Sony Xperia M4 Aqua

Sony-Xperia-M4-Aqua.jpg

အားသာချက်

ဈေးနှုန်းသင့်တင့်ပြီး ရေစိုခံ အကြမ်းခံနိုင်ရည် ရှိတဲ့အတွက် အသုံးပြုသူတွေ စိတ်ကျေနပ်စေမှာပါ။ ဖုန်းမှာထည့်သွင်း အသုံးပြုထားတဲ့ CPU, GPU အစရှိတဲ့ Hardware စနစ်ပိုင်း တွေမှာလည်း အဆင်ပြေ ကောင်းမွန်တာ တွေ့ရပါတယ်။ ကင်မရာပိုင်းမှာလည်း Mega Pixel မြင့်မားတဲ့ ကင်မရာကို တပ်ဆင်အသုံးပြု ထားတာဖြစ်ပြီး RAM ပိုင်းမှာလည်း မြင့်မားကောင်းမွန်ပါတယ်။

အားနည်းချက်

ဖုန်းမှာပါဝင်တဲ့ မှတ်ဉာဏ်က နည်းပါတယ်။ မှတ်ဉာဏ်ဟာ 8GB ပါဝင်ပေမယ့် အသုံးပြုတဲ့ အချိန်မှာတော့ 4GB ကျော်လောက်ပဲ အသုံးပြုနိုင်မှာ ဖြစ်တဲ့အတွက် မှတ်ဉာဏ်များများ အသုံးပြုချင်တယ်ဆိုရင်တော့ Micro SD Card ကိုထည့်သွင်း အသုံးပြုရ ပါလိမ့်မယ်။

နည်းပညာ

ပါဝါအသုံးပြုခြင်းအတွက် Power Saving စနစ်မှာ Stamana Mode အပြင် Ultra Stamana Mode ပါဝင်လာပါတယ်။ ပါဝါအသုံးပြု ခြင်းအတွက် စိတ်ကြိုက်ထိန်းချုပ် အသုံးပြုနိုင်မှာပါ။ ကင်မရာ နည်းပညာ ပိုင်းမှာလည်း စုံလင်တဲ့ဓာတ်ပုံ Effect တွေကို အသုံးပြုနိုင်ဖို့အတွက် ထည့်သွင်းပေးထားတာ တွေ့ရပါတယ်။ ကင်မရာမှာ အသုံးပြုရမယ့် စနစ်တွေကို သီးခြားဖော်ပြ ပေးထားပြီး ထပ်မံလိုအပ်တဲ့ ကင်မရာအသုံးပြု စနစ်တွေကိုလည်း အွန်လိုင်းကနေ ရယူအသုံးပြုနိုင်တဲ့ ပုံစံမျိုးပြုလုပ် ပေးထားတာပါ။ Superior Auto စနစ်၊ Manual စနစ်၊ AR effect အစရှိတဲ့ စနစ်တွေ ပါဝင်နေပါတယ်။ ကိုယ်ရိုက်လိုက်တဲ့ ဓာတ်ပုံတွေကို အွန်လိုင်းနဲ့ ချိတ်ဆက်ပြီး လူမှုကွန်ရက် စာမျက်နှာတွေပေါ်ကို တိုက်ရိုက် Sharing ပြုလုပ်နိုင်မယ့် Social Live ဆိုတဲ့ စနစ်တွေကလည်း အသုံးပြုသူတွေ ထိတွေ့ရမယ့် နည်းပညာတွေပဲ ဖြစ်ပါတယ်။ AR fun စနစ်၊ Sound Photo စနစ်အပြင် အခြားကင်မရာ အသုံးပြုနည်းပညာတွေ စုံစုံလင်လင် ပါဝင်နေတာ တွေ့ရမှာပါ။

