(၁၅) ကြိမ်မြောက် မိုးရာသီ Digital Camera နှင့် အပိုပစ္စည်း ဈေးရောင်းပွဲတော် ကျင်းပမည်

Canon-G-7X.jpg

မြန်မာနိုင်ငံဓာတ်ပုံအသင်းမှ နှစ်စဉ်ကျင်းပလျက်ရှိသည့် မိုးရာသီ Digital Camera နှင့် အပိုပစ္စည်း ဈေးရောင်းပွဲတော်ကို (၁၅) ကြိမ်မြောက်အဖြစ် ဇူလိုင် ၁၈ ရက်မှ ၂၀ ရက်အထိ မြန်မာနိုင်ငံ ဓာတ်ပုံအသင်းတိုက်၌ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ မြန်မာနိုင်ငံဓာတ်ပုံအသင်းကနေပြီး ဒီမိုးရာသီ Digital Camera နှင့် အပိုပစ္စည်း ဈေးရောင်းပွဲတော်ကို ကျင်းပလာတာ အခုအကြိမ်ဆိုရင် (၁၅) ကြိမ်မြောက် ရှိပါပြီ။ ဈေးရောင်းပွဲကို ဇူလိုင် ၁၈ ကနေ ၂၀ ရက်နေ့အထိ ရောင်းချပေးမှာဖြစ်ပြီး ပြုလုပ်မဲ့နေရာကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံ ဓာတ်ပုံ အသင်းတိုက်မှာပဲ ကျင်းပမှာဖြစ်ပါတယ်။ ဒီပွဲမှာ Canon, Nikon, Sony, Panasonic နဲ့ Fujifilm အစရှိတဲ့ ကင်မရာ ကုမ္ပဏီကြီးတွေအပြင် ပြင်ပကင်မရာ အရောင်းဆိုင်များအနေနဲ့လည်း အရောင်းပြခန်းများ ဖွင့်လှစ်ရောင်းချနိုင်အောင် စီစဉ်ပေးထားပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံဓာတ်ပုံအသင်းမှာ သင်တန်းတက်နေတဲ့ သင်တန်းသူ၊ သင်တန်းသားများအနေနဲ့လည်း မိမိတို့အတွက် အသုံးမလိုဘဲ ပိုလျှံနေတဲ့ ကင်မရာနဲ့ အပိုပစ္စည်းများကို ဈေးနှုန်း မှန်မှန်ကန်ကန်နဲ့ ရောင်းချနိုင်မှာ ဖြစ်ပါတယ်။ ရောင်းချလိုတဲ့ သင်တန်းသားများအနေနဲ့ မိမိရောင်းချလိုသည့် ပစ္စည်းများကို ၁၇ ရက်နေ့နောက်ဆုံးထားပြီး အသင်းတိုက်ကို လာရောက်အပ်နှံပေးရမှာပါ ” ဟု မြန်မာနိုင်ငံဓာတ်ပုံအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။

အဆိုပါပွဲနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံဓာတ်ပုံအသင်း၊ အမှတ် (၂၇/၂၉) ပထမထပ်၊ ၃၅ လမ်း (အောက်)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း-၀၁ ၃၇၃၁၆၇ သို့ ဆက်သွယ် မေးမြန်းနိုင်မည် ဖြစ်သည်။