Android One အကြောင်း သိထားသင့်သမျှ

11247975_10153018787962825_5984288893102627156_n.jpg

Android One ဆိုတာဘာလဲ?

Android One ဆိုတာ Google ရဲ့ ဆော့ဖ်ဝဲသုံးထားတဲ့ စမတ်ဖုန်းတစ်မျိုး ဖြစ်ပါတယ်။

Android One ဆိုတာ ဈေးသက်သာတဲ့ Android ဖုန်းတွေကို စမတ်ဖုန်းထုတ်လုပ်သူတွေက တည်ဆောက်ရာမှာ အထောက်အကူ ဖြစ်စေဖို့ ရည်ရွယ်ထားတဲ့ Google ရဲ့ ပဏာမခြေလှမ်းတစ်ရပ်ဖြစ်ပါတယ်။ Android One ထုတ်ကုန်အားလုံးမှာ Android နောက်ဆုံးဗားရှင်းကို အသုံးပြုနိုင်ပြီး software update တွေကိုလည်း Google ဆီကနေ တိုက်ရိုက်ရရှိမှာ ဖြစ်ပါတယ်။ ဒါကြောင့် Android One ဖုန်းတွေကို Android နောက်ဆုံးဗားရှင်း သုံးထားတဲ့ အခြား Android ဖုန်းတွေလိုပဲ အသုံးပြုနိုင်ပါတယ်။

Android One စမတ်ဖုန်းတွေကနေ ဘာအကျိုးကျေးဇူးတွေ ရနိုင်သလဲ?

Android One ဖုန်းတွေကို သုံးခြင်းကြောင့် Android update တွေကို Google ဆီကနေ ပုံမှန် ရရှိနိုင်ပါတယ်။ Nexus စမတ်ဖုန်းတွေလိုပဲ Android One ဖုန်းတွေရဲ့ software ကို Google က စီမံကိုင်တွယ်တာကြောင့် Android version update တွေကို Google က တရားဝင်မိတ်ဆက်ပြီး ရက်အနည်းငယ်အတွင်း Android One ဖုန်းတွေက ရရှိနိုင်ပါလိမ့်မယ်။

ဒုတိယအကျိုးကျေးဇူးကတော့ Android One ဖုန်းတွေကို ဈေးသက်သက်သာသာနဲ့ ရရှိနိုင်ခြင်း ဖြစ်ပါတယ်။ Google ဟာ feature ဖုန်းတွေကိုပဲ သုံးစွဲနေတဲ့ ဈေးကွက်တွေမှာ Android One ကို အသုံးပြုနိုင်ဖို့ ရည်ရွယ်ထားတာပါ။ ဒါကြောင့် Android One ဖုန်းတွေရဲ့ တန်ဖိုးဟာ ဒေါ်လာ ၁၀၀ ဝန်းကျင်မှာပဲ ရှိနေပါလိမ့်မယ်။

တတိယ အကျိုးကျေးဇူးကတော့ Google က ထောက်ခံချက်ပေးထားတဲ့ ဖုန်းကို အသုံးပြုနိုင်ခြင်း ဖြစ်ပါတယ်။ Android One စမတ်ဖုန်းတွေအတွက် Google က စမတ်ဖုန်းထုတ်လုပ်သူတွေဆီကို စစ်ဆေးထားတဲ့ hardware အစိတ်အပိုင်းတွေကို ပေးပို့ပါတယ်။ ဒါကြောင့် ဈေးသက်သာဖို့အတွက် ကုမ္ပဏီတွေက အပေါစား အစိတ်အပိုင်းတွေ အသုံးပြုထားမှာကို စိုးရိမ်စရာ မလိုတော့ပါဘူး။ ဒီ hardware တွေကို စမ်းသပ်ထားပြီးဖြစ်လို့ ပြည့်စုံကောင်းမွန်တဲ့ စမတ်ဖုန်း အတွေ့အကြုံကို ရရှိနိုင်ပါလိမ့်မယ်။

