အမြင်အာရုံချို့တဲ့သူများအတွက် နည်းပညာသုံး ကိရိယာများ

Fig-3-ai_glasses-.gif

နည်းပညာခေတ်လို့ ပိုင်ပိုင်နိုင်နိုင် ကြွေးကြော်လာချိန်မှာ သုတေသန ပညာရှင်တွေက အမြင်အာရုံချို့တဲ့သူတွေကို အထောက်အကူ ပြုပေးနိုင်စေမယ့် နည်းလမ်းတွေကို ရှာဖွေကြိုးပမ်းပြီး အဖြေထုတ်ပေးကြတယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းကြီးရဲ့ စစ်တမ်းကောက်ယူချက်အရ ကမ္ဘာတစ်ဝှမ်းလုံးမှာ အမြင်အာရုံချို့တဲ့သူပေါင်း ၂၈၅ သန်းလောက် ရှိမယ်လို့ ခန့်မှန်း သိရှိရတယ်။ အမေရိကန်ရဲ့ မျက်မမြင်များ ဖယ်ဒရေးရှင်း ကတော့ အမေရိကန် နိုင်ငံတစ်ဝှမ်းလုံးမှာ အမြင်အာရုံချို့တဲ့သူ ၇ သန်း ခန့်ရှိတယ်လို့ ဆိုတယ်။ လူသားချင်းစာနာမှုဆိုတဲ့ အရင်းခံ စေတနာအပြင် အခက်အခဲ ပြဿနာတစ်ခုခုကို မဖြစ်မနေ ကျော်လွှားယူနိုင်ဖို့ ကြိုးစားလေ့ရှိတဲ့ အလေ့အကျင့်ကြောင့် အမြင်အာရုံချို့တဲ့သူများအတွက် အထောက်အကူပြုစေမယ့် နည်းပညာသုံး ကိရိယာတွေကို ထုတ်လုပ်ကြတယ်။ အချိန်နဲ့ အမျှ တိုးတက်ဖွံ့ဖြိုး လာတဲ့ နည်းပညာတွေ ရဲ့ အခွင့်အလမ်းကို အရယူဖို့ ကြိုးစားကြတယ်။

မကြာသေးခင်ကပင် Microsoft ကုမ္ပကြီးက အမြင်အာရုံချို့တဲ့ သူတွေကို သက်သောင့်သက်သာစွာ အထောက်အကူပြုနိုင်စေမယ့် နားကြပ်တစ်မျိုးကို ထုတ်လုပ်နိုင်ပြီ ဖြစ်ကြောင်း ကြေညာချက် ထုတ်ခဲ့တယ်။ Windows Phone အသုံး ပြုသူ အမြင်အာရုံချို့တဲ့သူကို သွားလိုရာကို အန္တရာယ်ကင်းကင်းနဲ့ အဆင်ပြေပြေ လမ်းညွှန်ပေးနိုင်စေမယ့် နားကြပ်ကိရိယာလို့ ဆိုရပါလိမ့်မယ်။ ဒီနားကြပ်က bone conducting audio စနစ်ကို အသုံးပြုထားတာ ဖြစ်တယ်။ အသံလှိုင်း အစား အရိုးကတစ်ဆင့်  အသံကြားစေတဲ့ နည်းပညာကို သုံးထားတယ်။  သမားရိုးကျ အသံလိုင်းက နားစည် (eardrum) ဆီကို ပေးပို့စေတဲ့ အကြား အာရုံထက် ထိရောက်မှု ရစေတယ်။ Bluetooth နဲ့ WiFi ကြိုးမဲ့ ဆက်သွယ်ရေး ကွန်ရက်အတွင်း GPS နဲ့ မြေပုံ အညွှန်းအတိုင်း သွားလိုရာကို အမြင်အာရုံချိုတဲ့သူအား  လမ်းပြသွားလိမ့်မယ်။ အထူးသဖြင့် မြို့ပြဧရိယာအတွင်း အန္တရာယ်ကင်းစွာ ဘေးလူ အကူမပါဘဲ သွားနိုင်မှာ ဖြစ်တယ်။ Guide Dogs နဲ့ Future Cities Catapult စီမံကိန်းရဲ့ အကောင်အထည်ဖော်မှု တစ်ရပ် လို့ ဆိုနိုင်တယ်။

