Yahoo Maps ဝက်ဘ်ဆိုက်ကို ဇွန်လကုန်တွင် ရပ်ဆိုင်းမည်

11428949_10152981725707825_4627339268600580683_n.jpg

လွန်ခဲ့သည့် ၈ နှစ်က Yahoo မှ မိတ်ဆက်ပေးခဲ့သည့် Maps ဆိုက်ကို ဇွန်လကုန်တွင် ရပ်ဆိုင်းသွားမည်ဟု ကုမ္ပဏီမှ ကြေညာခဲ့သည်။

သို့သော်လည်း အဆိုပါ ဝန်ဆောင်မှုကို အပြီးတိုင် ရပ်ဆိုင်းမည် မဟုတ်ကြောင်းနှင့် Yahoo search engine, Flickr photo-sharing ဆိုက်များအပါအဝင် ကုမ္ပဏီ၏ အခြားသော ဝန်ဆောင်မှုအချို့တွင် မြေပုံစနစ်ကို ဆက်လက် ထောက်ပံ့ပေးသွားမည်ဟု ကုမ္ပဏီမှ ပြောကြားခဲ့သည်။

အဆိုပါ ကြေညာချက်သည် ကုမ္ပဏီ၏ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် မာရီဆာမေယာက Yahoo ၏ ဝန်ဆောင်မှုများကို ပိုမိုကောင်းမွန်လာစေရန် ကြိုးပမ်းဆောင်ရွက်ခဲ့ပြီးနောက် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ မေယာသည် ၂၀၁၂ ခုနှစ်က Yahoo ၏ အမှုဆောင်အရာရှိချုပ် ရာထူးကို စတင်ရယူခဲ့ပြီးနောက် ကုမ္ပဏီ၏ မိုဘိုင်းဝန်ဆောင်မှုများကို ပြန်လည်ဆန်းသစ်လာစေရန် ဆောင်ရွက်ခဲ့သည်။

Yahoo သည် ၁၉၉၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့စဉ်က ကုမ္ပဏီ၏ အခြေခံအုတ်မြစ်ဖြစ်ခဲ့သော Yahoo Directory ကို ပြီးခဲ့သည့်နှစ်က ရပ်ဆိုင်းခဲ့သည်။

ထို့အပြင် ၂၀၀၇ ခုနှစ်က မိတ်ဆက်ပေးခဲ့သော Yahoo Pipes ဝန်ဆောင်မှုကိုလည်း Yahoo Maps နှင့်အတူ ရပ်ဆိုင်းသွားမည်ဟု ကုမ္ပဏီမှ ကြေညာခဲ့သည်။

Ref: CNET