3D printer ဖြင့်ထုတ်လုပ်ထားသော ကမ္ဘာ့ပထမဆုံး ပြိုင်ကား

11695493_10153032366427825_9038688179645691960_n.jpg

ဆန်ဖရန်စစ္စကိုအခြေစိုက် Divergent Microfactories သည် 3D printer ဖြင့် ကားအောက်ခံထည်ကို ဖန်တီးခဲ့ပြီး Blade ဟုခေါ်သည့် ပြိုင်ကားတစ်စီး တည်ဆောက်ခဲ့ကြောင်း Engadget မှ ဖော်ပြခဲ့သည်။

3D printer ဖြင့် ထုတ်လုပ်ထားသော ကားအောက်ခံထည်သည် ကားအများစုကဲ့သို့ စတီးလ် သို့မဟုတ် အလူမီနီယမ်နှင့် မဟုတ်ဘဲ ကာဗွန်ဖိုက်ဘာဖြင့် တွဲဆက်ခဲ့ခြင်းကြောင့် အလေးချိန် ၉၀ ရာခိုင်နှုန်းကို လျှော့ချနိုင်ခဲ့သည်။ ထို့ကြောင့် ကားတစ်ခုလုံး၏ အလေးချိန်မှာ ပေါင် ၁,၄၀၀ အောက်သာ ရှိသည်။ ထို့အပြင် “Blade” သည် ပေါ့ပါးသပ်ရပ်ပြီး ၂.၂ စက္ကန့်အတွင်း မိုင်၆၀ အထိ မောင်းနှင်နိုင်သည်။

“အရာဝတ္ထုတွေကို ဘယ်လိုဖန်တီးမယ်ဆိုတာ ကားတွေမှာ ဘယ်လိုလောင်စာအသုံးပြုမယ်နဲ့ အိတ်ဇောပိုက် တွေထည့် မထည့်ဆိုတာထက် ပိုအရေးကြီးပါတယ်” ဟု Divergent ၏ အမှုဆောင်အရာရှိချုပ် ကီဗင်ဆီဇင်ဂါ က Forbes နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

ထို့အပြင် Balde တွင် သဘာဝဓာတ်ငွေ့နှင့် ဓာတ်ဆီနှစ်မျိုး အသုံးပြုနိုင်သော 700HP အင်ဂျင် ပါဝင်လာသောကြောင့် သဘာဝပတ်ဝန်းကျင်နှင့် ရင်းနှီးကျွမ်းဝင်သော ကားအမျိုးအစားများတွင် ပါဝင်လာသည်။

ကုမ္ပဏီအနေဖြင့် အစောပိုင်းတွင် Blade ကားများကို အရေအတွက် အနည်းငယ်သာ ထုတ်လုပ်မည် ဖြစ်သော်လည်း ကားထုတ်လုပ်မည် ကုမ္ပဏီအသေးစားများသို့ ၎င်းနည်းပညာကို ရောင်းချရန် စီစဉ်လျက်ရှိသည်။

“ကျွန်တော်တို့အနေနဲ့ ကားထုတ်လုပ်မယ့် ကိစ္စကို ပြန်လည်စဉ်းစားသွားမှာပါ။ ဘာကြောင့်လဲဆိုတော့ ဒီနေ့မှာရှိတဲ့ ကားအစီးရေ ၂ ဘီလီယံက နောက်ဆယ်စုနှစ် နှစ်ခုလောက်ဆို ၆ ဘီလီယံရှိလာမှာပါ။ အဲ့ဒါကို ထိန်းချုပ်ဖို့ မကြိုးစားဘူးဆိုရင် ကျွန်တော်တို့က ကမ္ဘာကြီးကို ဖျက်ဆီးနေတာ ဖြစ်သွားပါလိမ့်မယ်” ဟု ဆီဇင်ဂါက ပြောဆိုခဲ့သည်။

Ref: Time