လျှောက်လွှာများ စတင်ခေါ်ယူကြောင်း Telenor Myanmar မှ ကြေညာထားသည်။

Telenor တည်ရှိရာ နိုင်ငံပေါင်း ၁၃ နိုင်ငံမှ လူငယ်ခေါင်းဆောင်များအား စုဝေး၍ လူငယ်များနှင့် ဒီဂျစ်တယ်ခေတ် မျိုးဆက်သစ်များကို အထောက်အကူပြုပေးသော ကဏ္ဍတစ်ခုဖြစ်စေရန် Youth Form ကို ကျင်းပခြင်းဖြစ်သည်ဟု သိရသည်။

ပါဝင်ယှဉ်ပြိုင်လိုသူများသည် ဆန်းသစ်သော အတွေးအမြင်များနှင့် ခိုင်မာသော ဆုံးဖြတ်ချက်ရှိရန် လိုအပ်ပြီး အသက် ၂၈ နှစ်ထက် မကျော်သူများ ဖြစ်ရမည်ဟု သိရသည်။ အင်္ဂလိပ်စာ နားလည်တတ်ကျွမ်းခြင်းနှင့် ဒစ်ဂျစ်တယ် ဆက်သွယ်ရေး၏ လူထုအပေါ်သက်ရောက်မှုများကို သိရှိနားလည်ထားရန် လိုအပ်သည်ဟု Telenor က ကြေညာထားသည်။

စိတ်ပါဝင်စားသော လျှောက်လွှာရှင်များသည် စက်တင်ဘာလ ၃၀ ရက် မတိုင်မီ http://www.telenor.com/youthforum တွင် ဝင်ရောက်လျှောက် ထားနိုင်ကြောင်း၊ နောက်ဆုံးရွေးချယ်ခံရသူ နှစ်ဦးကိုမူ လူမှုအဖွဲ့အစည်း၊ ပညာရေးနယ်ပယ်များမှ တာဝန်ရှိသူများနှင့် တယ်လီနော၏ အကြီး အကဲများမှ နိုင်ငံတကာ စည်းမျဉ်းစည်ကမ်းများနှင့်အညီ ရွေးချယ်ပေးသွားမည်ဟု သိရသည်။

“ဒီနိုင်ငံက အရည်အချင်းရှိတဲ့ လူတော်လေးတွေကို တခြား Nordics နိုင်ငံတွေ၊ ဥရောပနဲ့ အာရှနိုင်ငံတွေက လူငယ်လေးတွေနဲ့ တွေ့ဆုံခွင့်၊ အသိပညာ နှီးနှော ဖလှယ်ခွင့်တွေကို ဖန်တီးပေးချင်တာပါ” ဟု Telenor ၏ CEO ဖြစ်သူက ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် Youth Forum ကို ဒုတိယအကြိမ်မြောက် တက်ရောက်ခွင့်ရရှိခြင်းဖြစ်ပြီး နိုင်ငံပေါင်းစုံမှ လူငယ်များနှင့် တွေ့ဆုံ၍ အပြန်အလှန် ဆွေးနွေး ဖလှယ်ခြင်းများ ပြုလုပ်နိုင်မည်ဟု သိရသည်။