The Witcher 3 – Wild Hunt

maxresdefault-.jpg

ပိုလန်နိုင်ငံမှာ ၂၀၀၂ခုနှစ်က စတင်တည်ထောင်ခဲ့တဲ့ Game Studio CD Projekt RED ဟာ ၂၀၀၇ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ သူတို့ရဲ့ ပွဲဦးထွက် Action RPG ဂိမ်း The Witcher ကြောင့် နာမည်ရခဲ့သလို နောက်ဆက်တွဲအနေနဲ့လည်း စာရေးဆရာ Andrzej Sapkowski ရဲ့ The Witcher Novel ဇာတ်လမ်းတွေကို မှီငြမ်းထားတဲ့ ဂိမ်းတွေကို ဆက်လက် ဖြန့်ချိခဲ့တာ တွေ့ရမှာပါ။ ဒါပေမဲ့ The Witcher နှင့် The Witcher 2 – Assassin’s of Kings က ပုံမှန်ကစားနေကျ core gamers တွေကြားထဲမှာ နာမည်ရထားပြီးသား ဆိုပေမယ့် CD Projekt RED Studio နဲ့ The Witcher Series ကို အဓိက mainstream ဖြစ်သွားစေတာကတော့ The Witcher 3 ကို စတင်ကြော်ငြာချိန်ကမှ ဖြစ်ပါတယ်။ PC နဲ့အတူ PS4 နှင့် Xbox One လို 8th generation console
မှာပဲ ထွက်ရှိမှာဖြစ်ပြီး graphics ပိုင်းရော story ပိုင်းပါ ထူးခြားကောင်းမွန်မှာဖြစ်လို့ မထွက်ခင်ကတည်းက ပရိသတ်စိတ်ဝင်စားမှုများစေခဲ့တဲ့ ဂိမ်းဖြစ်ပါတယ်။ CD Projekt RED ရဲ့ ကိုယ်ပိုင် game engine ဖြစ်တဲ့ REDengine 3 ကို အသုံးပြုထားသလို ကစားသူအားလုံး အဆင်ပြေအောင် ခိုးကူး မှုကို တားဆီးမည့် anti-piracy software တွေ လုံးဝမပါဘဲ DRM-free အဖြစ် GOG.com မှာ ရောင်းချခဲ့တဲ့အချက်ကလည်း ပရိသတ်ရဲ့ ချီးကျူးမှုကို ရရှိစေခဲ့ပါတယ်။

The Witcher 3 – Wild Hunt လို့ နာမည်ပေးထားတဲ့အတိုင်း ပင်မ The Witcher ဂိမ်းစီးရီးရဲ့ တတိယမြောက်ဂိမ်း ဆိုပေမယ့် CD Projekt RED ရဲ့ အဖွဲ့ဝင်တွေ ကိုယ်တိုင်ပြောထားတဲ့ အတိုင်းပဲ အရင်ဂိမ်းနှစ်မျိုးကို မကစားဖူးရင်တောင် ဇာတ်လမ်းပိုင်း နားလည်ဖို့ အဆင်ပြေအောင် ဖန်တီးပေးထားတာ တွေ့ရပါတယ်။  အချို့ cutscenes တွေ dialogue options တွေမှာတော့ အရင်ဂိမ်းတွေထဲက အချက်တွေ ပါဝင်ပေမယ့် ကိုယ်တိုင်ရွေးချယ်ထားတဲ့ အချက်တွေပေါ် မူတည်ပြီးလည်း ဇာတ်လမ်းပြောင်းဦးမှာဆိုတော့ အရင် The Witcher 2 က save files တွေကို အသုံးချ ပြီး ကစားချင်သူတွေကို လွဲလို့ (ပထမ The Witcher ဂိမ်းကိုလည်း Witcher 2 လောက်တော့ မဆော့ဖြစ် သူများတဲ့အတူတူ) ကျန်တဲ့ ကစားသူအနေနဲ့ကတော့ အချိန်အများကြီး မပေးနိုင်ရင် The Witcher 3 ကပဲ တန်းကစားရတာ အဆင်ပြေမှာပါ။ ကစားသူအနေနဲ့ Western RPG ဂိမ်းအများစုလို မိမိဇာတ်ကောင် ဒီဇိုင်းနှင့် မူလဇစ်မြစ်ကို စိတ်ကြိုက် customize
လုပ်နိုင်မှာ မဟုတ်ဘဲ မကောင်းဆိုးဝါး သတ္တဝါဆန်းတွေကို နှိမ်နှင်းတဲ့ Witcher (Monster Hunter) တစ်ယောက်ဖြစ်သူ Geralt နေရာက ဝင်ရောက်ကစားရမှာ ဖြစ်ပါတယ်။ ဂိမ်းရဲ့ Main Quests တစ်လျှောက်မှာတော့ Geralt အနေနဲ့ ငယ်စဉ်ကတည်းက သမီးတစ်ယောက်လို ထိန်းသိမ်းခဲ့ပြီး လေ့ကျင့်သင်ကြားပေးခဲ့တဲ့ Ciri ကို လိုက်လံရှာဖွေရပုံနှင့် လမ်းခရီးတစ်လျှောက်မှာ ပုံစံကွဲပြားတဲ့ ရွာနှင့်မြို့မျိုးစုံမှာ ဝင်ရောက် ကူညီပေးရပုံတို့ကို ကစားရမှာ ဖြစ်ပါတယ်။။ Wild Hunt ဆိုတာကတော့ Northern Kingdom တစ်လျှောက် နယ်မြေများကို ကျူးကျော်တိုက်ခိုက်နေတဲ့ ဆိုးဝါးတဲ့ စစ်တပ်ကို ဆိုလိုတာဖြစ်ပြီး ထူးခြားတဲ့ စွမ်းရည်တွေ ပိုင်ဆိုင်ထားတဲ့ Ciri ကို Wild Hunt စစ်တပ်ရဲ့ လက်အောက်ထဲ မရောက်သွားအောင် ကာကွယ်ရမှာ ဖြစ်ပါတယ်။

