မန်းမိုဘိုင်းဈေးကွက်အတွင်း ဆင်းမ်ကတ်များရောင်းအား ကျဆင်းနေ

မန်းမိုဘိုင်းဈေးကွက် အတွင်းရှိ အရောင်းဆိုင်အချို့မှ ပြောကြားချက်များအရ ယခု  ရက်ပိုင်း အတွင်း မိုဘိုင်းဆင်းမ်ကတ် အမျိုးမျိုးရောင်းအား ကျဆင်းလျက်ရှိကြောင်း သိရသည်။

“ဒီရက်ပိုင်းမှာ၁၅၀၀ကျပ် တန် WCDMA MPT ဆင်းမ်ကတ်တွေဟာ ပြင်ပပေါက်ဈေးကျပ် ၇,၀၀၀ သာ ရှိပါတယ်။ ယခင် ရက်သတ္တပတ်ထက် ဈေးနှုန်းကျဆင်းလာပေမယ့် ဝယ်လိုအား သိသိသာသာ တက်မလာပါဘူး။ ဈေးကွက်အတွင်းမှာ Ooredoo ဆင်းမ်ကတ်တွေဆိုရင်လည်း ၁,၅၀၀ ကျပ် ဖြင့် ဝယ်ယူရရှိနိုင်ပေမယ့် Ooredoo ဆင်းမ်ကတ် သီးသန့်ဝယ်ယူသူ နည်းပါးလာပါတယ်ဟု” မန္တလေးမြို့ ၈၃ လမ်းရှိ မိုဘိုင်းဆိုင်ကြီး တစ်ဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Telenor ဆင်းမ်ကတ်များကို ခွဲတမ်းရရှိမှု နည်းပါးသောကြောင့် ရောင်းချပေးရန်ပင် မရှိကြောင်း၊ Ooredoo ဆင်းမ်ကတ်များမှာလည်း ယခင်ကထက် ရောင်းအား တဖြည်းဖြည်းကျလာသလို မိုဘိုင်း ဟန်းဆက်ရောင်းအားမှာလည်း အနည်းငယ် ကျဆင်းလျက်ရှိနေ ကြောင်း သိပ္ပံလမ်းရှိ မိုဘိုင်းဆိုင် တစ်ဆိုင်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

မြို့သစ်ဘက် မနော်ဟရီအနီး တစ်ဝိုက်ရှိ ဆိုင်အချို့မှလည်း Telenor ဆင်းမ်ကတ်များမှာ ဈေးကွက် အတွင်းပြတ်လပ်မှု ဖြစ်ပေါ် ကြောင်း၊ Ooredoo ဆင်းမ်ကတ် များမှာ ဝယ်သူနည်းပြီး ဟန်းဆက် ဝယ်ယူမှသာ Ooredoo ဆင်းမ်ကတ်ကို ဝယ်သူဘက်မှ လက်ဆောင်အနေဖြင့် တောင်းယူခြင်းသာရှိကြောင်း ပြောကြားသည်။

မန္တလေးအခြေစိုက် နာမည် ကျော် အရောင်းအဝယ် facebook group ဖြစ်သည့် ရောင်းမည်/ဝယ်မည်တွင်လည်း ယခုနောက်ပိုင်း ဆင်းမ်ကတ် အမျိုးမျိုးရောင်းသူ၊ ဝယ်သူ နည်းပါးလာပြီး နံပါတ်အပူး အလှများသာ ပိုမို အရောင်းအဝယ် ဖြစ်ထွန်းကြောင်း အဆိုပါ facebook group မှ အက်ဒမင် တစ်ဦးက ပြောသည်။