Microsoft ၏ ပညာရေးဆိုင်ရာ အစီအစဉ်တစ်ခု ဇွန် ၂၆ ရက်စတင်မည်

Microsoft-(1).jpg

မြန်မာနိုင်ငံအတွင်း ပညာရေး ဆိုင်ရာအစီအစဉ်တစ်ခု ဇွန် ၂၆ ရက် စတင်မည်ဖြစ်ကြောင်း Microsoft ၏ အရှေ့တောင်အာရှ ဒေသဆိုင်ရာ ဥပဒေနှင့် ကော်ပိုရိတ်ရေးရာ ဒါရိုက်တာ Dr.Astird S.Tuminez က ပြောကြားသည်။

Innovative School နှင့် Innovative Educator အစီအစဉ်များဖြစ်ပြီး ပြည်တွင်းရှိ နည်းပညာဆိုင်ရာ တက္ကသိုလ်များမှ ဆရာ၊ ဆရာမများအား ဆိုက်ဘာနည်းပညာ ဆိုင်ရာ များကို သင်ကြားပေးမည်ဖြစ်ကြောင်း၊ ဇွန် ၂၆ မှစတင် သင်ကြားပေးမည်ဖြစ်ကြောင်းသိရသည်။ “ပညာရေးနဲ့ ဆိုင်တဲ့လှုပ်ရှားမှု တစ်ခု အဖြစ် ဆောင်ရွက် တာ ဖြစ်ပါတယ်။ Microsoft  သုံးနေတဲ့ ကျောင်းသူကျောင်းသားတွေ၊ ဆရာ၊ ဆရာမတွေပါဝင်မှာပါ၊ သူတို့တွေကို နိုင်ငံခြားမှာရှိတဲ့ ဆရာ၊ ဆရာမတွေနဲ့ ချိတ်ဆက် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်” ဟုပြောကြားသည်။ အဆိုပါအစီအစဉ် အတွက် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန စသည် တို့နှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“ဒီအစီအစဉ်မှာ ပါဝင်တဲ့သူတွေက တစ်ခြား ကျောင်းသူ ကျောင်းသားတွေကို ပြန်ပြီး သင်ကြားနိုင်အောင် နိုင်ငံခြားက ပညာရှင်တွေနဲ့ ချိတ်ဆက်ဆောင်ရွက်ပေး သွားမှာပါ” ဟုဆက်လက် ပြောကြားသည်။ Microsoft ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံအတွင်း နည်းပညာဆိုင်ရာ လုပ်ငန်းများကို စတင် ဆောင်ရွက်သွားမည်ဖြစ်ပြီး အစီအစဉ်များကို လာမည့် (၁၂) လအတွင်း အကောင်အထည်ဖော်သွားမည်ဟုသိရသည်။ အထူးသဖြင့် ဆိုက်ဘာလုံခြုံရေးနှင့် ပတ်သက်၍ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

တရားဝင်ဆော့ဖ်ဝဲများကို သင်တင့်သော နှုန်းထားဖြင့် ပြည်တွင်းဈေးကွက်တွင် ဝယ်ယူ အသုံးပြုနိုင်အောင်လည်း ဆောင်ရွက်သွားမည်ဟု ဆိုသည်။ ဆိုက်ဘာ လုံခြုံရေး စိန်ခေါ်မှုများနှင့်နည်းပညာဆိုင်ရာ ဗဟုသုတများတိုးပွားစေရန်ရည်ရွယ်၍ Myanmar: Building a Secure ICT Infrastructure for the 21st Century အခမ်းအနား တစ်ရပ်ကို ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနနှင့် Microsoft  တို့ပူးပေါင်းကာ ၂၀၁၅ ခုနှစ်၊ မေ (၂၉) တွင် နေပြည်တော်၌ ကျင်းပခဲ့ကြောင်း သိရသည်။