နောက်ဆုံးအနေနဲ့ Android One စမတ်ဖုန်း သုံးစွဲခြင်းကြောင့် ဆက်သွယ်ရေး အော်ပရေတာတွေဆီကနေ အခမဲ့ data ရရှိနိုင်ပါတယ်။ အိန္ဒိယမှာ Google က Airtel နဲ့ ပူးပေါင်းပြီး prepaid account သုံးတဲ့ Android One ဖုန်းတွေကို ခြောက်လစာ data 200MB ကို အခမဲ့ ပေးထားပါတယ်။ ဒီ data ပမာဏကို Google Play ကနေ application တွေကို download လုပ်ရာမှာ သုံးနိုင်ပါတယ်။ နောက်ပြီး ပထမ ၆ လအတွင်း Android update တွေကို download လုပ်တဲ့အခါမှာ ဒီ data ကို သုံးနိုင်ပါတယ်။

လက်ရှိမှာ ရရှိနိုင်တဲ့ Android One ဖုန်းတွေက ဘာတွေလဲ?

Android One စမတ်ဖုန်းတွေကို အိန္ဒိယမှာ ပထမဦးဆုံး ဖြန့်ချိရောင်းချခဲ့တာ ဖြစ်ပါတယ်။ အိန္ဒိယမှာ Micromax Canvas A1, Spice Dream Uno နဲ့ Karbonn Sparkle V ဆိုပြီး အမျိုးအစား သုံးမျိုးနဲ့ ရနိုင်ပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာဆိုရင် Micromax Canvas A1, Spice Dream Uno နဲ့ Karbonn Sparkle V အပြင် Symphony Roar A50 ကို ရရှိနိုင်ပါတယ်။ အင်ဒိုနီးရှားမှာဆိုရင်တော့ Mito Impact, Evercross One X, Nexian Journey One တို့ကို ရနိုင်ပါတယ်။ တူရကီမှာဆိုရင် General Mobile 4G ကို ဖြန့်ချိထားပါတယ်။ ဒီဖုန်းဟာ Google က ပထမဦးဆုံး ကြေညာခဲ့တဲ့ Android One ဖုန်း ဖြစ်ပါတယ်။ ဖိလစ်ပိုင်မှာဆိုရင် Cherry Mobile One နဲ့ MyPhone Uno တို့ကို ရရှိနိုင်ပါတယ်။ Cherry Mobile One ဟာ နောက်ဆုံးပေါ် Android One ဖုန်းအမျိုးအစား ဖြစ်ပါတယ်။ ဒီဖုန်းမှာ MediaTeck MT6582 SoC, 4.5-inch 480×854 resolution IPS display, 1GB RAM, 8GB ROM, Mali-400 GPU, 5-megapixel rear camera, 2 megapixel front camera, Micro SD up to 64GB, FM radio, dual-SIM, Android Lollipop နဲ့ ရရှိနိုင်ပါတယ်။ Cherry Mobile One ကို မြန်မာနိုင်ငံမှာ ဇွန်လ ၂၆ ရက်ကစပြီး ၁၀၉,၀၀၀ ကျပ်နဲ့ ရောင်းချမှာ ဖြစ်ပါတယ်။

Android One ဖုန်းတွေကို ဘယ်မှာ ဝယ်လို့ရနိုင်သလဲ။ ဈေးက ဘယ်လောက်လဲ?

Android One ဖုန်းတွေကို လက်ရှိမှာ အိန္ဒိယ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ ပါကစ္စတန်နဲ့ သီရိလင်္ကာတို့မှာ ရရှိနိုင်ပါတယ်။ ဒီနှစ်ထဲမှာ နောက်ထပ် နိုင်ငံပေါင်းများစွာ ဖြန့်ချိနိုင်ဖို့ Google က စီစဉ်ထားပါတယ်။

အိန္ဒိယမှာ Spice Dream Uno ကို ရူပီး ၆,၂၉၉ (ဒေါ်လာ ၁၀၀ ဝန်းကျင်) နဲ့ ရနိုင်ပါတယ်။ Micromax Canvas A1 ကို Amazon.in မှာ ရူပီး ၆,၄၉၉ နဲ့ ရနိုင်ပါတယ်။ Karbonn Sparkle V ရဲ့ တန်ဖိုးက ရူပီး ၆,၃၉၉ ဖြစ်ပါတယ်။

Ref: AndroidOS.in