Shop.com.mm ၏ iOS Application ထွက်ရှိ

Shopcommmnews.jpg

ပြည်တွင်း အွန်လိုင်းရှော့ပင်း ဝက်ဘ်ဆိုက် တစ်ခုဖြစ်သည့် shop.com.mm ၏ iOS Application ကိုစတင် အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း၊ ပြည်တွင်း၌ စမတ်ဖုန်းဖြင့် အွန်လိုင်း ဈေးဝယ်မှု ပြုလုပ်ခြင်း ပိုမိုတွင်ကျယ် လာသည့်အတွက် ယခုကဲ့သို့ မိုဘိုင်း App များကိုပါ ထုတ်လုပ်ခြင်း ဖြစ်ကြောင်းသိရသည်။

“မိုဘိုင်းလ်ဖုန်း App တွေက ဆက်သွယ်ရေး လိုင်းအားနည်းတဲ့ ဒေသတွေမှာ နေထိုင်တဲ့သူတွေ၊ ကွန်ပျူတာကို အနည်းငယ်သာ တတ်ကျွမ်းသုံးစွဲ သူတွေအတွက် အရမ်းကို အထောက်အကူ ဖြစ်ပါတယ်။ မိုဘိုင်း ဈေးကွက်အနေနဲ့ ဈေးကွက်ချဲ့ထွင် နိုင်ဖို့ အတွက်လည်း အခုလို App တွေ ထုတ်လုပ်တာ ဖြစ်ပါတယ်” ဟု Shop.com.mm မှ ပြောသည်။

အဆိုပါ App ဖြင့် ၎င်းတို့၏ အွန်လိုင်းစတိုးမှ  အီလက်ထရွန်းနစ်၊ ဖက်ရှင်အသုံးအဆောင်၊ အိမ်သုံးပစ္စည်းများ၊ အလှအပ ဆိုင်ရာစသည့် ပစ္စည်းမျိုးစုံကို မိုဘိုင်းဖုန်းမှ တစ်ဆင့် အလွယ်တကူ ဝယ်ယူနိုင်မည်ဖြစ်ပြီး ငွေပေးချေမှုအား အိမ်တိုင်ရာရောက် စနစ်ဖြင့် ပေးချေနိုင်မည့်အပြင် ကုမ္ပဏီမှတစ်ဆင့် ဝယ်ယူသူများအား  ပစ္စည်းချို့ယွင်း မှုများအတွက် ခုနစ်ရက်အတွင်း ပစ္စည်းများ ပြန်လည် ပေးပို့နိုင်သော ဝန်ဆောင်မှုများကို အသုံးပြု ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

Shop.com.mm ၏ Android App အား ယခုနှစ် နှစ်ဆန်းပိုင်းတွင် စတင်ထုတ်လုပ်ခဲ့ပြီး ယခုမှ iOS App ကို ထပ်မံ မိတ်ဆက်ခြင်း ဖြစ်သည်။ iOS App ကို Apple App Store (https://itunes.apple.com/app/
id979214282) မှ အခမဲ့ ရယူနိုင်မည်ဖြစ်ပြီး iPhone နှင့် iPad နှစ်မျိုးလုံးတွင် အသုံးပြုနိုင်မည် ဖြစ်သည်။