ဖုန်းများ၏ IMEI နံပါတ်အား စစ်ဆေးနိုင်သော ဝက်ဘ်ဆိုက်များမှာ အပြည့်အဝ မှန်ကန်မှု ရရှိနိုင်ရန် ခက

IMEI-News-photo.jpg

မိုဘိုင်းဖုန်းများ၏ အဓိက အစိတ်အပိုင်း တစ်ခုဖြစ်သည့် ဖုန်း IMEI နံပါတ်များအား စစ်ဆေးနိုင်သည့် ဝက်ဘ်ဆိုက်များသည် အပြည့်အ၀ မှန်ကန်မှု မရှိနိုင်ကြောင်းနှင့် အဆိုပါ ဝက်ဘ်ဆိုက်များမှ စစ်ဆေး၍ ရရှိလာသော အချက်အလက်များအရ မိမိတို့ဖုန်းအား တရားဝင်တင်သွင်း ရောင်းချသည့် ဖုန်းအစစ် မဟုတ်ဟု အထင်မှားခြင်းများ ဖြစ်ပေါ်လျက်ရှိကြောင်း ဈေးကွက်မှစုံစမ်း သိရှိရသည်။

“ဟုတ်တယ်။ အဓိကဖြစ်နေတာက တော်တော်များများ သုံးတဲ့သူတွေက IMEI ဆိုက်တွေက စစ်တာကို မှန်တယ်လို့ ထင်နေကြတာများတယ်။ အဲလိုမျိုးကိစ္စက Huawei ဖုန်းတွေမှာလည်း ဖြစ်ဖူးတယ်။ Ascend Mate 7 ဖုန်းကို IMEI စစ်ပြီး အစစ်မဟုတ်ဘူးဆိုပြီး ဆားဗစ်ကို လာပြတာမျိုးရှိတယ်” ဟု မိုဘိုင်းဖုန်းဆားဗစ် ပညာရှင် ကိုကျော်သက်က ရှင်းပြသည်။

မိုဘိုင်းဖုန်း ထုတ်လုပ်သည့် ကုမ္ပဏီများနှင့် ဖုန်းထုတ်လုပ်သူများမှာ ၄င်းတို့ ထုတ်လုပ်လိုက်သော ဖုန်းမော်ဒယ် အသစ်များ၏ IMEI နံပါတ်များအား တရားဝင် ထုတ်ပြန်ခြင်း မပြုသေးသော အချိန်များ ရှိသည့်အတွက် ယင်းသို့ထုတ်ပြန် ခြင်းမရှိသေးသော အချိန်များတွင် IMEI စစ်ဆေးနိုင်သော ၀က်ဘ်ဆိုက်များမှ တစ်ဆင့် စစ်ဆေးပါက မှားယွင်းမှုများ ရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

”ဖုန်းထုတ်တဲ့ ကုမ္ပဏီတွေက သူတို့ဖုန်းတွေရဲ့ IMEI နံပါတ်တွေကို တရားဝင် ထုတ်ပြန်ခြင်း မရှိသေးတဲ့ အချိန်တွေရှိပါတယ်။ အဲဒီအတွက် IMEI ဆိုက်တွေက ဖော်ပြတဲ့ဟာတွေက ဟိုးအရင်က ရှိခဲ့ဖူးတာတွေကိုပဲ ဖော်ပြပေးတာမျိုး ဖြစ်ဖို့များတယ်။ အဲဒီမှာမှားပြီး ဖော်ပြတာမျိုးကို လူတွေက သူတို့ဖုန်းက အစစ်မဟုတ်ဘူးလို့ ထင်ကြတာမျိုးပါ။ IMEI နံပါတ်တော်တော် များများကို မိုဘိုင်းဖုန်း ထုတ်တဲ့ ကုမ္ပဏီက သူတို့ရဲ့ ဆားဗစ်ပညာရှင် တွေကိုသာ ထုတ်ပေးလေ့ရှိပါ တယ်။ အဲဒီလိုမျိုးဖြစ်ရင် တရားဝင်တင်သွင်းတဲ့ ကုမ္ပဏီတွေရဲ့ ဆားဗစ်ကောင်တာတွေမှာ ကိုယ်ဖုန်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို အသေးစိတ်ကြည့်ရှု စစ်ဆေးနိုင်ပါတယ်” ဟု ကိုကျော်သက်က ဆက်လက် ရှင်းပြခဲ့သည်။

