DDoS တိုက်ခိုက်မှုကြောင့် World of Warcraft ဆာဗာများ ချို့ယွင်းမှု ဖြစ်ပွားခဲ့

10006379_10152518747892825_2628466242107315378_n.jpg

သုံးစွဲသူများ အကြားတွင် ရေပန်းစားလျက်ရှိသော World of Warcraft ၏ ပဉ္စမမြောက် expansion ဖြစ်သည့် Warlords of Draenor ၏ မြောက်အမေရိကရှိ ဆာဗာများသည် distributed denial of service (DDoS) တိုက်ခိုက်မှုကြောင့် ချို့ယွင်းမှုများ ဖြစ်ပွားခဲ့ကြောင်း Blizzard မှ အတည်ပြု ပြောကြားခဲ့သည်။

“ဥရောပက ကျွန်တော်တို့ စတင်ဖြန့်ချိခဲ့တဲ့ ပထမဦးဆုံး တည်နေရာပါ။ ဒါပေမဲ့ တည်နေရာ တစ်ခုတည်းကနေ Draenor ကို ဝင်ရောက်ဖို့ ကြိုးစားတဲ့ ကစားသမားတွေကြောင့် ကိစ္စအချို့ ဖြစ်ပွားခဲ့ပါတယ်။ Draenor ကို နည်းလမ်းသစ် အမျိုးမျိုးကနေ အသုံးပြုနိုင်ဖို့ ကျွန်တော်တို့ ဆောင်ရွက်ခဲ့ပြီး ဒါဟာ expansion သစ်ကို အဆောတလျင် လုပ်ဆောင်ခဲ့မှုကြောင့် ဖြစ်ပွားခဲ့တဲ့ အခက်အခဲအချို့ကို လျော့ပါးစေခဲ့ပါတယ်။ ဒီ ဖြေရှင်းမှုတွေက မြောက်အမေရိက အတွက် ဖြန့်ချိမှုကို အထောက်အကူ ဖြစ်နေချိန်မှာ ကျွန်တော်တို့က distributed denial of service တိုက်ခိုက်မှု အပါအဝင် ကိစ္စရပ်အချို့နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒီတိုက်ခိုက်မှုကြောင့်လည်း latency မြင့်တက်မှုတွေ ဖြစ်ပေါ်လာခဲ့ရပါတယ်” ဟု Blizzard မှ မန်နေဂျာဖြစ်သူ ဘက်စ်ရှိုက်က WoW ဖိုရမ်တွင် ပြောကြားခဲ့သည်။

ဆာဗာချို့ယွင်းမှု ဖြစ်ပွားခဲ့ခြင်းကြောင့် Blizzard က ဆာဗာတစ်ခုစီတွင် ကစားနိုင်သည့် အမြင့်ဆုံး ကစားသမား အရေအတွက်ကို လျှော့ချခဲ့သဖြင့် ဂိမ်းကို ဝင်ရောက်ကစားရန် ကြန့်ကြာမှုများ ဖြစ်ပေါ်ခဲ့သည်။ ကစားသမားများသည် အဆိုပါ ဂိမ်းကို ကစားရန် နာရီပေါင်းများစွာ စောင့်ဆိုင်းခဲ့ရပြီး WoW subreddit moderator ဖြစ်သူ nitesmoke က ကန့်ကွက်မှုများ ပြုလုပ်ခဲ့သလို Amazon ပေါ်တွင်လည်း ကြယ်တစ်ပွင့်သာ ပေးထားသည့် သုံးသပ်ချက်များဖြင့် ရေးသားဖော်ပြခဲ့ကြသည်။

Blizzard သည် DDoS တိုက်ခိုက်မှုများမှ ပြန်လည်ကောင်းမွန်လာစေရန် အတွက် ဆာဗာများ time out ဖြစ်ခြင်း၊ disconnect ဖြစ်ခြင်းစသည့် ပြဿနာများကို ပြင်ဆင်ပေးခဲ့သည်။ ထို့အပြင် ဆာဗာတွင် ကစားနိုင်သည့် အရေအတွက်ကို မြှင့်တင်ပေးခဲ့သလို ဆာဗာများက တည်ငြိမ်ခဲ့သော်လည်း များပြားလှသည့် ဂိမ်းကစားသူ အရေအတွက်ကြောင့် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရမှုများ ဆက်လက်ဖြစ်ပေါ်လျက်ရှိသည်။

Ref: CNET