ပြည်တွင်းမှာလည်း ဝယ်ယူ ရရှိနိုင်တော့မယ့် ပြင်သစ် မော်ဒယ် Peugeot 308

Car.jpg

အခု တစ်ပတ်မှာတော့ ကျွန်တော်က မကြာခင် အချိန်မှာပဲ ပြည်တွင်းမှာ တရားဝင် Showroom ဖွင့်ပြီး ရောင်းချတော့မယ့် မော်တော်ကားကုမ္ပဏီတစ်ခုဖြစ်တဲ့ Peugeotရဲ့ မော်ဒယ်တစ်ခု ဖြစ်တဲ့ 308 နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ တကယ်တမ်း ပြောရမယ်ဆိုရင်တော့ ပြင်သစ်ကားတွေနဲ့ ကျွန်တော်တို့နဲ့က တော်တော်ကို စိမ်းတယ်လို့ ပြောရမယ့် အနေအထားပါ။ အကြောင်းကတော့ Volkswagen ဆိုရင် အခုသာ ပြည်တွင်းဈေးကွက်နဲ့ စိမ်းသွားတာဖြစ်ပေမယ့် အရင်တုန်းကတော့ ပြည်တွင်းမှာ အရမ်းကိုပဲ နေရာရခဲ့တဲ့ အမျိုးအစားတွေ ဖြစ်တာကြောင့်ပါ။ ဒီနေရာမှာ ပြင်သစ်ရဲ့ ကြီးသုံးကြီးတွေဖြစ်တဲ့ အခုပြောနေတဲ့ Peugeot ရော Citroen ရော Renault ရော သုံးမျိုးစလုံးက ပြည်တွင်းမှာ လူကြိုက်များလှတဲ့ အမျိုးအစားတွေ အဖြစ်နဲ့ အရင်ကလည်း မရှိခဲ့ဖူးသေးတာ ဖြစ်သလို အခုလည်း စိမ်းနေသေးတာပါ။ တကယ်တမ်း ပြောရမယ်ဆိုရင်တော့ Peugeot တွေက ဥရောပ ဈေးကွက်မှာ ဆရာပါ။ အရည်အသွေး လည်း ကောင်းပါတယ်၊ စွမ်းဆောင်ရည်လည်း သင့်တင့်ပြီး ဒီဇိုင်းပိုင်း ဆွဲဆောင်ရည်လည်း ရှိတာကြောင့် ပြည်တွင်းမှာ လာရောက် ဈေးကွက်ချဲ့ထွင်မယ့် ပြင်သစ်မော်ဒယ်က လာခြင်းကောင်းနိုင်တဲ့ အနေအထားပါ။ ဒါပေမဲ့ တစ်ခုရှိတာကတော့ ဈေးနှုန်းပိုင်း ချိုချိုသာသာနဲ့ ရောင်းချနိုင်ဖို့ပဲ ဖြစ်ပါတယ်။ ဒီတော့ ကျွန်တော် အခု ညွှန်းနေတဲ့ 308 အကြောင်းကို ဆက်ကြည့်လိုက်ကြရအောင်ပါ ……

ကိုယ်ထည်ပိုင်း တည်ဆောက်မှု

သံမဏိကို ဦးစားပေးပြီး Monocoque ပုံစံနဲ့ ကိုယ်ထည် အထိုင်ကို တည်ဆောက်ထားတာ တွေ့ရပြီး အလေးချိန်က ၁၃၉၅ ကီလိုဂရမ်လေးမှာ ဖြစ်ပါတယ်။ Drag လုပ်ဆောင်နိုင်မှု
အများဆုံးနှုန်းက ၀.၃၀ ဖြစ်ပြီးတော့ ဘီးတွေက ၁၈ လက်မ အရွယ် Alloy သားတွေနဲ့ ဖြစ်ပါတယ်။ Suspension စနစ်မှာ ရှေ့ဘက်ကို MacPherson အထိုင်ထားပြီး Coil Springs နဲ့ Anti-Roll တွေကို အကူထိုင်ထားသေးတာ တွေ့နိုင်သလို နောက်ဘက်ဆိုရင်လည်း Torsion Beam ကို ထိုင်ထားတာက ပုံမှန်အိမ်စီးကား မော်ဒယ်တွေမှာ အတွေ့ ရနည်းတာ ဖြစ်ပေမယ့် လမ်းကြမ်းပိုင်း စွမ်းဆောင်ရည် ပိုမိုကောင်းမွန်စေတဲ့ အားသာချက်တစ်ချက်တော့ ရလာပါလိမ့်မယ်။ ပြီးတော့ Trailing Arm တွေကိုလည်း ရံထားပေးသေးတာ တွေ့ရတာကြောင့် ဒီစနစ်က မော်ဒယ်မှာ အကောင်းဆုံးစနစ်လို့ ဆိုနိုင်ပါတယ်။

