iOS 9 နှင့် ပတ်သက်၍ သိထားသင့်သော အချက်များ

Ios9.jpg

Apple သည် ဇွန်လ ၈ ရက်က ဆန်ဖရန်စစ္စကိုမြို့တွင် ကျင်းပခဲ့သော Worldwide Developer’s conference (WWDC) ၌ ကုမ္ပဏီ၏ နောက်ဆုံးပေါ် မိုဘိုင်း operating system ဖြစ်သည့် iOS 9 ကို မိတ်ဆက်ကြေညာခဲ့သည်။

ယခုနှစ်ကုန်ပိုင်းတွင် အခမဲ့ ဖြန့်ချိမည့် အဆိုပါ iOS update တွင် သုံးစွဲသူ၏ privacy ကို စိုးရိမ်ရန် မလိုသည့် Proactive ကဲ့သို့သော feature သစ်များ ပါဝင်လာမည် ဖြစ်သည်။

ထို့အတွက်ကြောင့် Apple ၏ နောက်ဆုံးပေါ် iOS ဗားရှင်းအကြောင်း သိထားသင့်သည်များကို ဖော်ပြလိုက်ပါသည်။

iOS 9: Smarter Siri

Apple သည် ၎င်း၏ virtual personal assistant Siri ကို Microsoft ၏ Cortana နှင့် Google Now တို့ဖြင့် ယှဉ်ပြိုင်နိုင်ရန်အတွက် ပိုမိုကောင်း မွန်အောင် ပြုလုပ်ထားပြီး feature သစ်အချို့ကို ထည့်သွင်းပေးခဲ့သည်။

ဥပမာအနေဖြင့် Proactive feature သည် အချိန်နှင့် တည်နေရာစသည့် တိကျသေချာသည့် အကြောင်းအရာအပေါ် မူတည်ကာ ခန့်မှန်းမှုများ ပြု လုပ်ပေးမည် ဖြစ်သည်။ ထို့ကြောင့် iOS 9 သုံးစွဲသူက အားကစားရုံတွင် လေ့ကျင့်ခန်းပြုလုပ်နေစဉ် ဖုန်းတွင် နားကြပ်တပ်လိုက်သည့်အခါ Proactive က လေ့ကျင့်ခန်းလုပ်စဉ် နားစဉ်ရန် သတ်မှတ်ထားသည့် သီချင်းများကို အလိုအလျောက် ဖွင့်ပေးမည် ဖြစ်သည်။

ထို့အပြင် email ကိုကြည့်နေချိန် Siri ကိုဖွင့်ပြီး “remind me about this later” ဟု ပြောကြားသည့်အခါ Siri က သက်ဆိုင်ရာ email ကို ဖွင့်ပေးရန်အတွက် reminder တစ်ခု ဖန်တီးပေးမည် ဖြစ်သည်။Proactive Assistant သည် invitation များနှင့် event များကိုလည်း Calendar app တွင် အလိုအလျောက် ထည့်သွင်းပေးမည် ဖြစ်သည်။

သို့သော်လည်း Google Now ကဲ့သို့ အချက်အလက်များကို Apple server များတွင် သိမ်းဆည်းထားမည် မဟုတ်သလို third party များထံသို့လည်း ဝေမျှပေးမည် မဟုတ်ကြောင်း Apple မှ ဆိုခဲ့သည်။

iOS 9: Better Maps

iOS 9 ၏ Apple Maps တွင် ကမ္ဘာတစ်ဝန်းရှိ မြို့များ၏ အများပြည်သူ သယ်ယူပို့ဆောင်ရေးအတွက် လမ်းကြောင်းများကို ထောက်ပံ့ပေးမည့် စနစ် ပါဝင်လာသည်။

Transit feature သည် မြေပုံပေါ်တွင် ကားမှတ်တိုင်နှင့် ဘူတာရုံများကို ဖော်ပြပေးမည် ဖြစ်ပြီး သွားရောက်ရမည့် အကွာအဝေးနှင့် ကြာမြင့်ချိန်များကိုလည်း လမ်းကြောင်းများနှင့်တကွ ဖော်ပြပေးမည် ဖြစ်သည်။

ထို့အပြင် သုံးစွဲသူတစ်ဦးက ဘူတာတစ်ခု သို့မဟုတ် မှတ်တိုင်တစ်ခုကို နှိပ်လိုက်သည့်အခါ ကား/ရထား ထွက်ခွာမည့်အချိန်၊ နောက်ကျမည့် အချိန်နှင့် အခြားအချက်အလက်များကို ရရှိနိုင်မည် ဖြစ်သည်။ Transit feature ကို မြို့ ၁၀ မြို့တွင် စတင် အသုံးပြုနိုင်မည် ဖြစ်သည်။

iOS 9: QuickType

iOS 9 တွင် editing tool သစ်များ၊ multi-touch gesture များနှင့် Shortcut Bar တစ်ခုတို့ ပါဝင်လာသည်။ Touch-sensitive QuickType keyboard ကို trackpad ကဲ့သို့ သုံးနိုင်ရန် အဆင့်မြှင့်ထားသည်။

iPad အတွက် ထောက်ပံ့မှုများတွင် cut, copy နှင့် paste အပြင် text format များအတွက် ခလုတ်များ ပါဝင်လာသည်။

iOS 9: Split View, Slide Over and Picture-in-Picture

iPad တွင် iOS 9 ကို အသုံးပြုသည့်အခါ app switcher သစ်ဖြင့် အသုံးပြုနိုင်မည် ဖြစ်သည်။