တကယ်တော့ ၂၀၁၄ ခုနှစ်အ တွင်း တခြားကိရိယာတွေလည်း ထုတ်လုပ်နိုင်ခဲ့တာကို တွေ့ကြရတယ်။ အောက်စ်ဖို့ဒ်တက္ကသိုလ်က တီထွင်ထုတ်လုပ်လိုက်တဲ့ Smart Glasses ကလည်း စိတ်ဝင်စားစ ရာကောင်းလှပါတယ်။ မျက်မှန် ကိရိယာလို့ ဆိုရမှာ ဖြစ်တယ်။ ဖောက်ထွင်းမြင်နိုင်တဲ့ OLED Display နဲ့ တပ်ဆင်တည်ဆောက်ထား တယ်။ ကင်မရာသေးသေးလေး ၂ လုံးပါတယ်။ gynoscope တစ်ခု၊ Compas တစ်ခုနဲ့ GPS Unit တစ်ခု တို့အပြင် နားကြပ်တို့ ပါရှိတယ်။ နည်းလမ်းအမျိုးမျိုးနဲ့ သွားရမယ့် လမ်းအခြေ အနေကို အမြင်အာရုံ ချို့တဲ့သူကို အဆက်မပြတ် တင်ပြပေးနေလိမ့်မယ်။ ဒီ Smart Glasses တွေကတော့ မျက်စိမှုန်ဝါး သူကအစ လုံးဝမမြင်နိုင်သူအထိ အသုံးပြုနိုင်စေဖို့ ရည်ရွယ်တီထွင် ထုတ်လုပ်ခဲ့တာ ဖြစ်တယ်။

မက္ကဆီကိုမှာရှိတဲ့ CINVES -TAV (Center for Research and Advanced Studies of the National Polytechnic Institute) ကလည်း နမူနာပုံစံတစ်ခုကို တီထွင်ပြီးစီးခဲ့ကြောင်း မကြာသေးခင် က ကြောညာခဲ့တယ်။ ၂၀၁၅ ခုနှစ် နှစ်ဦးပိုင်းမှာ စတင်ထုတ်လုပ် ရောင်းချနိုင်မယ့် အခြေအနေ ရှိပါလိမ့်မယ်။ AI Glasses လို့ အမည်ပေးထားတယ်။ Stereo Sound Sensors နဲ့ GPS နည်းပညာ တို့ကို ပေါင်းစပ် အသုံးချ ယူစေတယ်။ Tablet ကွန်ပျူတာနဲ့ တွဲဖက်အသုံးပြုရမှာ ဖြစ်တယ်။ လမ်းပြပေးရုံ သက်သက်မဟုတ်ပေ။ ပိုက်ဆံခွဲခြား ပြောဆိုမှု အချက်ပြ သင်္ကေတများနဲ့ အရောင်ကွဲပြားခြားနားမှု အခြေအနေအထိ သိရှိခွင့် ရနိုင်တယ်။

အမြင်အာရုံချို့တဲ့သူတွေ စာ ဖတ်နိုင်ဖို့ Braille ebook reader တစ်ခု တီထွင်ထုတ်လုပ်ခဲ့တယ်။ ၁၉၆၀ ခုနှစ်လောက်ကတည်းက မျက်မမြင် ဖတ်နိုင်တဲ့စာကိုတီထွင်ပြီး Braille Literacy အဖြစ် အသိ အမှတ်ပြုခဲ့ကြ ရတယ်။ သာမန်အားဖြင့်  နံရံတွေ ၊ဘုတ်တွေပေါ်မှာ အဖုအထစ် သဘာဝနဲ့ နားလည်စေတဲ့ စာကို ဖတ်ရင်း ပညာဗဟုသုတတွေကို ဆည်းပူးခွင့်ရခဲ့ကြတယ်။ အခုတော့ ကွန်ပျူတာစနစ်နဲ့ လေဆာရောင်ခြည်တွေနဲ့ ဖန်တီးထားတဲ့ Tablet ဒါမှမဟုတ်  ebook reader လို အသုံးပြုခွင့်ရစေမယ့် အစီအစဉ် ဖြစ်ပါတယ်။ Braille dots ဆိုတဲ့ အဖုအထစ်လေး အာရုံကို မျက်နှာပြင်ပေါ်ကနေ ခံစား သိရှိခွင့်ရစေတယ်။