မိုဘိုင်း ဟန်းဆက်များကို တရားဝင်ကုမ္ပဏီမှ တစ်ဆင့်ယူကာ ပြန်လည်ရောင်းချပေးသော မိုဘိုင်းဖုန်း အရောင်းဆိုင်တစ်ခုမှ အရောင်းတာဝန်ခံ တစ်ဦးကလည်း “ဆိုင်က ရောင်းလိုက်တဲ့ ဖုန်းက အတုကြီးဆိုပြီး လာပြတာတော့ရှိတယ်။  ကြည့်လိုက်တော့ မနေ့တနေ့ကမှ အသစ်ထွက်ထားတဲ့ ဖုန်းဖြစ်နေတယ်။ ကျွန်တော်ကတော့ ကျွန်တော်တို့က တကယ့် တရားဝင်ဖြန့်ချိတဲ့ ကုမ္ပဏီကနေ ယူရောင်းတာဖြစ်တဲ့အတွက် Official ဖွင့်ထားတဲ့ ဆားဗစ်ကို ပြဖို့အတွက် လမ်းညွှန်ပေးလိုက်တယ်” ဟု အင်တာနက်ဂျာနယ် သို့ပြောသည်။

မိုဘိုင်းဖုန်း တရားဝင်ထုတ်လုပ် ဖြန့်ချိသော ကုမ္ပဏီများမှ ၎င်းတို့ထုတ်လုပ် ရောင်းချသည့် ဟန်းဆက်များ၏ IMEI နံပါတ်များကို တုပပြုလုပ်ခြင်းမှ ကာကွယ်ရန်အတွက် ပြင်ပသို့ တရားဝင် ထုတ်ပြန်ခြင်းမရှိကြောင်း သိရသည်။

“ကျွန်တော်တို့ဆီကို လာပြရင်တော့ ကျွန်တော်တို့ ဆီမှာရှိတဲ့ ဖုန်းရဲ့ အသေးစိတ် အတွင်းအချက် အလက်တွေကို ပြသပေးပါတယ်။ ပုံမှန်ဆိုရင်တော့ စက်ရုံက ထုတ်ကတည်းက IMEI နံပါတ်တွေကို အပြင်ကို ထုတ်လေ့မရှိပါဘူး။ သက်ဆိုင်ရာ ဆားဗစ်ပညာရှင်တွေကိုသာ ပေးထားတာမျိုးပါ။ အဲဒါကလည်း ပစ္စည်းအသစ် ထုတ်တဲ့အခါမှာ  အတုအပလိုက် လုပ်လို့မရအောင် ကာကွယ်ထားတဲ့ သဘောပါ” ဟု Samsung Myanmar မှ တာဝန်ရှိသူ တစ်ဦးက အင်တာနက်ဂျာနယ်သို့ ပြောသည်။

လက်ရှိ IMEI နံပါတ်များကို စစ်ဆေးနိုင်သော ၀က်ဆိုက်ဘ်များမှ ဖော်ပြပေးသော အချက်အလက်များသည် ယခင်က IMEI နံပါတ်အဟောင်း များကိုသာ ဖော်ပြပေး ခြင်းဖြစ်နိုင်သည့်အတွက် ဖုန်း၏ မူရင်း IMEI နံပါတ်အမှန် ဖြစ်နိုင်ချေ နည်းပါးကြောင်းနှင့် ၎င်းဝက်ဘ် ဆိုက်များမှ ဖော်ပြပေးသည့် IMEI နံပါတ်များအရ မိမိတို့၏ ဖုန်းအားအတု Clone ဖြစ်ကြောင်း တထစ်ချမမှတ်ယူ သင့်ကြောင်းသိရသည်။

-ရဲထွဋ်ဝင်း