Lego Jurassic World

Lego-Jurassic-World-game-1-.jpg

Developer Traveller’s Tales ရဲ့ Lego games တွေဟာ ၂၀၀၅ မှာကတည်းက Lego Star Wars ဂိမ်းကြောင့် လူငယ်ရော လူကြီးများကြားမှာပါ ခေတ်စားခဲ့ပါတယ်။ အရုပ်ဆက် ကစားရတဲ့ Lego ရုပ်ပရိသတ်နှင့် Star Wars ပရိသတ်တွေရဲ့ အားပေးမှုကြောင့် Lego Star Wars ဂိမ်းနှစ်ခွေထွက် အပြီးမှာတော့ Lego Harry Poterr, Lego Pirates of the Caribbean, နှင့် Lego The Hobbits အစရှိတဲ့ Lego ဂိမ်းပေါင်းများစွာဟာ gaming platforms တိုင်းနီးပါးမှာ ထွက်ရှိလာတာ တွေ့ရမှာပါ။ နှစ်စဉ်နှစ်တိုင်း Lego ဂိမ်းတွေ ဆက်တိုက်ထွက်နေလို့ မှီငြမ်းစရာ နာမည်ကျော် ရုပ်ရှင်စီးရီးနဲ့ Comics တွေ ကျန်ပါတော့မလားဆိုပြီး Lego ဂိမ်းတွေအတွက် စိုးရိမ်ခဲ့ရပေမယ့် နာမည်ကြီး ရုပ်ရှင် franchise တစ်ခုဖြစ်တဲ့ Jurassic Park Series ရဲ့ ရုပ်ရှင်ဇာတ်ကား လေးကားစလုံးမှာ ဝင်ရောက်ကစားနိုင်မယ့် Lego Jurassic World ကိုတော့ Dinosaur တွေနေရာကပါ ဝင်ရောက် ကစားနိုင်မှာမို့လို့ ပရိသတ်က မထွက်ခင်ကတည်းက စောင့်မျှော်ခဲ့ကြပါတယ်။

Developer Traveller’s Tales ရဲ့ Lego ဂိမ်းတွေကို အမှတ်တမဲ့ ကြည့်လိုက်ရင် ကလေးတွေ ကစားဖို့ အဓိက ရည်ရွယ်ပြုလုပ်ထားတယ် ထင်ရပေမယ့် Lego ဂိမ်းတွေရဲ့ puzzle ပိုင်းဟာ God of War တို့ Prince of Persia တို့လို Physics-based Platforming Puzzle တွေ၊ Silent Hill ဂိမ်းတွေကလို Logic-based Puzzle တွေထက်တောင် ပိုခေါင်းစားရတာကို တွေ့ရပါလိမ့်မယ်။ ဒါပေမဲ့လည်း တစ်ယောက် တည်း ခေါင်းစားစရာ မလိုဘဲ သူငယ်ချင်းတွေနဲ့ အတူတူ ခေါင်းစားနိုင်အောင် Lego ဂိမ်းတွေမှာ Local နှင့်On-line multiplayer co-op mode တွေကို ထည့်သွင်းပေးထားပါတယ်။ Lego Jurassic World မှာတော့  ကစားသူတွေဟာ လူသား ဇာတ်ကောင်တွေသာမကဘဲ Dinosaur တွေနေရာကနေပါ ကစားရမှာမို့လို့ ပုံစံကွဲပြားတဲ့ level design နှင့် gameplay ပုံစံသစ်တွေ ထည့်သွင်း ထားနိုင်တာ တွေ့ရပါတယ်။ Jurassic Park 1, The Lost World: Jurassic Park, Jurassic Park 3 နှင့်အတူ လက်ရှိရုံတင်ပြသနေတဲ့ Jurassic World ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းတွေမှာ ဝင်ရောက်ကစားနိုင်ပြီး အရင် Horror ဇာတ်ကားဆန်ဆန်ကြောက်စရာ အခန်းတွေကို ရယ်စရာကောင်းတဲ့ ဟာသဇာတ်ဝင်ခန်းပုံစံတွေ ပြောင်းထားလို့ တစ်ယောက်ထဲပဲ ဆော့ဆော့၊ 2 players co-op ပဲဆော့ဆော့ကစားရတာ ပျော်ဖို့ကောင်းနေမှာပါ။

