ဒီနှစ်မှာ အကောင်းဆုံး ဖန်တီးမှုဖြစ်လာတဲ့ Volvo XC 90

gallery4_VCC08289-1-.jpg

ဟုတ်ပါတယ်၊ ကျွန်တော်ခေါင်းစဉ်မှာ ရေးထားသလိုပါပဲ၊ XC90 ဆိုတာ SUV ကား လောကမှာ တည်ဆောက်မှုပုံစံ အရိုးရှင်းဆုံး အနေအထားနဲ့ ဖန်တီးတည်ဆောက်ထားတဲ့ မော်ဒယ်ဖြစ်လို့ အကောင်းဆုံး ဖန်တီးမှုဖြစ်တယ်လို့ ဆွီဒင်အခြေစိုက် ကားကုမ္ပဏီက ဆိုထားတာပါ။ ဘာကြောင့် အရိုးရှင်းဆုံးပါလဲ၊ အကြောင်းကတော့ မော်ဒယ်ကို ကိုယ်ထည်ပိုင်းတည်ဆောက်မှု အပိုင်းမှာ Monocoque ပုံစံနဲ့ တည်ဆောက်ထားတာ ဖြစ်ပြီးတော့ ပေါ့ပါးအောင် အလူမီနီယံသားကို ဦးစားပေးပြီး သုံးထားတယ်၊ ပြီးတော့ အဆိုပါ ကားရဲ့ အောက်ခံအထိုင်ကို ပင်မ အထိုင်ပုံစံ အပြင် နောက်ထပ် ချိတ်ဆက်မှု များများစားစား မရှိအောင်လည်း၊ ဆိုလိုတာကတော့ ဂဟေချက်နည်းနိုင်သမျှ နည်းအောင် ဖန်တီးထားတယ်လို့ဆိုလိုချင်တာ ဖြစ်ပါတယ်။ ဒီတော့ပြောရရင် ကားမှာတည်ဆောက်မှု အပိုင်းကလည်း ရိုးရှင်းခိုင်ခံ့သွားတယ်၊ နောက်ထပ် ဂဟေချက်လည်းနည်းတော့ တခြားမော်ဒယ်တွေလောက် အလေးချိန် မများတော့ဘူးပေါ့ဗျ။ ဒါတွေက XC90 ကို တည်ဆောက်မှု အရိုးရှင်းဆုံးဆိုတဲ့ ဘွဲ့ထူးရသွားစေတဲ့အချက် ဖြစ်ပါတယ်။ ကောင်းပါပြီ၊ ဒါဆို ပုံမှန်ထက်တော့ စိတ်ဝင်စားစရာ ကောင်းနေတဲ့ XC90 အကြောင်းကို ဆက်ကြည့်လိုက် ရအောင်ပါ။

အားသာချက်

ပထမဆုံး ပြောရမယ့် အားသာချက်ကတော့ အကြီးစား အရွယ်ရှိတဲ့ မော်ဒယ်တစ်ခု ဖြစ်နေပေမယ့် အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှုဆိုတဲ့ သွက်လက်မှု ကောင်းမွန်တာပဲ ဖြစ်ပါတယ်။ ကား တော်တော်များများမှာက အလေးချိန် များသွားပြီဆိုတာနဲ့ အမြန်နှုန်း မြှင့်တင်နိုင်မှု အားနည်းသွားပေမယ့် အခု XC90 ကတော့လျင်မြန် တဲ့ ရွေ့နှုန်းကို ပြသနိုင် တဲ့ မော်ဒယ်တစ်ခုပါ။ နောက်ထပ် အားသာချက်ကလည်း အခုလိုမော်ဒယ်ရဲ့ စွမ်းဆောင်ရည်ပိုင်းနဲ့ပဲ တစ်ဆက်တည်းဖြစ်တဲ့ ဆီစားနှုန်းအပိုင်း ဖြစ်ပြီးတော့ ပြိုင်ဘက် Q7 တို့လို မော်ဒယ်တွေထက် ဆီစားနှုန်း သိသိသာသာကိုပဲ လျော့နည်းတဲ့ တစ်ချက်ကလည်း ခရီးဝေးမောင်းနှင်မှုအတွက်ရော၊ နောက်ဆုံး ရေရှည်အတွက်ပါ တွက်ခြေကိုက်စေနိုင်မယ့် အချက်တစ်ချက် ဖြစ်လာပါတယ်။ နောက်ဆုံး ပြောချင်တဲ့ အားသာချက်ကတော့ မော်ဒယ်ရဲ့ အကြမ်းခံနိုင်မှု အပိုင်းပဲဖြစ်ပြီးတော့ ဥရောပ အခြေစိုက် ကားအကြမ်းခံနိုင်မှုနဲ့ လုံခြုံစိတ်ချရမှုဆိုင်ရာ အဖွဲ့ရဲ့ စစ်ဆေးချက်အရတော့ XC90 က ကြယ်လေးပွင့်ခွဲထိအောင် ရရှိထားတာပဲ ဖြစ်ပါတယ်။

