Nissan GT-R ရဲ့ ပြိုင်ဘက် Lexus RC F ဆိုတာ ဒီလိုမျိုးတွေ ရှိတယ် …

2015-Lexus-RCF-Gallery-1204x677-LEX-RCF-MY15-00861-.jpg

ဟုတ်ပါတယ်၊ မော်ဒယ်ကတော့ နှစ်ယောက်စီး Coupe တန်းဝင် မော်ဒယ်ဖြစ်ပြီးတော့ စွမ်းဆောင်ရည်လို အပိုင်းကအစ အဖက်ဖက်က ကောင်းမွန်တာကြောင့် ဈေးကွက်မှာ လူကြိုက် များတာ တွေ့နိုင်ပါတယ်။ စွမ်းဆောင်ရည်မြင့် Coupe လောကမှာ ပြိုင်ဘက်တွေ ဈေးကွက်ယှဉ် ပြိုင်စရာများပေမယ့် ကျွန်တော်ကတော့ အာရှထုတ်မော်ဒယ် ဖြစ်တာကြောင့် ဥရောပမော်ဒယ်တွေနဲ့ နှိုင်းစာမပြောဘဲ အာရှထုတ် မော်ဒယ် အချင်းချင်းဖြစ်တဲ့ Nissan ရဲ့ GT-R မော်ဒယ်က RC F ရဲ့ ပြိုင်ဘက်လို့ ဆိုလိုက်ချင်ပါတယ်။ ဒါပေမဲ့ မော်ဒယ်တစ်ခုချင်းစီက အားသာချက် တစ်ချက်စီရှိနေတာ တွေ့ရသလို ဈေးကွက်မှာလည်း လူကြိုက်များမှုအပိုင်းက တစ်ပိုင်းစီ ဖြစ်နေတာကြောင့် ပြိုင်ဘက်အနေအထား လောက်ပဲပြောပါတော့မယ်၊ အကျယ် တဝင့်တော့ နှိုင်းစာမပြတော့ပါဘူး။ ကောင်းပါပြီ၊ ဒါဆိုကျွန်တော်တို့ ဆက်ပြီးတော့ RC F ဆိုတာ ဘယ်လိုမျိုး မော်ဒယ်လဲဆိုတာပဲ ဆက်ကြည့်ရအောင်ပါ။

ဆွဲဆောင်အားကောင်းစေဖို့ …

များသောအားဖြင့် အာရှက ထုတ်လုပ်တဲ့ မော်ဒယ်အများစုက ရုပ်ထွက်လှပါတယ်၊ ဒါပေမဲ့ အဲဒီလှတယ်ဆိုတာက ကျွန်တော်တို့ မျက်စိထဲမှာ ဖြစ်ပြီးတော့ ဥရောပကတော့ အာရှက ကားတွေကို လှတယ် မထင်ကြပါဘူး၊ ဒီလို အမြင်ပိုင်းကွဲတဲ့ အနေအထားမျိုးမှာ RC F ကို ဥရောပ ဈေးကွက်အတွက် အဓိကရည်ရွယ်ပြီး ထုတ်လုပ်တာဖြစ်တဲ့အတွက် သူ့ရဲ့ ရုပ်ထွက်ကို ဥရောပ စိတ်ကြိုက်ဖြစ်အောင် ချိုးဆစ်ထားတာမျိုး တွေ့ရပါတယ်။ အထူးသဖြင့် ကိုယ်ထည်ရဲ့ နောက်ဘက် အနားသတ်မှာ လှိုင်းပုံစံမျိုး ထည့်သွင်းထားတာတွေ့ရပြီး ဒါဟာ Supercar တွေရဲ့ ကိုယ်ထည် ချိုးဆစ်မှုမျိုး ဖြစ်သလို ရှေ့ဘက် လေခွင်းပေါက်မှာတော့ Lexus ရဲ့ ရုပ်ထွက်အတိုင်း သဲနာရီပုံစံ ဖန်တီးထားပြီး Lexus တံဆိပ်ကို ပေါ်လွင်အောင် ပုံမှန်ထက် နည်းနည်းကြီးထား တာ တွေ့ရပါတယ်။ ရှေ့မီးကြီးပိုင်းမှာတော့ ထူးခြားတဲ့ ဒီဇိုင်းပိုင်း ဆန်းသစ်မှုမရှိလို့ ဝေဖန်ခံရမှု အနည်းငယ်ရှိပေမယ့် မီးကြီးတွေရဲ့ စနစ်ကတော့ အကောင်းဆုံး အနေအထားမှာ ရှိနေတာ တွေ့ရပါတယ်။