အင်ဂျင်ပိုင်း

ရှေ့ဘက် အင်ဂျင်ထိုင်စနစ်နဲ့ ၁.၆ လီတာသုံး မပြည့်တဲ့ ပုံမှန်လေးလုံးထိုး အင်ဂျင်ကို တပ်ဆင်ထားတာ တွေ့ရပြီး Turbo စနစ်ကိုလည်း ထည့်သွင်းထားသေးတာကြောင့် အင်ဂျင်စနစ်က လှည့်
ကြည့်စရာ မလိုလောက်တော့ပါဘူး။ ဒီဇယ်ဆီစနစ်သုံး အင်ဂျင်စနစ်ဖြစ်တာကြောင့် နောက်ပိုင်း ဥရောပမှာ ဒီဇယ်ကားတွေ ကန့်သတ်ချက်များလာရင် အခု 308 လို မော်ဒယ်တွေ စွမ်းဆောင်ရည် ပိုကောင်းရင် ကောင်း၊ မကောင်းရင် အာရှနဲ့ အခြားဈေးကွက်တွေဘက် အများအပြား ရောက်ရှိလာနိုင်သလို ဈေးနှုန်းလည်း ကျလာပါလိမ့်မယ်။ ဒါပေမဲ့ အင်ဂျင်စနစ်ကတော့ ဓာတ်ငွေ့ထုတ် လွှတ်မှုနှုန်းပါ လက်ရှိအနေအထားကတော့ အပြစ်ပြောစရာ တစ်ချက်မှ မတွေ့ရပါဘူး။ အင်ဂျင်ရဲ့ အမြန်ဆုံး လည်ပတ်နိုင်မယ့်နှုန်းက တစ်မိနစ်ကို အပတ်ရေ ၅၅၀၀ ပဲဖြစ်ပြီးတော့ ဒီလို အပတ်ရေ နည်းပါးမှုက ဆီစားနှုန်း သက်သာစေနိုင်မယ့်အချက် ဖြစ်နေပါတယ်။

စွမ်းဆောင်နိုင်မှု

အင်ဂျင်ကနေ ထုတ်လုပ်ပေး နိုင်မယ့် စွမ်းအင်ပမာဏက ရုန်းအား ၁၉၉ ပေါင်-ပေမှာ မြင်းကောင်ရေ ၁၁၄ ကောင်အား ဖြစ်ပြီးတော့ မိသားစု သုံး၊ လေး ၊ ငါးယောက်စီး မော်ဒယ်အတွက် ကတော့ အနေတော်လောက်ပါပဲ။ ကားနဲ့ ဝန်ရဲ့ အလေးချိန် တစ်တန်အတွက် စွမ်းအင် သက်ရောက်နိုင်မှုနှုန်းက တစ်တန်အတွက် မြင်းကောင်ရေ ၈၂ ကောင်အားက ပြိုင်ကားတွေ မဟုတ်တဲ့အခုလို 308  မော်ဒယ်မှာ ကွက်တိပါပဲ။ပြီးတော့ ရုန်းအားသက်ရောက်မှုနှုန်း အပိုင်းမှာက တစ်တန်အတွက် ၁၄၃ ပေါင်-ပေက တော်တော်တန်တန်တောင်တက်လမ်းနဲ့ လမ်းကြမ်း အနေအထားကို အလွယ်တကူ ဖြတ်ကျော် မောင်းနှင်နိုင်မှာလည်း ဖြစ်ပါတယ်။