ဇာတ်လမ်းအသားပေး Single Player ဂိမ်းဖြစ်တဲ့ The Witcher 3 – Wild Hunt ရဲ့ missions တိုင်းအားလုံးနီးပါးဟာ စိတ်ဝင်စားစရာကောင်းတဲ့ dialogue options တွေ အများအပြား ပါဝင်ထားလို့ ကစားသူကို မအီသွားဘဲ ဆက်တိုက်ကစားချင်အောင် ဆွဲဆောင်ထားနိုင်သလို side missions တွေ အနေနဲ့လည်း အဘွားကြီးကို ဒယ်အိုးရှာပေးရတဲ့ fetch quests တွေကနေ လူပေါင်းများစွာကို သတ်ဖြတ်ထားတဲ့ Monsters တွေကို ရှာဖွေရတဲ့ hunting quests တွေအထိ ပုံစံမျိုးစုံ ပါဝင်ထားပါတယ်။ Rockstar Games ရဲ့ Red Dead Redemption မှာလိုမျိုး ဇာတ်ကောင် တစ်ယောက်ချင်းဆီရဲ့ side quests တွေကို တစ်ခုပြီးတစ်ခု ကစားရင်း သူတို့ရဲ့ နောက်ကြောင်းတွေနဲ့အတူ main story နှင့် ဆက်စပ်မှုရှိတဲ့ additional quest မျိုးစုံလည်း ထွက်ပေါ်လာဦးမှာပါ။ ပုံစံကွဲပြားမယ့် ဇာတ်သိမ်းလည်း အမျိုး ၃၀ကျော်ပါထားလို့ Mass Effect 3 တုန်းကလိုဖြစ်မှာ ပူစရာမလိုတော့ပါဘူး။

Gameplay ပိုင်းကတော့ The Witcher 2 ကထက် ပိုသွက်အောင်လုပ်ထားပြီး Assassin’s Creed တို့ Shadow of Mordor တို့မှာလိုမျိုးပဲ Attack နှင့် Counter ကို အသားပေး ကစားသွားရမှာဆိုပေမယ့် Magic Spells မျိုးစုံနှင့်  Magic Trap ထောင်ချောက်မျိုးစုံကို တွဲဖက် အသုံးပြုနိုင်သလို ဘေးကိုရှောင်နိုင်မယ့် dodge ability လည်း ပါဝင်ထားလို့ Dark Souls
ကစားသမားတွေလည်း သဘောကျမှာပါ။ Normal mode နဲ့ ကစားရင်တော့ spell မျိုးစုံကို အသုံးပြုပြီး ရန်သူရဲ့ အားနည်းချက်တွေကို ရှာဖွေရလောက်အောင် အရမ်းမခက်ဘဲ ပုံမှန်တိုက်ခိုက် သွားရုံနဲ့ အဆင်ပြေတယ်ဆိုတော့ Action RPG ဂိမ်းတွေ ကစားသက်ရင့်နေသူတွေကတော့ Death March difficulty level ကစားနိုင်ပါတယ်။ Witcher vision လို့ အမည်ရတဲ့ ခြေရာခံ တဲ့အစွမ်းကို အသုံးပြု ပြီး Monsters တွေကို လိုက်ရှာရတဲ့ misisons တွေမှာ ဆိုရင်တော့ ကြီးမားတဲ့ Open World level တွေကို သတိထားမိစေမှာဖြစ်ပြီး တောင်တက်တာတို့၊ ရေပေါ်ရွက်လွှင့် (Sailing) သွားနိုင်တာတို့အပြင် fast travel ဖြင့်လည်း ရောက်ပြီးသား နေရာတွေကို သွားလာနိုင်ပါတယ်။ Graphics ပိုင်းအနေနဲ့လည်း အထူးကြည့် ကောင်းတယ်ဆိုတာ screenshot တွေကြည့်ရုံနဲ့ သိသာသလို Enemy design ပိုင်းအနေနဲ့ကလည်း Mythology creature ပုံစံရိုးရိုးတွေပဲ အသုံးများတဲ့ အခြား Western RPG တွေ အများစုထက် ပိုပြီး ထူးခြားတဲ့ creature design တွေ အများကြီး ပါဝင်ထားပါတယ်။ Side quests အတော်များများမှာလည်း main quests မှာ မပါထားတဲ့ ရန်သူပုံစံတွေ မရောက်ဘူးသေးတဲ့ နေရာသစ်တွေ ပါဝင်လို့ side quests တွေ ကစားရတာ တန်တယ်ပြောရမှာပါ။

The Witcher 3 ဟာ Skyrim နှင့် GTA V တို့လို Open World ဂိမ်းတွေထက်တောင် ပိုမိုကြီးမားပြီး အရင် Witcher 2 ထက်အစ ၃၀ ကျော်ကျယ်ပြန့်တဲ့ မြေပုံပါဝင်ထားလို့ ပင်မဇာတ် လမ်းပဲ ဆော့ရင်တောင် နာရီ ၅၀ ကျော် အားရပါးရ ဆော့ရမှာပါ။ Side Quests တွေ ကစားမယ်ဆိုရင်တော့ နာရီ ၁၀၀ ကျော်မကကစားရမှာဖြစ်ပြီး graphics ပိုင်းရော gameplay ပိုင်းပါ အပြစ်ပြောစရာ မရှိရလောက်အောင် ကောင်းမွန်တဲ့ Action RPG ဂိမ်းဖြစ်တာ တွေ့ရပါတယ်။