ကိုယ်ထည်ပိုင်း

အကြီးစား တန်းဝင် SUV တစ်စီးဖြစ်ပြီးတော့ တတိယထိုင်ခုံတန်း တပ်ဆင်ထည့်သွင်းထားတဲ့ တစ်ချက်က လိုက်ပါနိုင်မယ့် ခရီးသည် အရေအတွက်ကို ၇ ဦးထိ ဖြစ်လာစေတဲ့အပြင် တကယ်လို့ နောက်ဆုံး ထိုင်ခုံတန်းမှာ ကလေးတွေ ထိုင်ခိုင်းမယ်ဆိုရင် သုံးယောက်ထိအောင် ရမှာလည်း ဖြစ်ပါတယ်။ အဆိုပါ နောက်ဆုံးထိုင်ခုံတန်းကတော့ ခေါက်ထား ချင်တယ် ဆိုရင် ခေါက်သိမ်းလိုက်နိုင်မှာ ဖြစ်ပြီးတော့ ဖြုတ်ထားချင်တယ်ဆိုရင်လည်း ဖြုတ်ထုတ်လိုက်နိုင်အောင် ဖန်တီးထားတာ တွေ့ရပါတယ်။ ပုံမှန် အနေအထားအရ ရှေ့ဘက်ခန်းနဲ့ နောက်ဘက် ခရီးသည်ခန်းတွေကတော့ တခြား မော်ဒယ်တွေထက်အနည်းငယ် ပိုမိုကျယ်ဝန်းတာ တွေ့ရပေမယ့် နောက်ဆုံးဝန်တင်ခန်းကတော့  ထိုင်ခုံတန်း ထည့်သွင်းထားတာကြောင့် အနည်းငယ် ကျဉ်းမြောင်းပါတယ်။

အင်ဂျင်ပိုင်း

မော်ဒယ်အနေနဲ့ ရှေ့ဘက်အင်ဂျင် အထိုင်စနစ်နဲ့ ဖန်တီးထားတာ တွေ့နိုင်ပြီး ၂.၀ လီတာသုံး ပုံမှန်လေးလုံးထိုး အင်ဂျင်ကို တပ်ဆင်ထားတာ တစ်ခုကတော့ အံ့သြစရာပါ။ ပုံမှန်ဆိုရင်တော့ V6 အင်ဂျင်စနစ် မဟုတ်ရင်တောင်မှာ ၂.၅ လီတာ သုံးဆိုတာအသေးဆုံး တပ်ဆင်ထုတ်လုပ်လေ့ရှိတဲ့ အင်ဂျင်အရွယ်အစား ဖြစ်ပေမယ့် အခုတော့ အင်ဂျင်စနစ်က လိုတာထက် အနည်းငယ် သေးနေ သလိုပါ။ ဒါပေမဲ့ ရုန်းအားအပိုင်းမှာတော့ အားကောင်းတာ တွေ့ရပြီး အင်ဂျင်က တစ်မိနစ် လည်ပတ်အား အပတ်ရေ ၄၂၅၀ မှာ ရုန်းအား ၃၄၇ ပေါင်-ပေ  ရှိတာ တွေ့နိုင်ပြီး စွမ်းအင်ထွက် ရှိမှုနှုန်းကတော့ မြင်းကောင်ရေ ၂၂၂ ကောင်အား ဖြစ်ပါတယ်။ ဒီအနေအထားက လမ်းကြမ်းမောင်း မော်ဒယ်အဖြစ်နဲ့ အကောင်းဆုံး စွမ်းဆောင်နိုင်မယ့် အနေအထား ဖြစ်ပြီးတော့ စွမ်းအင် ထွက်ရှိမှု နည်းပါးခြင်းက အမြန်ဆုံး မောင်းနှင်နိုင်မှုနှုန်း အပိုင်းမှာတော့ အားနည်းသွားစေနိုင်တာလေးတစ်ခုပဲ ဖြစ်လာစေပါတယ်။

