iPhone ထုတ်လုပ်မှုအတွက် အိန္ဒိယတွင် စက်ရုံ တည်ဆောက်ရန် Foxconn ဆွေးနွေးနေ

10551482_10152989609422825_3632700993368189007_o.jpg

မကြာမီတွင် iPhone ၏ ကျောဘက်၌ “Assembled in India” ဟူသော စာတန်းကို မြင်တွေ့ရဖွယ်ရှိသည်။

iPhone နှင့် iPad အပါအဝင် Apple ထုတ်ကုန်များကို တပ်ဆင်သည့် တရုတ်ကုမ္ပဏီဖြစ်သော Foxconn သည် အိန္ဒိယတွင် စက်ရုံသစ်တစ်ခု ဖွင့်လှစ်ဖွယ်ရှိကြောင်း Reuters မှ ဖော်ပြခဲ့သည်။ အိန္ဒိယအနောက်ဘက်ရှိ မဟာရက်ရှ်ထရာပြည်နယ်မှ စက်မှုဝန်ကြီးဖြစ်သူ ဆူဘက်ရှ်ဒီဆိုင်းက Foxconn အနေဖြင့် တစ်လအတွင်း နေရာတစ်နေရာ ရှာဖွေဖွယ်ရှိကြောင်း Reuters ထံ ပြောကြားခဲ့သည်။

အဆိုပါ အပြောင်းအလဲသည် အီလက်ထရွန်နစ် ထုတ်ကုန်များ တပ်ဆင်ထုတ်လုပ်မှုတွင် ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီဖြစ်သော Foxconn က Apple ထုတ်ကုန် ဝယ်လိုအားကို ပိုမိုသက်သာသည့် ကုန်ကျစရိတ်ဖြင့် အချိန်ကိုက် တပ်ဆင်ထုတ်လုပ်ပေးနိုင်ရန်အတွက် ဖြစ်ကြောင်း သိရသည်။ ၎င်းသည် တရုတ်နိုင်ငံ၏ မြင့်မားသော အလုပ်သမားစရိတ်ကို လျှော့ချနိုင်မည် ဖြစ်သော်လည်း သုံးစွဲသူများက ယခင်ထက် သက်သာသည့် ဈေးနှုန်းဖြင့် ရရှိနိုင်ဖွယ် မရှိပေ။

ယခုကဲ့သို့ Foxconn က အိန္ဒိယတွင် ဖုန်းများ တပ်ဆင်ထုတ်လုပ်ရန် ကြိုးပမ်းနေခြင်းမှာ ပထမဦးဆုံးအကြိမ် မဟုတ်ပေ။ အဆိုပါ ကုမ္ပဏီသည် ပြီးခဲ့သည့်နှစ်က Microsoft မှ ဝယ်ယူခဲ့သော မိုဘိုင်းထုတ်ကုန်လုပ်ငန်း ဖြစ်သည့် Nokia အတွက် ဖုန်းများ တပ်ဆင်ထုတ်လုပ်မှုကို ယခင်က အိန္ဒိယတွင် လုပ်ဆောင်ခဲ့ဖူးသည်။

အိန္ဒိယနိုင်ငံသည် နည်းပညာကျွမ်းကျင် အလုပ်သမား အများအပြားကို ပိုင်ဆိုင်ထားသောကြောင့် အီလက်ထရွန်နစ် ထုတ်ကုန်များ တပ်ဆင်ထုတ်လုပ်မှုအတွက် နာမည်ကျော်ကြားလျက်ရှိသည်။

၂၀၁၉ ခုနှစ်တွင် အိန္ဒိယ၌ စမတ်ဖုန်း အရေအတွက် သန်း ၆၅၀ ရှိလာနိုင်ပြီး tablet အရေအတွက်မှာ ၉ ရာခိုင်နှုန်းမြင့်တက်ကာ ၁၈.၇ သန်းအထိ ရှိလာနိုင်ကြောင်း Cisco Systems ကုမ္ပဏီမှ ပြောကြားခဲ့သည်။

Ref: CNET