Slide Over feature သည် သုံးစွဲသူများက ဒုတိယ app တစ်ခုကို အသုံးပြုလိုသည့်အခါ ပထမဖွင့်ထားသည့် app နှင့်အတူ တစ်ပြိုင်နက် အသုံးပြုနိုင်စေမည် ဖြစ် သည်။ အဆိုပါ app နှစ်ခုစလုံးကို အသုံးပြုရာတွင်လည်း တစ်ပြိုင်နက် ထိန်းချုပ်အသုံးပြုနိုင်မည် ဖြစ်သည်။

Picture-in-Picture feature သည် သုံးစွဲသူများက အခြား app များကို အသုံးပြုရင်း FaceTime ခေါ်ဆိုမှုတစ်ခုကို ဆက်လက်ပြုလုပ်နိုင်စေသည်။ Split View feature ကမူ iPad တွင် app နှစ်ခုကို တစ်ပြိုင်နက် အသုံးပြုစေနိုင်သည်။

iOS 9: News app

Apple ၏ News app အသစ်သည် ပုံနှိပ်မဂ္ဂဇင်းတစ်ခု၏ လှပသည့် ဒီဇိုင်းနှင့် ဒီဂျစ်တယ်မီဒီယာ၏ အပြန်အလှန်အကျိုးပြုမှုတို့ကို ပေါင်းစပ်ထားသည့် စာဖတ် အတွေ့အကြုံကို ပေး စွမ်းနိုင်မည်ဟု ကုမ္ပဏီမှ ကတိပြုထားသည်။

၎င်းသည် Flipboard ၏ interface နှင့် အလားသဏ္ဍာန်တူပြီး သုံးစွဲသူများ အနေဖြင့် စိတ်ဝင်စားသည့် သတင်းများကို အလွယ်တကူ ဖတ်ရှုနိုင်စေမည် ဖြစ်သည်။

News app ဖြင့် သတင်းဖတ်ရှုသူများသည် မိမိ စိတ်ဝင်စားရာ အကြောင်းအရာကို ရွေးချယ်ဖတ်ရှုနိုင်မည် ဖြစ်သည်။

New York Times သည် Apple News app အတွက် တစ်လလျှင် အခမဲ့ သတင်းဆောင်းပါး ၃၀ ကို ထောက်ပံ့ပေးသွားမည် ဖြစ်သည်။ ESPN ကလည်း News app အတွက် အထောက်အပံ့ပေးရန် သဘောတူညီမှု ရရှိထားပြီး Vanity Fair, Vogue, GQ နှင့် Wired ကဲ့သို့သော ဒီဂျစ်တယ်မီဒီယာတို့ကို ပိုင်ဆိုင်သည့် Conde Nast ကုမ္ပဏီဖြင့်လည်း ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဆိုသည်။

iOS 9 ကို ဘယ်အချိန်မှာ အသုံးပြုနိုင်မလဲ?

iOS 9 ကို လက်ရှိတွင် developer များအတွက် beta software အနေဖြင့် ဖြန့်ချိထားသည်။ အခြား developer အားလုံးအတွက် public beta ကိုမူ ဇူလိုင်လတွင် ဖြန့်ချိပေးရန် စီစဉ်ထားသည်။

သုံးစွဲသူများကမူ iOS 9 ကို အခမဲ့ upgrade အနေဖြင့် ယခုနှစ်ကုန်ပိုင်းတွင် အသုံးပြုနိုင်မည် ဖြစ်သည်။ iOS 8 အသုံးပြုနိုင်သည့် ထုတ်ကုန်အားလုံးက iOS 9 ကို အသုံးပြုနိုင်မည် ဖြစ်သောကြောင့် iPhone 4S နှင့်အထက်၊ iPad 2 နှင့် iPad mini အထက်အပြင် iPod touch 5th generation တို့တွင် အသုံးပြုနိုင်မည် ဖြစ်သည်။

ထို့အပြင် Apple သည် iOS 9 ကို update လုပ်ရာတွင် သိုလှောင်မှု ပမာဏ လိုအပ်ချက်ကို လျှော့ချပေးခဲ့သည်။ ယခင် iOS 8 ကို update လုပ်စဉ်က လိုအပ်သည့် နေရာလွတ်ပမာဏ 4.6GB ရှိခဲ့သော်လည်း ယခုအခါ 1.3GB သာ လိုအပ်တော့မည် ဖြစ်သည်။