ဒီဇီုင်း

ဒီဇိုင်းကတော့ ရှေ့ကထွက်ခဲ့တဲ့ Xperia Z Series ဖုန်းတွေလိုပုံစံ မျိုးလို့ဆိုရမှာပါ။ လေးထောင့်ဆန်တဲ့ ပုံစံမျိုးရှိပြီး နောက်ဘက် ကာဗာကိုတော့ ပွန်းရှခြင်းတွေကနေ ကာကွယ်ဖို့ Gorilla Glass နဲ့ကာကွယ်ပေး ထားတာတွေ့ရပါတယ်။ Sim Slot နဲ့ SD Card Slot တွေဟာလည်း ရေစိုခံရာဘာ အစို့ရှင်ပုံစံမျိုးတွေပါ။ ဖုန်းတစ်ခုလုံးရဲ့ အရွယ်အစားကတော့ အထက်အောက်အမြင့် ၁၄.၅၅ စင်တီမီတာရှိပြီး ဘေးတိုက်အကျယ်ကတော့ ၇.၂၆ စင်တီမီတာ ရှိပါတယ်။ ထုထည်ကတော့ ၀.၇၃ စင်တီမီတာရှိပြီး အလေးချိန်ကတော့ ၁၃၆ ဂရမ်ပါ။ ကိုင်တွယ် အသုံးပြုချိန်မှာ ဖုန်းရဲ့အရွယ်အစားဟာ လက်ထဲမှာ အံဝင်ခွင်ကျ ကိုင်တွယ်နိုင်တဲ့ အရွယ်အစားမျိုးဖြစ်ပြီး ထုထည်ပါးတဲ့အပြင် အလေးချိန်ကလည်း ပေါ့ပါးပါတယ်။

ကွန်ရက်

GSM 2G/ 3G ကွန်ရက် စနစ်တွေမှာ အသုံးပြုနိုင်ပြီး Nano Sim တစ်ကတ် ထည့်သွင်းအသုံးပြုနိုင်မယ့် Single Sim ဖုန်းအမျိုးအစားပါ။

မြင်ကွင်း

Screen မြင်ကွင်းအကျယ် ၅.၀ လက်မရှိပြီး ပုံမှန် IPS LCD အမျိုးအစားပါ။ Screen Resolution အနေနဲ့ 720 x 1280 Pixel (~294 ppi pixel density) ရှိပါတယ်။

အသေးစိတ်ဖော်ပြချက်

Quad-core 1.5 GHz Cortex-A53 & quad-core 1.0 GHz Cortex-A53 CPU ကို အသုံးပြုထားတာဖြစ်ပြီး ဂရပ်ဖစ်စနစ်အတွက်လည်း Adreno 405 GPU ကိုထည့်သွင်းအသုံးပြု ထားတွေ့ရပါတယ်။ ဖုန်းမှတ်ဉာဏ်ကတော့ Internal Memory 8GB ပါဝင်ပြီး RAM ကတော့ 2GB RAM ပါ။ နောက်ထပ်မှတ်ဉာဏ် ထပ်တိုး အသုံးပြုဖို့အတွက်တော့ Micro SD ကို 32GB ထိ ထပ်မံထည့်သွင်း အသုံးပြုနိုင်ပါတယ်။ OS ကတော့ Android OS Version 5.0 ကိုအသုံးပြု ထားတာဖြစ်ပြီး ကင်မရာကတော့ နောက်ဘက်ကင်မရာဟာ 13 Mega Pixel နဲ့ ရှေ့ကင်မရာကတော့ 5 Mega Pixel ရှိပါတယ်။ Bluetooth v4.1, A2DP စနစ်နဲ့ micro USB v2.0 စနစ်တွေကို အသုံးပြုနိုင်မှာဖြစ်ပြီး ဘက်ထရီကတော့ Li-Ion 2400 mAh ဘက်ထရီကို အသုံးပြုထားတာပါ။

သုံးသပ်ချက်

ဖုန်းတစ်ခုလုံးကို ခြုံငုံသုံးသပ် ကြည့်မယ်ဆိုရင်တော့ ဒီဖုန်းဟာ ဖုန်းတွင်းအသုံးပြု Hardware စနစ်ပိုင်းတွေနဲ့  ကင်မရာပိုင်းတွေမှာ မြင့်မားကောင်းမွန်ပါတယ်။ ရေစိုခံ ဖုန်းအမျိုးအစား ဖြစ်တဲ့အပြင် ဈေးနှုန်းကလည်း အသုံးပြုနိုင်မှုနဲ့ နှိုင်းယှဉ်လိုက်ချိန်မှာ သင့်တင့်တဲ့ဈေးနှုန်းလို့ ဆိုရမှာပါ။ ကိုင်တွယ်အသုံးပြု ချိန်မှာလည်း အရွယ်အစားနဲ့ အလေးချိန်ဟာ စိတ်ကျေနပ်စရာပါပဲ။

Device Support ; Alpha
Technology
Price ; 325,000 kyats