Jurassic World ရုပ်ရှင်က ခုမှ ရုံတင်တာဆိုတော့ ရုပ်ရှင်မကြည့်ရသေးတဲ့သူတွေအတွက် ဂိမ်းကြိုဆော့ထားရင် ဇာတ်လမ်းနည်းနည်း ကြိုသိပြီး (Spoiler) ဖြစ်နိုင်ပေမည့် လုံးဝမူရင်း ဇာတ်လမ်းလည်းမဟုတ်သလို ရုပ်ရှင်တစ်ကားအတွက် level ၅ ခုစီနဲ့ စုစုပေါင်း level ၂၀ ကျော် ထည့်သွင်းပေးထားလို့ ရုပ်ရှင်မကြည့်ရသေးသူတွေအတွက် ဇာတ်ဝင်ခန်းအများကြီး ကြိုသိနေမှာတော့ မဟုတ်ပါဘူး။ အရင်က အသံ သရုပ်ဆောင်ပိုင်း voice acting မပါဝင်ဘဲ ရယ်စရာ အသံလေး တွေသာ ပါဝင်ပေမယ့် Lego Batman 2 နောက်ပိုင်းကစပြီး Lego Marvel Heroes နှင့် Lego The Hobbits တို့လို ဂိမ်းတွေမှာ voice acting တွေ ပါဝင်လာသလို Lego Jurassic World မှာတော့ Dinosaur တွေက လွဲပြီးတော့ ကျန်တဲ့ လူသားဇာတ်ကောင်တွေအတွက်လည်း voice acting တွေ ပါဝင်ထားပါတယ်။

Jurassic Park franchise ရုပ်ရှင်ထဲက လူသားဇာတ်ကောင်တွေက Lego Indiana Jones တို့ Star Wars တို့ကလို တိုက်ခိုက်ရေး ကျွမ်းကျင်သူတွေ မဟုတ်သလို Lego Batman နှင့် Avengers တို့ကလိုမျိုး Super Heroes တွေလည်း မဟုတ်လို့ ကိုင်တွယ်ရတာ နည်းနည်းရိုးနေပေမယ့် Dinosaur တွေ ကိုင်ရတဲ့ level တွေကတော့ Lego ဂိမ်းတွေထဲမှာ ပျော်စရာ အကောင်းဆုံး level တွေထဲမှာ ပါဝင်ထားပါတယ်။ Dinosaur တွေကို ကိုင်တွယ်နိုင်ဖို့က level တစ်ခုချင်းဆီက  Lego Amber လို့ခေါ်တဲ့ unlockable item တွေကို ရှာဖွေရမှာဖြစ်ပြီး Dinosaur Species ပုံစံမျိုးစုံ ကိုင်နိုင်မှာဖြစ်လို့ ရှာရတာတန်တဲ့ item ဖြစ်ပါတယ်။ အမြန်ပြေးနိုင်ပြီး Lego တုံးတွေကိုပါ ပြန်ဆောက်ပေးနိုင်တဲ့ Velociraptors၊ အဆိပ်နှင့် ပက်နိုင်တဲ့ Dilophosaurus နှင့် အဆောက်အဦးမှန်တွေ လိုက်ခွဲရမယ့် Pachycephalosaurus လိုမျိုး စိတ်ဝင်စားစရာ အကောင်တွေအပြင် T-Rex ၊ Spinosaurus နှင့် Indominous Rex လိုမျိုး အကောင် အကြီးစားတွေကို ကိုင်တွယ်နိုင်ဦးမှာပါ။

Lego Jurassic World ဂိမ်းရဲ့ ဂိမ်းဖွဲ့စည်းပုံနဲ့ puzzle အများစုကတော့ အရင် Lego ဂိမ်းတွေ ကစားနေကြသူတွေအတွက် ထွက်ထားတာတွေ များလွန်းလို့ အရမ်းကြီး ထူးခြားနေမှာ မဟုတ်ပေမယ့် ရယ်စရာ ဇာတ်ဝင်ခန်းတွေနဲ့ ကိုင်တွယ်လို့ရတဲ့ playable Dinosaur ဇာတ်ကောင်တွေကြောင့် ပျော်စရာ Adventure ဂိမ်းတစ်ခုအဖြစ် ရပ်တည်နေနိုင်ကြောင်း တွေ့ရပါတယ်။