WikiLeaks မှ ဖော်ပြခဲ့သော စာရွက်စာတမ်းအတုများ ဝေမျှခြင်းမပြုရန် ဆော်ဒီ တိုက်တွန်း

10400047_10153012839622825_8404131423273109974_n.jpg

သောကြာနေ့က WikiLeaks မှ ဖော်ပြခဲ့သော စာရွက်စာတမ်း အတုများကို ဝေမျှခြင်း မပြုရန် ဆော်ဒီအာရေဗျက နိုင်ငံသားများထံ တိုက်တွန်း ပြောကြားခဲ့သည်။ WikiLeaks သည် ဆော်ဒီ သံတမန်ရေးရာ လျှို့ဝှက် သတင်းပေးပို့ချက်များဟု ခေါ်ဆိုထားသော စာရွက်စာတမ်း ၆၀,၀၀၀ ကျော်ကို ဖော်ပြခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ထုတ်ပြန်ကြေညာချက်ကို နိုင်ငံခြားရေးဝန်ကြီးဌာနက ၎င်း၏ Twitter account ပေါ်မှ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း Reuters သတင်းအေဂျင်စီမှ ဖော်ပြခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ အိုစမာနာကလီက မည်သည့် စာရွက်စာတမ်းကိုမဆို ထုတ်ပြန်ကြေညာခြင်းနှင့် အပြန်အလှန်ဖလှယ်ခြင်းတို့အား ခွင့်မပြုကြောင်း၊ စာရွက်စာတမ်းအများစုကို အတုပုံစံ ပြုလုပ်ထားသည်မှာ သိသာထင်ရှားကြောင်း ဆိုခဲ့သည်။

အဆိုပါ စာရွက်စာတမ်းများနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီး ဝန်ကြီးဌာနအနေဖြင့် ပူးပေါင်းပါဝင် လုပ်ဆောင်သူများကို တရားစွဲဆိုသွားမည် ဖြစ်ကြောင်း နာကလီက ဆော်ဒီသတင်းအေဂျင်စီထံ ပြောကြားခဲ့သည်။

WikiLeaks မှ ဖော်ပြခဲ့သော စာရွက်စာတမ်းများတွင် မီဒီယာအပေါ် သြဇာလွှမ်းမိုးမှုရှိရန် ကြိုးပမ်းဆောင်ရွက်ချက်များ အပါအဝင် သံရုံးဆက်သွယ်မှုများ၊ သံတမန်များအကြား အီးမေးလ်ပေးပို့မှုများနှင့် အခြားအစိုးရအဖွဲ့အစည်းများမှ အစီရင်ခံစာများ ပါဝင်ကြောင်း သိရသည်။

ဖြန့်ချိထားသည့် စာရွက်စာတမ်းများသည် လက်ဝယ်ရရှိထားသော ဆော်ဒီစာရွက်စာတမ်း သန်းတစ်ဝက်ကျော်ခန့်မှ အနည်းငယ်သောပမာဏသာ ဖြစ်ပြီး ကျန်အချက်အလက်များကို ဖြန့်ချိသွားရန် စီစဉ်ထားကြောင်း WikiLeaks မှ ပြောကြားခဲ့သည်။

သို့ရာတွင် အဆိုပါ စာရွက်စာတမ်းများကို ရရှိခဲ့သည့် ရင်းမြစ်အား WikiLeaks မှ ဖော်ပြခဲ့ခြင်း မရှိပေ။

Ref: Aljazeera