Cherry Mobile Amber2

review.jpg

အားသာချက်

ဈေးနှုန်းအရ သက်သာတဲ့ ဖုန်းဖြစ်ပါတယ်။ GSM 2G/ 3G ကွန်ရက်စနစ်တွေ အားလုံးမှာ အသုံးပြုနိုင်တဲ့အပြင် တန်ဖိုးနည်း ဖုန်းဖြစ်ပေမယ့်  ဖုန်းမှာဖွဲ့စည်း တည်ဆောက်ထားတဲ့ OS ကလည်း မြင့်မားပါတယ်။ ဒါ့အပြင် တန်ဖိုးနည်း စမတ်ဖုန်းတစ်ခုအနေနဲ့ ဂရပ်ဖစ် စနစ်အတွက် GPU အထောက်အပံ့ ပါဝင်တဲ့အပြင် အသုံးပြုထားတဲ့ CPU ဟာလည်း Quad-core CPU ဖြစ်တဲ့အတွက် Hardware စနစ်ပိုင်းမှာလည်း မြင့်မားတယ်လို့ ဆိုနိုင်တဲ့ဖုန်းပါ။ အွန်လိုင်းအသုံးပြု စနစ်တွေမှာလည်း ပြည့်ပြည့်စုံစုံ ပါဝင်တာတွေ့ရမှာပါ။ မြန်မာစာစနစ်လည်း တစ်ပါတည်း ပါဝင်မှာ ဖြစ်ပါတယ်။

အားနည်းချက်

တန်ဖိုးနည်း ဖုန်းတစ်လုံး ဖြစ်တဲ့အတွက် အချို့အစိတ်အပိုင်းတွေမှာ လျော့ချထားမှုတွေတော့ အနည်းငယ် ရှိနေပါတယ်။ ဖုန်းရဲ့ မှတ်ဥာဏ် စနစ်မှာတော့ RAM ဟာ 512MB ပဲရှိတဲ့အတွက် မှတ်ဥာဏ်ပိုင်းမှာ နည်းတယ်လို့ ဆိုနိုင်ပြီး  စပီကာကလည်း အသံထွက် နှုန်းနည်းတဲ့အတွက် Ringtone စနစ်ပိုင်းနဲ့ Music စနစ်ပိုင်းမှာ အသံအနည်းငယ် တိုးပါတယ်။ ကင်မရာရဲ့ Focus ပိုင်းမှာလည်း အနည်းငယ် အားနည်းမှု ရှိပါတယ်။

ဒီဇိုင်း

ဖိလစ်ပိုင် နိုင်ငံအခြေစိုက် Cherry Mobile ကနေပြီး တင်သွင်းထားတဲ့ Amber2 ဟာ အရွယ်အစား ပိုင်းမှာတော့ အဆင်ပြေ သင့်လျော်တဲ့ ပုံစံမျိုး ရှိနေပါတယ်။ ပုံစံဒီဇိုင်း ပိုင်းမှာတော့ ဖုန်းဟာကျစ်လျစ်တဲ့ ပုံစံမျိုးရှိနေပြီး အရွယ်အစားကလည်း သိပ်ပြီးကြီးမား လွန်းခြင်းမရှိပဲ ဘေးတိုက်အကျယ် ၆.၆ စင်တီမီတာနဲ့ အထက်အောက် အမြင့် ၁၂.၄ စင်တီမီတာအရွယ် အစားရှိပါတယ်။ ဖုန်းရဲ့ကိုယ်ထည် တစ်ခုလုံးဟာ ပလပ်စတစ် ကိုယ်ထည်ဖွဲ့စည်းမှု ပုံစံဖြစ်ပြီး နောက်ဘက်ကာဗာကလည်း ဖြုတ်နိုင်တပ်နိုင်တဲ့ ပလပ်စတစ် ကာဗာကိုအသုံးပြု ထားပါတယ်။ GSM 2G/ 3G ကွန်ရက်စနစ်တွေမှာ အသုံးပြုနိုင်မယ့် ဖုန်းဖြစ်ပြီး ပုံမှန် Standard SIM ဖြစ်တဲ့ Mini SIM နှစ်ကတ် အသုံးပြုနိုင်တဲ့ Dual sim ဖုန်းအမျိုးအစားပါ။ ပြည်တွင်းရဲ့ Ooredoo ကွန်ရက်စနစ် အပါအ၀င် အခြားကွန်ရက် စနစ်တွေမှာပါ အသုံးပြုနိုင်ပါတယ်။ ဖုန်းကအနည်းငယ် ထူတယ်လို့ ထင်ရပေမယ့် အရွယ်အစားသေးငယ်ပြီး နောက်ဘက်ကာဗာ အခုံးပုံစံစနစ်ကြောင့် လက်နဲ့ကိုင်တွယ် ရာမှာလည်း အဆင်ပြေနိုင်ပါတယ်။ ဖုန်းကအနည်း ငယ်ထူပေမယ့် အလေးချိန်ကတော့ ပေါ့ပါးပါတယ်။ Screen ရဲ့ မြင်ကွင်း ဖွဲ့စည်းပုံနဲ့ OS ရဲ့ Interface ကလည်း အသုံးပြုဖို့အတွက် လွယ်ကူရှင်းလင်းတာကိုမြင် တွေ့ကြရမှာပါ။