မောင်းနှင်နိုင်မှု

Transmission အပိုင်းမှာ ကြည့်မယ်ဆိုရင် ဂီယာချက် ၆ ချက်ကို အသုံးပြု မောင်းနှင်နိုင်မယ့် Manual စနစ်ကို ထည့်သွင်း တပ်ဆင်ထားတာ တွေ့ရပြီး ဆီစားနှုန်းအပိုင်း သက်သာစေနိုင်မယ့် စနစ်ဖြစ်ပေမယ့် ပြည်တွင်းမှာတော့ ဒီစနစ်က လူကြိုက်နည်းစေနိုင်ပါတယ်။ ဒါပေမဲ့ ပြည်တွင်းအတွက် မော်ဒယ်ကတော့ Auto စနစ်နဲ့လည်း ရောက်လာနိုင်ပါတယ်။ အမြန်နှုန်း မြှင့် တင်မောင်းနှင်နိုင်မှုအပိုင်းမှာတော့ တစ်နာရီ မိုင် ၆၀ နှုန်းကို အချိန် ၁၀.၁ စက္ကန့်ထိအောင် ယူမယ်ဆိုတဲ့ အနေအထားကတော့ တခြားအိမ်စီး မော်ဒယ်တွေ ထက် နှေးနေတယ် လို့ ဝေဖန်ခံနေရတဲ့ အနေအထားဖြစ်ပြီးတော့  ပျမ်းမျှ  ၉ စက္ကန့် ဝန်းကျင်လောက်နဲ့ ရောက်သင့်တယ်လို့ ကျွန်တော်ကတော့ မြင်မိပါတယ်။ Peugeot ကတော့ သူ့ရဲ့ မော်ဒယ်ကို အိမ်စီး သီးသန့် အနေအထားမျိုးဖြစ်အောင် ထုတ်လုပ်ထားတာ ပေါ်လွင်နေစေတဲ့ အချက်တစ်ချက် ရှိပြီးတော့ အဲဒါကတော့ မော်ဒယ်က အမြန်ဆုံး မောင်းနှင်နိုင်မယ့် နှုန်းမှာလည်း တစ်နာရီကို မိုင် ၁၀၀ စွန်းစွန်းလေးပဲ မောင်းနှင်နိုင်အောင် ဖန်တီးထားလို့ စွမ်းဆောင်ရည် ဦးစားပေးကားမျိုးမဟုတ်ဘဲ တန်ကြေးနည်းကားမျိုး ဖြစ်နေစေတာပါ။

သုံးသပ်ချက်

ဆီတစ်ဂါလံကို ပျမ်းမျှ ၄၈ မိုင်လောက်ထိအောင် မောင်းနှင်နိုင်မယ်ဆိုတဲ့ Hatchback တစ်စီးက ဈေးနည်းနည်းနဲ့ဆိုရင် မော်ဒယ်သစ်ကို အိမ်စီးအနေနဲ့ မသုံးသင့်ဘူးလား။ နောက်ပြီး လုံခြုံ စိတ်ချရမှု အပိုင်းမှာလည်း နိုင်ငံတကာ ကားစစ်ဆေးမှု အဖွဲ့တစ်ခုဖြစ်တဲ့ Euro NCAP ရဲ့ အကြမ်းခံမှုဆိုင်ရာ စစ်ဆေးချက်မှာ ကြယ်ငါးပွင့်စလုံး အပြည့်ရထားတာ တစ်ချက်ကတော့ အားရစရာပါ။ ပြီးတော့ မော်ဒယ်က ပြည်တွင်းဈေးနှုန်း အနေအထားမှာ တခြားမော်ဒယ်တွေထက် ဈေးသက်သာအောင်၊ တန်းတူဖြစ်အောင် ရောင်းဖို့ပဲလိုတာဖြစ်ပြီးတော့ နိုင်ငံ တကာ ဈေးနှုန်းအရတော့ 308 က တန်ကြေးနည်း မော်ဒယ်ဖြစ်တာကြောင့် သေချာပါတယ်။ တန်ကြေးနည်း မော်ဒယ်တစ်ခု အဖြစ်နဲ့ကတော့ ကျွန်တော်ဆိုရင် 308 ကိုပဲ ရွေးမိမှာပါ။

Ref: www.edmunds.com