ကိုယ်ထည်အောက်ပိုင်းက အထိုင်တွေ …

ကားတစ်စီးရဲ့ ကိုယ်ထည် အောက်ပိုင်းမှာ အရေးကြီးတဲ့ အထိုင်ကတော့ အဓိကအနေနဲ့ နှစ်မျိုးရှိတယ်လို့ ပြောရမှာပါ။ ပထမတစ်ချက်ကတော့ Suspension စနစ်ဖြစ်ပြီး နောက်တစ်ချက်
ကတော့ ဘရိတ်ပါ။ Suspension စနစ်မှာတော့ ရှေ့ဘက်မှာ Double WishBone နဲ့ Coil Spring တွေကို ထိုင်ထားပြီး Anti-roll Bar ကို ရံထားတာ တွေ့ရသလို နောက်ဘက်မှာလည်း အဆိုပါ Coil-Spring နဲ့ Anti-roll Bar တွေကို အသေထားပြီး Multi-link စနစ်နဲ့ သွားတာတွေ့ရပါတယ်။ Sport တစ်စီး ဖြစ်တာကြောင့် MacPherson ကို ဖြုတ်ထားတာတစ်ခုက လမ်းချော ပိုင်း မောင်းနှင်မှုမှာ အထူးကောင်းမွန်စေမယ့် အချက်လည်း ဖြစ်ပါတယ်။ ဘရိတ်ပိုင်းမှာတော့ ရှေ့ဘက် Disc ရဲ့ အရွယ်ကို ၃၈၀ မီလီမီတာ ထားရှိပြီး နောက်ဘက်ကတော့ ၃၄၅ မီလီမီတာ ရှိပါလိမ့်မယ်။ ဒီလို ဘရိတ် Disc အရွယ်ကြီးထားတာက Drag လုပ်ဆောင်နိုင်မှုကိုတော့ အားနည်းစေနိုင်ပါလိမ့်မယ်။

ဘယ်လောက်စွမ်းနိုင်မှာတဲ့လဲ …

တပ်ဆင်ထားတဲ့ အင်ဂျင်ပိုင်းကို ကြည့်မယ်ဆိုရင် ၅.၀ လီတာသုံး V8 အင်ဂျင်ကို တပ်ဆင်ထားတဲ့တစ်ချက်က ပုံမှန်ထက် နည်းနည်းကြီးနေတာ ဖြစ်ပေမယ့် အထက်မှာ ပြောခဲ့တဲ့ ပြိုင်ဘက် မော်ဒယ်တွေနဲ့ စာရင်တော့ အရမ်းကြီးလွန်းတာတော့ မဟုတ်ပါဘူး။ ဓာတ်ဆီစနစ်သုံး အင်ဂျင်ဖြစ်ပြီးတော့ ရုန်းအား ၃၉၁ ပေါင်-ပေရှိနေချိန်မှာ စွမ်းအင်ထွက်ရှိမှုက မြင်းကောင်ရေ ၄၇၁ ကောင်အားထိအောင် ရှိမှာဖြစ်ပါတယ်။ ဒီလိုမျိုး စွမ်းအင်ထွက်ရှိမှု ကောင်းမွန်ခြင်းက တာထွက်တွေနဲ့ အမြန်ဆုံး မောင်းနှင်နိုင်မှုအပိုင်းမှာ အားကောင်းစေမှာ ဖြစ်ပေမယ့် တစ်ဖက်က လမ်းကြမ်းပိုင်းမှာတော့ အားနည်းပါလိမ့်မယ်။ ဒါပေမဲ့ မော်ဒယ်က Coupe ဖြစ်တာကြောင့် လမ်းကြမ်းမောင်းနှင်မှုတော့ လုပ်ဆောင်ရဖို့ မရှိပေမယ့် တောင်တက်လမ်းလို နေရာတွေမှာပဲ အားနည်းတာ တွေ့ရပါလိမ့်မယ်။

