Fttx ရောင်းချမှု ရပ်ဆိုင်း

11423698_10204490194995991_1388128276_o.jpg

ရတနာပုံတယ်လီပို့ကုမ္ပဏီနှင့် ပြည်တွင်း Local Service Provider (LSP) များမှ ရောင်းချပေးလျက်ရှိသော Fttx ( Fiber to the Home) အင်တာနက်လိုင်းကို ရောင်းချမှု ရပ်ဆိုင်းထားကြောင်း သိရသည်။

မေလ ၁၈ ရက်မှစတင်၍ Fttx လိုင်းများ ရောင်းချခြင်းကို ရပ်ဆိုင်းထားရှိရန် ရတနာပုံတယ်လီပို့က ၎င်းတို့နှင့် လက်တွဲလုပ်ကိုင်နေသည့် LSP များကို ညွှန်ကြားချက် ထုတ်ခဲ့ခြင်းဖြစ်သည်ဟု Red link ကုမ္ပဏီမှ အထွေထွေမန်နေဂျာဖြစ်သူ ကိုမျိုးမြင့်ညွှန့်က ပြောသည်။

“၁၈ ရက်နေ့ကစပြီး အရောင်းရပ်ထားတယ်ဆိုတာ ဟုတ်ပါတယ်။ ဘယ်တော့ ပြန်ရောင်းခွင့်ရမယ်ဆိုတာ ကတော့ ရတနာပုံအပေါ်မှာ မှုတည်ပါတယ်။ Fttx က အခု ဆိုရင်လည်း နေရာအနှံ့ကိုတော့ မရောက်သေးပါဘူး။ တချို့နေရာတွေဆိုရင် တံတားတွေကို ဖြတ်သန်းဖို့အတွက် ခက်ခဲနေပါသေးတယ်” ဟု Elite Tech မှ တာဝန်ရှိသူ ကိုမောင်မောင်က ဆိုသည်။

Fttx ဖိုက်ဘာအင်တာနက်လိုင်းများကို စတင်မိတ်ဆက်ခါစက မြန်နှုန်းမြင့် အင်တာနက်အပြင် VOIP ဖုန်းလိုင်းများ၊ IPTV Channel လိုင်းများ ပါဝင်လာမည်ဟု ပြောဆို ထားခဲ့သော်လည်း စတင်ရောင်းချသည့်အခါ ဖိုက်ဘာအင်တာနက်လိုင်းနှင့် VOIP ဖုန်းလိုင်းသာ ပါဝင်ပြီး ယခုအခါ ဖိုက်ဘာအင်တာနက်လိုင်း တစ်လိုင်းကိုသာ ရောင်းချပေးနိုင်တော့သည်ဟု သိရသည်။

Red Link ကုမ္ပဏီ၏ ထုတ်ပြန်ပြောဆိုချက်အရ မန္တလေးမြို့တွင် ၎င်းတို့ Fttx အသုံးပြုသူ ၁,၅၀၀ ဝန်းကျင်ခန့်ရှိပြီး Elite Tech ၏ ထုတ်ပြန်ပြောဆိုချက်အရ ရန်ကုန်မြို့တွင် ၎င်းတို့၏ Fttx အသုံးပြုသူ ၁,၃၀၀ ဝန်းကျင်ခန့်ရှိသည်ဟု သိရသည်။

ရန်ကုန်နှင့် မန္တလေး၌ Fttx အင်တာနက်လိုင်းများကို ၎င်းတို့နှစ်ဦးအပြင် Fortune ကုမ္ပဏီက ရောင်းချပေးနေခဲ့သည်။

“ရတနာပုံနဲ့ မြန်မာ့ဆက်သွယ်ရေးကြားမှာ စာရင်းရှင်းနေတာတွေကြောင့် ရောင်းချမှုကို ရပ်ထားတာ လို့ ပြောတယ်။ Fttx ကိုအရင် လိုင်းနဲ့ မီတာ ၃၀ ကျော်ရင် ရောင်းချ ခွင့်ပြုတယ်။ အခုတော့ ခွင့်မပြုတော့ဘူး။ အချို့နေရာတွေမှာဆိုရင် လိုင်းက ပြည့်သွားပြီ။ အချို့နေရာတွေမှာဆိုရင်တော့ လိုင်းတွေကို ထပ်ပြီးတိုးချဲ့ခွင့် ရတနာပုံက ခွင့်မပြုဘူး” ဟု ကိုမျိုးမြင့်ညွှန့်က ပြောသည်။

ရတနာပုံတယ်လီပို့အနေဖြင့် Fttx အင်တာနက်လိုင်းများကို ၂၀၀၈ ခုနှစ် ဝန်းကျင်လောက်က ပြင်ဦးလွင်မြို့နယ်တွင် စတင်မိတ်ဆက်ပေးခဲ့ခြင်းဖြစ်ပြီး ရန်ကုန်နှင့် မန္တလေးမြို့ကြီးနှစ်မြို့၌ ၂၀၁၀ ခုနှစ် ဝန်းကျင်တွင် စတင် အသုံးပြုစေခဲ့သည်။