BarCamp TU-Meiktila 2015 ဖြစ်မြောက်ရေးအဖွဲ့၏ ပြော ကြားချက်

2015-barcamp-logo.jpg

ကိုကောင်းထက်ထွန်း (Organizer Team Leader)


နည်းပညာ တက္ကသိုလ် (မိတ္ထီလာ)မှာ ဒုတိယ  အကြိမ်မြောက်အဖြစ် ကျင်းပမယ့် BarCamp TU-Meiktila 2015 မှာ Organizer Team Leader အဖြစ် တာဝန်ယူထားပါတယ်။ ဒီနှစ်မှာ ဒုတိယအကြိမ်မြောက်အဖြစ် ကျင်းပဖို့ နှစ်စကတည်းက ပြင်ဆင်ထားခဲ့ပြီး အခက်အခဲတချို့ရှိခဲ့တဲ့အတွက်ကြောင့် အရင်ကြေညာထားတဲ့နေ့မှာ မကျင်းပဖြစ်ဘဲ ရက်သတ္တပတ် ၂ ပတ် နောက်ဆုတ်လိုက်ရပါတယ်။ ကျွန်တော်တို့မှာ ပွဲဖြစ်စေချင်တဲ့ ဆန္ဒကလွဲလို့ ဘာအင်အားမှမရှိတဲ့အချိန်မှာ BarCamp Yangon Organizer Team အနေနဲ့ ကူညီပံ့ပိုးပေးခဲ့ပါတယ်။ ဘားကမ့် ရန်ကုန် Organizer Team ကပဲ အခြားလုပ်ငန်းရှင်တွေကို ချိတ်ဆက်ပေးခဲ့တဲ့အတွက် ZawGyi Mart မှ Co -Sponsor အဖြစ် ပံ့ပိုးပေးခဲ့ပါတယ်။ မြို့ခံ Pure Plus ရေသန့်လုပ်ငန်းမှလည်း  ပံ့ပိုးပေးခဲ့တဲ့အတွက် ဒုတိယအကြိမ်မြောက် ဘားကမ့်ကို အသက်သွင်းနိုင်ခဲ့တာပါ။ ကူညီပံ့ပိုးပေးတဲ့ လုပ်ငန်းရှင်များကိုလည်း အထူး ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ ပြီးတော့ ခွင့်ပြုအားပေး
ခဲ့တဲ့ နည်းပညာတက္ကသိုလ် (မိတ္ထီလာ)မှ “ပါမောက္ခချုပ် ဒေါက်တာသိမ့်” အားလည်း အထူးပင် ကျေးဇူးတင်ရှိပါတယ်။ အရင်နှစ်တွေလိုပဲ ကဏ္ဍစုံ ဟောပြောဆွေးနွေးမှုတွေ ပါဝင်သွားမှာဖြစ်ပြီး နည်းပညာကဏ္ဍနဲ့ Project များကို ပိုမိုအလေးပေးထားပါတယ်။ အင်ဂျင်နီယာ ဘာသာရပ်ဆိုင်ရာ ဟောပြော ဆွေးနွေးမှုများလည်း များစွာပါဝင်သွားမှာဖြစ်ပြီး မိတ္ထီလာမြို့မှ အခြား
တက္ကသိုလ်၊ ကောလိပ် (၅)ခုမှ ပါမောက္ခချုပ်နဲ့ ဆရာ၊ ဆရာမများကိုလည်း ဟောပြောဆွေးနွေးပေးဖို့ ဖိတ်ထား ပါတယ်။ BarCamp TU-Meiktila 2015 ကို ဝါသနာတူ နည်းပညာ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ ဖွဲ့စည်းထားတဲ့ “စာပေနှင့် အနုပညာအသင်း” မှ ကြီးမှူးကျင်းပခြင်း ဖြစ်ပါတယ်။

ကိုမျိုးသန့်ကျော် (Marketing Team)


Marketing Team အနေနဲ့ကတော့ ဘဏ္ဍာငွေရှာဖွေရေး အပိုင်းမှာ  အဓိကထားဆောင်ရွက်ရပါတယ်။ ဒုတိယအကြိမ်မြောက် ကျင်းပနိုင်ဖို့အတွက် Sponsor ရှာဖွေဖို့ ကြိုးစားခဲ့ရာမှာ အခက်အခဲတချို့ ရှိခဲ့တဲ့အတွက် Organizer Team မှ ကိုယ်ထူကိုယ်ထ ကျင်းပဖို့ကို ဆုံးဖြတ်ခဲ့ရပါတယ်။ ဒါပေမဲ့ BarCamp Yangon Organizer Team မှ ပံ့ပိုးမတည်ပေးခဲ့တဲ့အပြင် ZawGyi Mart (Online Store) နှင့်လည်း ချိတ်ဆက်ပေးခဲ့တဲ့အတွက် များစွာအဆင်ပြေခဲ့ရပါတယ်။ မြို့ခံ Pure Plus ရေသန့်လုပ်ငန်းနဲ့ Khant Khant ရေသန့် လုပ်ငန်းတို့မှလည်း Co – Sponsor အဖြစ် ထပ်လောင်းကူညီပေးခဲ့ပါတယ်။ အခက်အခဲတွေ ကြားကနေ ဘားကမ့်တက်ရောက်သူများကို အမှတ်တရလက်ဆောင်များပေးဖို့ စီစဉ်ထားရှိပြီး ပိတ်ပွဲမှာလည်း ကံစမ်းမဲ အစီအစဉ်ကို ထည့်သွင်း ပေးနိုင်ဖို့ ကြိုးစားထားပါတယ်။ ကူညီပံ့ပိုးသူ စပွန်ဆာများကိုလည်း အထူးကျေးဇူးတင်ဂုဏ်ပြုလွှာပေးအပ်ဖို့နဲ့ BarCamp Logo ပြိုင်ပွဲမှ ဆုရရှိသူများကို ဆုချီးမြှင့်ပေးဖို့လည်း စီစဉ်ဆောင်ရွက်ထားပါတယ်။

