SCG စီးပွားရေး အဖွဲ့အစည်းက မြန်မာ ကျောင်းသား၊ ကျောင်းသူ ၂၀၀ ကို ပညာသင်ထောက်ပံ့ကြေးများ ပေးမည်

11312815_10205015634530413_8282536630515565638_o.jpg

မြန်မာနိုင်ငံ အပါအဝင် အာဆီယံဒေသတွင်း နိုင်ငံများတွင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် SCG အဖွဲ့အစည်းက မြန်မာနိုင်ငံမှ ကျောင်းသား၊ ကျောင်းသူ ဦးရေ ၂၀၀ အတွက် ပညာသင်စရိတ်များ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

SCG Sharing the Dream ဟူသည့် ပညာသင်စရိတ် ထောက်ပံ့ပေးမည့် အစီအစဉ်သည် ရန်ကုန်တိုင်း ဒေသကြီးမှ ကျောင်းသား၊ ကျောင်းသူ ၁၀၀ နှင့် မွန်ပြည်နယ်ဒေသမှ ကျောင်းသား၊ ကျောင်းသူ ဦးရေ ၁၀၀ တို့ကို ရွေးချယ်ပေးအပ်သွားမည် ဖြစ်သည်။

“အဓိက ရည်ရွယ်ချက်က မြန်မာနိုင်ငံက ကျောင်းသားတွေရဲ့ ပညာရေးစနစ် တိုးတက်ဖို့အတွက် ဖြစ်ပါတယ်။ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ ပညာ သင်ထောက်ပံ့ကြေးကို အသုံးပြုပြီး သူတို့ရဲ့ အိပ်မက်တွေကို အကောင်အထည် ဖော်နိုင်စေဖို့ကိုလည်း ရည်ရွယ်ပါတယ်” ဟု SCG အုပ်စု၏ မြန်မာနိုင်ငံဆိုင်ရာ တာဝန်ရှိသူ ဖြစ်သည့် Mr.Chana Poomee က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးနှင့် မွန်ပြည်နယ်အတွင်း အမြဲနေထိုင်သည့် နဝမတန်းနှင့် ဒဿမတန်းတို့တွင် ပညာ သင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူများသည် အဆိုပါ ပညာသင်ဆုကို ၂၀၁၅ ခုနှစ် ဇူလိုင်လ ၁၅ ရက်အထိ လျှောက်ထားနိုင်မည်ဖြစ်သည်။ အဆိုပါ ပညာသင်ဆုကို လျှောက်ထားလိုသည့် ကျောင်း သား၊ ကျောင်းသူများသည် မိမိတို့ ပညာသင်ကြားနေသည့် ကျောင်းရုံးခန်းမှ SCG ထောက်ပံ့ကြေး လျှောက်လွှာများကို ရယူ၍ လိုအပ်သည့် အချက်အလက် များကို ဖြည့်စွက်ကာ လျှောက်ထားရမည်ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီများအုပ်စုမှ သိရသည်။

မြန်မာကျောင်းသား၊ ကျောင်းသူများ၏ ပညာသင်ဆုအတွက် လျှောက်ထားမှုများကို Myanmar Business Executive (MBE) မှ ပူးပေါင်း တာဝန်ယူပေးမည် ဖြစ် သည်။

SCG Sharing the Dream အစီအစဉ်သည် အာဆီယံဒေသတွင်း နိုင်ငံများဖြစ်သည့် မြန်မာ၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့် လာအိုနိုင်ငံများ မှ ကျောင်းသား၊ ကျောင်းသူ ငါးထောင်ခန့်ကို ပညာသင်ဆုများ ထောက်ပံ့ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။