မောင်းနှင်နိုင်မှု

ရုန်းအားများတဲ့ အင်ဂျင်စနစ်အနေနဲ့ ပုံမှန်မြေပြန့်လမ်းကြောင်းမှာတော့ အကောင်းဆုံး ရုန်းကန်နိုင်မှာ ဖြစ်ပြီးတော့ ဂီယာချက် ၈ ချက်ထိအောင် အသုံးပြုမောင်းနှင်နိုင်မယ့် မော်ဒယ်က ဇိမ်ခံကားတန်းဝင် တခြား Land Rover နဲ့ VW ရဲ့ SUV တွေကို Transmission ပိုင်းမှာ စိန်ခေါ်နိုင်စွမ်းရှိတာ တွေ့ရပါတယ်။ Auto စနစ်နဲ့ သွားမှာဖြစ်လို့ လူတိုင်း မောင်းနှင်ရလွယ်ကူမယ့် XC90 အနေနဲ့ အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှုအပိုင်းမှာ တစ်နာရီ ကီလိုမီတာ တစ်ရာနှုန်းကို အချိန် ၇.၆ စက္ကန့်ပဲ ကြာမှာ ဖြစ်လို့ မထင်မှတ်လောက်အောင် ကောင်းနေတယ်လို့ ဆိုနိုင်ပါ တယ်။ ပြီးတော့ အမြန်ဆုံး မောင်းနှင်နိုင်မှု အပိုင်းမှာလည်း တစ်နာရီကို ၁၃၇ မိုင်ထိအောင် မောင်းနှင်နိုင်မယ့် အနေအထားက အကြီးစား မော်ဒယ်တစ်ခုအတွက် စိတ်ဝင်စားစရာပါ။

ဆီစားနှုန်းနဲ့ သုံးသပ်ချက်

ဒီတော့ အင်ဂျင်စနစ်ငယ်ငယ်၊ အင်ဂျင်ရဲ့လည်ပတ်အား နည်းနည်း၊ ဂီယာချက် များများ၊ ကိုယ်ထည်က ကီလိုဂရမ် ၂၀၃၈ လေးတယ်ဆိုတော့ ပုံမှန်အနေအထားနဲ့ ရုန်းကန်တင်ဆောင်နိုင်
မယ့် ဝန်အနေအထားက ကီလို ၇၀၀ ကျော်ဆိုတော့ ဆီစားက အရမ်းကြီး မသက်သာနိုင်ပေမယ့် မဆိုးလောက်ပါဘူး၊ စနစ်တွေထဲမှာ ဆီစားများစရာရှိတာဆိုလို့ Auto စနစ် တစ်ခုတည်းပဲ
ရှိပြီးတော့ Turbo စနစ်ကိုလည်း ထည့်သွင်းထားတာ တစ်ချက်က စွမ်းအင်အထွက်ကောင်းပြီး ဆီစားနည်းစေမှာပါ။ ဟုတ်ပါတယ်၊ XC90 အနေနဲ့ ဆီတစ်ဂါလံကို ပျမ်းမျှ မိုင် ၅၀ နီးပါးထိအောင် စီးနင်းနိုင်မယ့် အနေအထားက လူတိုင်း လှည့်ကြည့်မယ့် အနေအထားပါ။ ကျွန်တော်ကတော့ ဈေးနှုန်းဆိုတဲ့ တစ်ချက်ကို မေ့ထားလိုက်ပြီး XC90 ကို မျက်စိရှေ့မှာ တွေ့လိုက်တာနဲ့ တင်၊ နောက်ပြီး အခု ဖတ်ကြည့်လိုက်တော့ သူ့ရဲ့ အားသာချက်တွေ မြင်ရတာနဲ့တင်လိုချင် စိတ်ပေါက်မိပါတယ်။ ကျွန်တော်ဈေးနှုန်းဆိုတဲ့ အချက်ကို ဖယ်ထုတ်လိုက်ရတဲ့ အကြောင်းကတော့ XC90 အနေနဲ့ တန်ကြေးကြီး စာရင်းဝင်  SUV  တစ်စီးလောက်ကိုပဲ ဈေးက များနေလို့ပါ။ ဒီတစ်ချက်ကလွဲရင် အားလုံး Ok ပါပဲဗျာ။

Ref: www.edmunds.com