နည်းပညာအသုံးပြု၍ အိမ်ခြေမဲ့များကို အစားအသောက်လှူဒါန်းခြင်း (သို့မဟုတ်) Feeding Forward

11350858_10153019078862825_6043630258714807873_n.jpg

နေ့လည်စာတစ်နပ်က ကိုမယ်အာမက်၏ ဘဝကို ပြောင်းလဲစေခဲ့သည်။

အချိန်က ၂၀၁၁ခုနှစ်။ သူမအနေဖြင့် ရေတပ် ဆေးဘက်ဆိုင်ရာသင်တန်းမှ ပြန်လည်ရောက်ရှိခဲ့ပြီး ဘွဲ့ရယူရန် ဘာကလေရှိ ကယ်လီဖိုးနီးယားတက္ကသိုလ်တွင် ပညာသင်ယူလျက်ရှိသည်။

ဆောင်းဦးရာသီတစ်ရက်တွင် တက္ကသိုလ်နယ်မြေအနီး၌ လမ်းလျှောက်နေစဉ် သူမအနားကို အိမ်ခြေမဲ့အမျိုးသားတစ်ဦး ချဉ်းကပ်လာသည်။ ထိုအမျိုးသားက ဗိုက်ဆာနေသောကြောင့် အစားအသောက်ဝယ်ရန်အတွက် ငွေကြေး အနည်းငယ် စွန့်ကြဲပါဆိုပြီး အာဟတ်ထံကတောင်းသည်။ အာမက်သည် ၎င်းကို ငွေကြေးထောက်ပံ့ခြင်းအစား သူမနှင့်အတူ နေ့လည်စာ စားရန် ဖိတ်သည်။ သူတို့နှစ်ဦး နေ့လည်စာ စားကြပြီး အိမ်ခြေမဲ့အမျိုးသားက ၎င်း၏အကြောင်းကို ပြောပြပါသည်။ သူသည် အီရတ်မှ လတ်တလော ပြန်ရောက်လာသော စစ်သားတစ်ဦးဖြစ်ပြီး ကံဆိုးရှာသူတစ်ဦးဖြစ်ကြောင်း သိရသည်။

“သူဟာ နယ်မြေနှစ်ခုမှာ စစ်မှုထမ်းပြီးနောက်မှာ ပြန်လာခဲ့ပါတယ်။ သူဟာ အသက် ၂၆နှစ်ပဲရှိသေးပြီး လမ်းဘေးမှာ အစားအသောက်အတွက် တောင်းရမ်းစားသောက်နေရပါတယ်။ ဒါဟာ ကျွန်မကို တုန်လှုပ်ချောက်ချားစေပါတယ်” ဟု အာမက်က ပြောဆိုခဲ့သည်။

အဆိုပါ အဖြစ်အပျက်က သူမအား စိတ်အနှောင့်အယှက် ပေးလျက်ရှိသောကြောင့် တစ်စုံတစ်ခု လုပ်ရန် ဆုံးဖြတ်ခဲ့သည်။ လအနည်းငယ်အကြာတွင် အာမက်သည် ကျောင်း၏ ထမင်းစားခန်းမှ ပိုလျှံသော အစားအသာက်များကို ဒေသခံအိမ်ခြေမဲ့များ နေထိုင်ရာသို့ လှူဒါန်းနိုင်ရန် ဘာကလေရှိ ကယ်လီဖိုးနီးယား တက္ကသိုလ်တွင် အစီအစဉ်တစ်ခု ပြုလုပ်နိုင်ခဲ့သည်။ ၎င်းအစီအစဉ်သည် ၃ နှစ်အတွင်း အမေရိကန် နိုင်ငံတစ်လွှားရှိ ကောလိပ်ပေါင်း ၁၄၀ သို့ ပျံ့နှံ့သွားခဲ့သည်။

ယခုအခါ အသက်၂၅ နှစ်ရှိ အာမက်သည် Feeding Forward ဟုခေါ်ဆိုသည့် အကျိုးအမြတ်မယူသော ဝန်ဆောင်မှု၏ အမှုဆောင်အရာရှိချုပ် ဖြစ်လာသည်။ သူမကိုယ်တိုင်ကလည်း ပိုလျှံသော အစားအသောက်များ အမြန်ဆုံး လာရောက်ယူဆောင်ပေးမည့် အစီအစဉ် (on-demand food recovery) ကို တိုးချဲ့ဆောင်ရွက်သွားရန် ဆန္ဒရှိနေသည်။

အိမ်ခြေမဲ့များ နေထိုင်ရာအနီးတွင် အစားအသောက်များ ပိုလျှံသည့် လုပ်ငန်းများစွာအနေဖြင့် မိုဘိုင်း app နှင့် ဝက်ဘ်ဆိုက်မှတစ်ဆင့် Feeding Forward ကိုဆက်သွယ်၍ လှူဒါန်းနိုင်သည်။ ကုမ္ပဏီများ သို့မဟုတ် လူမှုရေးဆိုင်ရာပွဲများ ပြုလုပ်သူများအနေဖြင့် အစားအသောက်များစွာ ပိုလျှံပါက Feeding Forward app ကို tap ပြုလုပ်၍ အလှူဒါနပြုလုပ်ခြင်း အသေးစိတ်အချက်လက်များ ရေးသားရန်လိုသည်။ ထို့နောက် Feeding Forward မှ ယာဉ်မောင်းတစ်ဦးစေလွှတ်ကာ ပိုလျှံသော အစားအသောက်များကို သယ်ဆောင်ပြီး အစားအသောက် အခက်အခဲတွေ့သူများကို ကူညီမည့် food bank ပရဟိတအဖွဲ့သို့ ပို့ဆောင်ပေးမည်ဖြစ်သည်။

