
ပစ္စတိုသေနတ်နှင့် အလွန်ဆင်တူသော iPhone case သည် တကယ့်လက်နက် အနေဖြင့် အလွယ်တကူ မှားယွင်းယူဆနိုင်သည့်အတွက် ဝယ်ယူအသုံးပြုခြင်း မပြုရန် အမေရိကန် ရဲတပ်ဖွဲ့များက သတိပေး အကြံပြုခဲ့သည်။
အမေရိကန်ရှိ ရဲတပ်ဖွဲ့အချို့သည့် အထက်ပါ iPhone case ကြောင့် မရေရာ မသေချာသော သံသယဝင်မှုများ ဖြစ်ပွားလာနိုင်ကြောင်း ပြီးခဲ့သည့် ရက်သတ္တပတ်များက သတိပေးမှုများ ပြုလုပ်ခဲ့သည်။
အနက်ရောင်၊ အဖြူရောင်နှင့် ပန်းရောင်ဖြင့် ရရှိနိုင်သည့် အဆိုပါ iPhone case များကို နိုင်ငံခြားကုမ္ပဏီများမှ ထုတ်လုပ်ထားပြီး အများစုမှာ အာရှမှ တင်သွင်းရောင်းချခြင်း ဖြစ်ကြောင်း ဆိုသည်။
နယူးယောက်ရဲတပ်ဖွဲ့မှ ဒုရဲအုပ် ဂျူဒစ်ဟယ်ရစ်ဆန်ကလည်း ၎င်း iPhone case များကို ဝယ်ယူခြင်း မပြုရန် Twitter မှတစ်ဆင့် သတိပေး ပြောကြားမှုများ ပြုလုပ်ခဲ့သည်။
အလားတူပင် နယူးဂျာစီပြည်နယ်ရဲတပ်ဖွဲ့လည်း သတိပေးမှုများ ပြုလုပ်ခဲ့သည်။
“ဒီဆဲလ်ဖုန်း case ဟာ တော်တော့်ကို ဆိုးရွားတဲ့ စိတ်ကူးပါပဲ။ ရဲတပ်ဖွဲ့ဝင်တွေက အများပြည်သူနဲ့ ထိတွေ့တဲ့အခါမှာ ချက်ချင်း ဆုံးဖြတ်ချက်ချဖို့အတွက် အချိန်အများကြီး မရှိပါဘူး” ဟု နယူးဂျာစီရဲတပ်ဖွဲ့က Facebook တွင် ရေးသားကာ သတိပေးခဲ့သည်။
ထို့အပြင် နယူးဂျာစီပြည်နယ် အိုးရှင်းကောင်တီမှ ရှေ့နေရုံးကလည်း Facebook ပေါ်တွင် မှတ်ချက်ရေးသားခဲ့သည်။
“ပြည်သူများခင်ဗျာ။ ဒီဆဲလ်ဖုန်း case ဟာ စိတ်ဝင်စားစရာကောင်းတဲ့ ထုတ်ကုန်တစ်ခု မဟုတ်ပါဘူး။ ရဲတပ်ဖွဲ့ဝင်တွေရဲ့ အလုပ်ဟာ အရမ်းကို ခက်ခဲပါတယ်။ ညအမှောင်ထဲ မော်တော်ယာဉ်စည်းကမ်း ချိုးဖောက်မှုကြောင့် တားဆီး စစ်ဆေးတဲ့အခါမျိုးမှာ တစ်စုံတစ်ယောက်က သေနတ်နဲ့ ဆင်တူတဲ့ ဒီ case ကို ဆွဲထုတ်လိုက်သလိုမျိုး ဆုံးဖြတ်ချက် ချက်ချင်းချရတဲ့ ကိစ္စရပ်တွေဆိုရင် အရမ်းကို အခက်တွေ့နိုင်ပါတယ်” ဟု ရေးသားခဲ့သည်။
Ref: NYTimes