နည်းပညာ

တန်ဖိုးနည်း ဖုန်းအမျိုးအစား ဖြစ်တဲ့အတွက် နည်းပညာပိုင်းအရ ကြည့်မယ်ဆိုရင်တော့ ဒီဖုန်းဟာ နည်းပညာပိုင်းမှာ အသစ်အဆန်းတွေကို သိပ်ပြီးအသုံးပြု ထားတာမျိုး မတွေ့ရပါဘူး။ အသုံးပြုသူတွေ အနေနဲ့ Android Smart ဖုန်းတွေမှာ အသုံးပြုနေကျစ နစ်ပုံစံမျိုးတွေအတိုင်းပဲ အဆင်ပြေပြေနဲ့ လွယ်လွယ်ကူကူ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Movie Studio ဆိုတဲ့ စနစ်ကတော့ ဖုန်းထဲမှာရှိနေတဲ့ ဓာတ်ပုံတွေကို ဗီဒီယိုဖိုင်အဖြစ် ပြောင်းလဲပြုလုပ် နိုင်တဲ့အပြင် ဗီဒီယို ဖိုင်တွေကိုလည်း ကိုယ်တိုင် Edit ပြုလုပ်နိုင်ပါတယ်။ ဖုန်းရဲ့ပါဝါကို အအချိန်အတိုင်းအတာနဲ့ Alarm ပေးထားတဲ့ စနစ်လိုမျိုး အလိုအလျောက် အပိတ်အဖွင့် ပြုလုပ်နိုင်မယ့် ပါဝါ Schedule စနစ်ကိုလည်း ဒီဖုန်းမှာ အသုံးပြုနိုင်ပါတယ်။

အသေးစိတ်ဖော်ပြချက်

ဖုန်းမှာထည့်သွင်း အသုံးပြုထားတဲ့ CPU ကတော့ 1.3GHz Quad-core CPU ကိုအသုံးပြု ထားတာဖြစ်ပြီး ပုံရိပ်ဖော်ဆောင်နိုင်မှု ဂရပ်ဖစ် စနစ်အတွက်လည်း Mali 400MP GPU ကိုထည့်သွင်းပေး ထားတာတွေ့ရပါတယ်။ Bluetooth ကတော့ 2.1 စနစ်ဖြစ်ပြီး USB ကတော့ 2.0 ဖြစ်ပါတယ်။ ဖုန်းရဲ့ မှတ်ဥာဏ်စနစ် အတွက်ကတော့Internal Memory 4GB နဲ့ 512MB RAM စနစ်တွေ ပါဝင်ပါတယ်။ မှတ်ဥာဏ်ထပ်တိုးဖို့ အတွက်လည်း Micro SD Card 32GB ထိထပ်တိုး အသုံးပြုနိုင်မှာပါ။ စမတ်ဖုန်းတွေအတွက် အရေးပါတဲ့ ဘက်ထရီ စနစ်အတွက်လည်း 1400mAh Li-Ion ဘက်ထရီကို ထည့်သွင်း အသုံးပြုထားပြီး သာမန်ဖုန်းပြောခြင်းနဲ့ Standby အခြေအနေမျိုးမှာ ဆိုရင်တော့ အချိန်အတော်ကြာ ရက်အနည်းငယ်ထိ အသုံးပြုနိုင်တာ တွေ့ရပါတယ်။ ကင်မရာကတော့ နောက်ကင်မရာဟာ 5 Mega Pixel ရှိပြီး ရှေ့ကင်မရာကတော့ ရိုးရိုး VGA ကင်မရာပါ။ OS ကတော့ Android OS Version 4.4.2 ပါ။

သုံးသပ်ချက်

ဖုန်းတစ်ခုလုံးကို ခြုံငုံသုံးသပ်ကြည့်မယ် ဆိုရင်တော့ ဒီဖုန်းရဲ့ဈေးနှုန်းဟာ ကျပ် ၈၅,၀၀၀ ၀န်းကျင်မှာပဲ ရှိနေပြီး အသုံးပြုထားတဲ့ Hardware စနစ်ပိုင်းတွေနဲ့ CPU စနစ်တွေ၊ GPU တွေဟာ ကောင်းမွန်နေတဲ့အတွက် ဈေးနှုန်းနဲ့ အသုံးပြုနိုင်မှုကို နှိုင်းယှဉ်ကြည့် မယ်ဆိုရင်တော့ တန်တယ်လို့ ဆိုနိုင်ပါတယ်။ သင့်တင့်တဲ့ ဈေးနှုန်းနဲ့ စမတ်ဖုန်း တစ်လုံးကို အသုံးပြုနိုင်မှာပါ။ အသံအနည်းငယ် တိုးတဲ့အတွက် Ringtone တွေကိုတော့ အသံကျယ်ကျယ် Ringtone တွေ အသုံးပြုသင့်ပါတယ်။ မှတ်ဥာဏ်နည်းတဲ့ အတွက်တော့ ထပ်တိုးအသုံးပြု နိုင်ပေမယ့်  ကင်မရာ စနစ်ပိုင်းမှာတော့ Focus ကအနည်းငယ် နှေးတဲ့အတွက် ဓာတ်ပုံရိုက်ချိန်မှာ ဒါကိုတော့ ဂရုစိုက်ရ ပါလိမ့်မယ်။

-ကိုသက်