“ဘောလုံးကွင်းတစ်ခုလုံး အစားအသောက်တွေနဲ့ ပြည့်နှက်သွားတယ်လို့ စိတ်ကူးကြည့်ပါ။ အဲဒီအရေအတွက်ဟာ အမေရိကန်မှာ နေ့စဉ်နေ့တိုင်း အစားအသောက်တွေ လေလွှင့်သွားတဲ့ ပမာဏပါ” လို့ အာမက်ပြောကြားခဲ့သည်။

အစားအသောက်များ ပိုလျှံမှုသည် အမေရိကန်တွင် စိုးရိမ်စရာကောင်းသည့် ပြဿနာဖြစ်သည်။ အမေရိကန် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အေဂျင်စီ (EPA) ၏ ထုတ်ပြန်ချက်အရ အစားအသောက်ပိုလျှံခြင်းသည် နိုင်ငံ၏ ဒုတိယအကြီးဆုံး လေလွှင့်မှု အရင်းအမြစ်ဖြစ်ကြောင်း ဖော်ပြထားသော စစ်တမ်းထွက်ပေါ်လာသည်။ ပိုလျှံသည့် အစားအသောက်များသည် ကုန်းမြေ၏ ၁၈ ရာခိုင်နှုန်းရှိသည်။ နှစ်စဉ်စွန့်ပစ်ရသော အစားအသောက်မှာ တန်သန်းပေါင်း ၃၀ ကျော်နှင့် ညီမျှသည်။

အလားတူကာလအတွင်း အမေရိကန်ရှိ သန်း ၅၀ ခန့်ရှိသော ပြည်သူများသည် အစားအသာက်လုံလောက်မှု မရှိကြောင်း EPA မှ ထုတ်ပြန်ခဲ့သည်။ ၎င်းအရေအတွက်သည် နိုင်ငံလူဦးရေ၏ ၁၅ ရာခိုင်နှုန်းနှင့် ညီမျှသလို နိုင်ငံသား ၆ ဦးတွင် ၁ ဦးနီးပါးရှိသည်ဟု ဆိုသည်။

“အမေရိကန်မှာ စိုက်ပျိုးထားတဲ့ သီးနှံ ၄၀ ရာခိုင်နှုန်းလောက်ဟာ လေလွှင့်နေပါတယ်။ နိုင်ငံအတွင်းက လူတော်တော်များများဟာ အစားအသောက်တစ်နပ်အတွက် အခက်အခဲတွေ ရင်ဆိုင်နေရပါတယ်။ ဒါဟာ အဓိပ္ပာယ်မရှိပါဘူး။ ကျွန်တော်တို့မှာ ကြွယ်ဝချမ်းသာခြင်းတွေရှိပြီး ပြည်သူတွေကတော့ ရှားပါးမှုတွေနဲ့ ပြည့်နှက်နေပါတယ်” ဟု အကျိုးအမြတ်မယူသော သဘာဝရင်းမြစ်ကာကွယ်ရေးကောင်စီရှီ အစားအသောက်နှင့် လယ်ယာစိုက်ပျိုးရေး အစီအစဉ်ကို လုပ်ကိုင်နေသော အကြီးတန်းရှေ့နေ ဂျိုအန်နီဘာကန်ကမ့်က ပြောဆိုခဲ့သည်။

အစားအသောက်လေလွှင့်မှု လျှော့ချရေးအစီအစဉ်သည် စိတ်ကူးသစ်တစ်ခု မဟုတ်ပေ။ Move for Hunger နှင့် the Society of St.Andrew အဖွဲ့များအပါအဝင် နိုင်ငံအတွင်းရှိ အဖွဲ့အစည်း ရာပေါင်းများစွာက food bank နှင့် food rescue center များသို့ လှူဒါန်းမှုများ ပြုလုပ်နေကြသည်။ ၂၀၁၂ ခုနှစ်တွင် တည်ထောင်ခဲ့သော Food Cowboy app သည်လည်း လက္ကားရောင်းသူနှင့် စားသောက်ဆိုင်များမှ ပိုလျှံသော အစားအသောက်များကို ယူဆောင်ပြီး အစားအသောက်များ အခမဲ့ သို့မဟုတ် ဈေးလျှော့ရောင်းချသည့် soup kitchen များထံ ပေးပို့လျက်ရှိသည်။

၂၀၁၃ ခုနှစ်တွင် စတင်လုပ်ကိုင်ခဲ့သော Feeding Forward ဝန်ဆောင်မှုသည် ဆန်ဖရန်စစ္စကို ပင်လယ်အော်ဒေသကိုသာ လွှမ်းခြုံနိုင်ပြီး အစားအသောက် အလေးချိန် ပေါင် ၆၈၄,၀၀၀ ကျော်ကို ထိန်းသိမ်းနိုင်ခဲ့သည်။ ထိုပမာဏသည် လူပေါင်း ၅၇၀,၀၀၀ ကျော်ကို ကျွေးမွေးထားနိုင်ပြီး အစားအသောက်များ စွန့်ပစ်မြေဖို့ရာမှ ထွက်ရှိလာမည့် ကာဗွန်ဒိုင်အောက်ဆိုဒ် ပေါင် ၃.၄၂ သန်းကျော်ကို သက်သာစေသည်။

-Ref: CNET