ဈေးကွက်တွင်းသို့ ဖြန့်ချိမည့် VR headset ကို Oculus မိတ်ဆက်

_83578385_f1ecf212-240e-46d2-95a7-633b7131892e.jpg

Facebook မှပိုင်ဆိုင်သော Oculus သည် ဈေးကွက်သို့ ဖြန့်ချိရောင်းချမည့် virtual reality headset ဗားရှင်းကို မိတ်ဆက်ခဲ့ပြီး ၎င်းထုတ်ကုန်နှင့်အတူ Xbox One ဂိမ်းခလုတ်လည်း တစ်ပါတည်းရောင်းချ သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ထို့အပြင် ကုမ္ပဏီအနေဖြင့် Oculus Touch ဟုအမည်ရသော လက်ကိုင်ဂိမ်းခလုတ် တစ်မျိုးကို ဖန်တီးလျက်ရှိကြောင်း ပြောဆိုခဲ့သေးသည်။ Oculus သည် လာမည့်နှစ် အစောပိုင်းတွင် Rift headset ကိုဖြန့်ချိ သွားမည်ဖြစ်ပြီး လက်ရှိတွင် “developer” ဗားရှင်း VR  headset များကို ရောင်းချပေးမည် ဖြစ်ကြောင်းသိရသည်။ အဆိုပါ VR ထုတ်ကုန်များသည် Sony ၏ Morpheus နှင့် HTC ၏ Vive ကဲ့သို့ ထုတ်ကုန်များကို ဈေးကွက်၌ ယှဉ်ပြိုင်နိုင်မည် ဖြစ်သည်။ Google သည်လည်း သုံးစွဲသူက virtual reality effect ဖန်တီးရန် စမတ်ဖုန်းဖြင့် အသုံးပြုရသော အခြေခံကျကျ ဖန်တီးထားသည့် Cardboard ထုတ်ကုန်ကို VR ဈေးကွက်တွင်းသို့ ဖြန့်ချိထားသည်။ Oculus သည် Microsoft နှင့် ပူးပေါင်းထားသောကြောင့် Rift headset ဖြင့် Xbox One ဂိမ်းများကို ရုပ်ရှင်ရုံရှိ screen များတွင် ကစားနေရသည့်အတိုင်း stream ပြုလုပ်ကစား နိုင်မည်ဖြစ်သည်။

Microsoft ၏ဂိမ်းဆိုင်ရာ အကြီးအကဲ ဖီးလ်စပင်ဆာသည်လည်း Oculus နှင့်ပူးပေါင်းမှု မိတ်ဆက်ခဲ့သည့်ပွဲတွင် လာရောက်ခဲ့သည်။ သို့သော်လည်း ၎င်းအနေဖြင့် မည်သည့်မှတ်ချက်မှ ပေးသွားခဲ့ခြင်း မရှိကြောင်းသိရသည်။ Microsoft နှင့် Oculus ပူးပေါင်းမှုသည် အန္တရာယ်ကြီးမားသည့် စွန့်စားမှု မဟုတ်သလို Morpheus ထုတ်ကုန်၏ လွှမ်းမိုးမှုကိုလည်း လျော့ပါးစေမည်ဖြစ်ကြောင်း၊ သို့သော်လည်း Xbox One ဂိမ်းများကစားနိုင်ရုံဖြင့် Oculus VR headset များ ရောင်းချရမည် မဟုတ်ကြောင်း၊ ဗွီဒီယိုဆိုင်ရာ အတွေ့အကြုံ တစ်ခုတည်းဖြင့် VR ထုတ်ကုန်များ မရောင်းရနိုင်ကြောင်း HIS အတိုင်ပင်ခံ လုပ်ငန်းရှိ ဗွီဒီယိုဂိမ်း လုပ်ငန်းဆိုင်ရာ ဆန်းစစ်သူ ပီယာဟာ့ဒ်ဒင်းရိုးက မှတ်ချက်ချခဲ့သည်။

Ref : BBC