ဘယ်လောက်မြန်နိုင်မှာလဲ …

အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှုအပိုင်းမှာ အမျိုးအစားတူ V8 အင်ဂျင်တပ် Audi RS5 နဲ့ စွမ်းဆောင်ရည်တူညီတာ တွေ့ရပြီး အင်ဂျင်အရွယ် နည်းနည်း ပိုကြီးတဲ့ RC F က
အမြန်ဆုံး မောင်းနှင်နိုင်မှုအပိုင်းမှာ ပိုပြီးအားကောင်းတာ တွေ့ရပါတယ်။ တစ်နာရီ မိုင် ၆၀ နှုန်းကို အချိန် ၄.၅ စက္ကန့် ယူမှာဖြစ်ပြီးတော့ အမြန်ဆုံး အနေနဲ့ကတော့ တစ်နာရီ ၁၆၈ မိုင်ထိအောင် ရမှာဖြစ်လို့ အလယ်အလတ်အနေအထား မော်ဒယ်လို့ပဲ ဆိုနိုင်ပါတယ်။ မောင်းနှင်နိုင်မှု အပိုင်းမှာက ဂီယာချက် ၈ ချက်ကိုသုံးပြီး မောင်းနှင်နိုင်မယ့် Auto စနစ်နဲ့ဖြစ်ပြီး အလေးချိန် တစ်တန်အတွက် စွမ်းအင် သက်ရောက်မှုနှုန်းက မြင်းကောင်ရေ ၂၆၆ ကောင်အား ဖြစ်နေတာ တစ်ခုကတော့ ပြိုင်ဘက်တွေထက် သာနေတာပါ၊ တစ်ခုရှိတာက  အလေးချိန်ပိုင်းမှာ ၁၇၆၅ ကီလိုဂရမ် လေးနေတာ တစ်ချက်က အမြန်နှုန်း မြှင့်တင်နိုင်မှုကို အားနည်းသွားစေတာပါ။

ဘာတွေ သိထားသင့်သေးလဲ …

ဈေးနှုန်းပိုင်းအရ ကြည့်မယ်ဆိုရင်လည်း ပြိုင်ဘက် မော်ဒယ်တွေနဲ့ ဈေးနှုန်း သိသာလောက်အောင် ကွာဟတာမျိုး မရှိပါဘူး။ ဆီစားနှုန်း အပိုင်းမှာတော့ အင်ဂျင်စနစ် အကြီးစားကို တပ်ဆင်ထားတာဆိုတော့ အများကြီး သက်သာတာ မတွေ့ရဘဲ ဆီတစ်ဂါလံကို ပျမ်းမျှ ၂၆.၂ မိုင်လောက်ထိအောင် စီးနင်းနိုင်တာ တွေ့ရပါတယ်။ တပ်ဆင်ထားတဲ့ ဆီတိုင်ကီကတော့ ၆၆ လီတာ
ဆံ့ဝင်နိုင်မှာဖြစ်လို့ ခရီးဝေး မောင်းနှင်မှုအတွက်ပါ အဆင်ပြေစေမယ့် အနေအထားဖြစ်ပေမယ့် ဆီတိုင်ကီကို နည်းနည်းကြီးထားတာ တစ်ချက်က အတွင်းခန်းနဲ့ နောက်ဘက် ဝန်တင်ခန်းကို ကျဉ်းသွားစေသလိုပါ။ တကယ်လို့သာ ဆီတိုင်ကီထဲကို ဆီအပြည့်  ဖြည့်ပြီး မောင်းနှင်မယ်ဆိုရင်တော့ ခရီးမိုင် ၃၈၀ ထိအောင် ရောက်ရှိမှာ ဖြစ်လို့ မဆိုးလှဘူးလို့ ဆိုရမှာပါ။ ဘီးတွေကတော့ ၁၉ လက်မအရွယ်တွေ ဖြစ်ပြီး Alloy နဲ့လာတာ တွေ့ရသလို ရှေ့ဘီးကိုတော့ သီသီလေးသေးပြီး ထည့်သွင်းတပ်ဆင်ထားပါတယ်။ စမ်းသပ်မောင်းနှင်မှုအရတော့ ပတ်လမ်းမှာ ပိုပြီး မောင်းနှင်လို့ ကောင်းတာ တွေ့ရသလို အကြမ်းခံနိုင်မှု ကွေ့လမ်းပိုင်း  လက်ကိုင်စနစ် အဆင်သင့်ပါတယ်။ ဒါဆို ကျွန်တော်တို့ သူ့ရဲ့ပြိုင်ဘက်အနေအထားတွေကိုလည်း သိပြီ၊ သူ့ အကြောင်းလဲ သိပြီပေါ့၊ ဒီတော့ ကျွန်တော်တို့ အကြိုက်ကို ရွေးထုတ်ဖို့ပဲ လိုတော့တာပါ၊ ကျွန်တော်က မော်ဒယ်တွေချင်း နှိုင်းစာချက် ရေးထားတာ မဟုတ်လို့ အကောင်းဆုံးကို ရွေးမပြတော့ပါဘူး၊ ကိုယ်တိုင်ပဲ စိတ်ကြိုက် ဆုံးဖြတ်ပါ။