ကိုမင်းဇော်ထူး (Public Relation Team)


ကျွန်တော်ကတော့ PR ပိုင်းမှာ တာဝန်ယူထားတာ ဖြစ်တဲ့အတွက် သတင်းအချက်အလက်ဖြန့်ဝေဖို့နဲ့ ပွဲကို အခြားတက္ကသိုလ်များမှ ကျောင်းသား၊ ကျောင်းသူများနဲ့ မြို့ခံတွေကအစ သိရှိလာအောင် အတတ်နိုင်ဆုံး သတင်းတွေ ဖြန့်ထားပါတယ်။ ကျောင်းသား၊ ကျောင်းသူတွေကြားမှာ ဘားကမ့်နဲ့ ပတ်သက်ပြီး ပိုမိုသိရှိလာဖို့နဲ့ ဒီနှစ်မှာပါဝင်တဲ့ အစီအစဉ်အသစ်တွေကို သိရှိလာဖို့၊ လက်ကမ်း စာစောင်ဝေတာတွေ၊ ကြော်ငြာ ဘုတ်ထောင်တာတွေ၊ ပွဲမှာဟောပြောမယ့် Topic ခေါင်းစဉ်တွေ ပါဝင်တဲ့ ဗီနိုင်းကပ်တာတွေလည်း ပြုလုပ်ထားပါတယ်။ ဖိတ်ကြားရေး အပိုင်းမှာလည်း တာဝန်ယူထားပြီး အခြားကျောင်းများနဲ့ ဌာနဆိုင်ရာရုံးတွေကို ဖိတ်ကြားထားပါသေးတယ်။ ဒီနှစ်ပွဲမှာ မနှစ်တုန်းက မပါဝင်ခဲ့တဲ့ BarCamp Museum ကိုလည်း ပြင်ဆင် ထားပါတယ်။ မြန်မာနိုင်ငံအနှံ့ ကျင်းပနေတဲ့ ဘားကမ့်တွေရဲ့ အကြောင်းအပြင် ဘားကမ့်ဆိုတာ ဘာလဲဆိုတာ ပိုမိုသိရှိနိုင်အောင်ရယ်၊ တက်ရောက်လေ့လာသူများ Network
ကျယ်ပြန့် လာအောင်ရယ် ရည်ရွယ်ပြီးတော့ BarCamp Museum ကို ပြင်ဆင်ဖြစ်ခဲ့တာပါ။ ပွဲအတွင်းမှာလည်း Tech Support Team နဲ့ ပူးပေါင်းပြီး ပွဲကျင်းပနေပုံတွေ၊ ပွဲနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို အချိန်နဲ့ တစ်ပြေးညီ Online ပေါ်မှာ လွှင့်တင်ပေးနိုင်ဖို့ အသေးစိတ် စီစဉ်ဆောင်ရွက်ထားပါတယ်။

ကိုဝေယံထက် (Tech Support Team)


ပွဲအတွင်း နည်းပညာပိုင်းဆိုင်ရာတွေကို မန္တလေးမှ လာရောက်ကူညီပေးမယ့်  “မိသားစု ကမ္ဘာ ပရဟိတ” အဖွဲ့နဲ့ ပူးပေါင်းထားပါတယ်။ “မိသားစုကမ္ဘာ ပရဟိတ” အဖွဲ့က မနှစ်က ပထမဆုံးအကြိမ်ဘားကမ့်မှာလည်း ကူညီပေးခဲ့ပေးပြီး ပညာရပ်ဆိုင်ရာ Data များကို ဝေငှပေးခဲ့ပါသေးတယ်။ ဟောပြောဆွေးနွေးကြမယ့် အခန်းတွေထဲမှာ Projector များထားရှိဖို့ကို ကျောင်းရှိ Projector တချို့နဲ့ စီစဉ်ထားပါတယ်။ Projector မရှိတဲ့ အခန်းတွေလည်း အဆင်ပြေစေဖို့ Monitor များ ထားရှိပါတယ်။ Tech Support Team အနေနဲ့ Speaker များ ဟောပြောဆွေးနွေးရာမှာ နည်းပညာပိုင်းဆိုင်ရာ အခက်အခဲ မရှိစေဖို့ကို ဆောင်ရွက်ပေးမှာဖြစ်ပြီး Speaker များအတွက် Certificate များကို အချိန်မီပေးနိုင်အောင် ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ် ဘားကမ့်မှာ အင်တာနက်အတွက် MC-Will (၂) လိုင်း ချိတ်ဆက်ဆောင်ရွက် ပေးခဲ့ပေမယ့် နေရာဒေသ အခက်အခဲတွေကြောင့် သိပ်အဆင်မပြေခဲ့တဲ့အတွက် ဒီနှစ်မှာတော့ အင်တာနက်လိုင်း
ကို ရရှိနိုင်မှာ မဟုတ်ပါဘူး။ ပွဲကျင်းပနေစဉ် အတောအတွင်းမှာ သတင်းအချက်အလက်တွေနဲ့ ဓာတ်ပုံတွေကို Online မှာ တင်ပေးသွားမှာပါ။