အမြင်အာရုံချို့တဲ့သူ တစ် ယောက်အနေနဲ့ စာရွက်ပေါ်မှာ ပုံနှိပ်ထားတဲ့ စာသားများကို ဖတ်ရှု နိုင်စေမယ့် Finger Reader ကို လည်း ၂၀၁၄ ခုနှစ်မှာ MIT Media Labs မှ တီထွင်နိုင်ခဲ့တယ်။ လက်ညှိုးလေးမှာ စွပ်ထားပြီး လက်ညှိုး နဲ့ ထောက်ပြီး စာလုံး ၁၂ လုံး တစ် ပုဒ်ကျ ဖတ်ရှုနိုင်တယ်။ တကယ်လို့များ ထောက်ထားတဲ့ လက်ညှိုးက စာကြောင်းတွေပေါ်မှာ မရှိရင် ဒါမှမဟုတ် လိုင်းလွှဲသွားရင် တုန်ခါပြီး အသိပေး မှာ ဖြစ်တယ်။ တစ်ဆင့်တက်ပြီး စမတ်ဖုန်းမျက်နှာ ပြင်မှာ ထင်ဟပ်နေတဲ့ စာသားကို ဖတ်ရှုနိုင်စေဖို့ ကြိုးစားဆောင်ရွက်လျက်ရှိနေသေးတယ်။

အမြင်အာရုံချို့တဲ့သူ တစ် ယောက် အိမ်ရဲ့ ပြင်ပသွားတဲ့ အခါ အထောက်အကူ ဖြစ်စေမယ့် ကိရိယာတွေကို ထုတ်လုပ်ပေးခဲ့သလို  အိမ်အတွင်းမှာ နေထိုင်သွား လာနိုင်ရေး အတွက် ARIANNA app တစ်မျိုးကို လည်း နောက်ဆုံး ပေါ်နည်းပညာနဲ့ ဖြည့်ဆည်းပေး ရင်း ထုတ်လုပ်တာလည်း တွေ့နိုင်ပါသေးတယ်။ Aupmented Reality ကို အခြေခံပြီး တည်ဆောက်ထားပေးတဲ့ လမ်းပြကိရိယာလို့ ဆိုရမှာ ဖြစ်တယ်။ စမတ်ဖုန်းထဲကို လမ်းညွှန်ပရိုဂရမ်လေးကို ထည့်သွင်းထားစေပြီး စမတ်ဖုန်းရဲ့ ကင်မရာရဲ့ အထောက်အကူနဲ့ လမ်းညွှန်ပေး လိမ့်မယ်။ စမတ်ဖုန်းမှာ ရှိတဲ့ vibration mode က အသုံး ပြုသူကို သတိပေးသလို အသံဖြင့်လည်း နှိုးဆော်ပေးနိုင်တယ်။

နည်းပညာ ထွန်းကားတိုး တက်မှုကြောင့် လူမှုဘဝ ပြည့်စုံ စေတဲ့အပြင် အမြင်အာရုံချို့တဲ့ သူတွေ အတွက်လည်း ဖြည့်ဆည်း ပေးရင်း အလွယ်တကူ အန္တရာယ် ကင်းကင်း နေထိုင်သွားလာနိုင်ကြစေပါတယ်။ ကွန်ပျူတာစနစ်တွေ စတင်အသုံးပြုကြစဉ်က ပထမဆုံး မျက်မမြင်သုံး အိတ်ဆောင်ပီစီလေး ထုတ်လုပ်ခဲ့တာကို မှတ်မိကြမှာဖြစ်သလို လမ်းပြတုတ်ချောင်း Sensor Sticks များကိုလည်း သိရှိပြီး ဖြစ်ကြပါလိမ့်မယ်။ ဒါပေမဲ့ ၂၀၁၄ ခုနှစ်မှာတော့ အမြင်အာရုံချို့တဲ့သူတွေအတွက် အံ့အားသင့်စရာ ဖြစ်စေလောက်တဲ့ အထိ အထောက်အကူ ဖြစ်စေမယ့် ကိရိယာတန်ဆာပလာတွေ ထုတ်လုပ်ခဲ့တာကို အားရနှစ်ခြိုက်စရာ မြင်တွေ့လာရတဲ့အတွက် မျှဝေတင်ပြပေး လိုက်ရခြင်း ဖြစ်ပါတယ်။