Windows 10 ကို ဇူလိုင်လ ၂၉ ရက်တွင် ဖြန့်ချိရန် Microsoft စီစဉ်

10511311_10152972289602825_8338782618537551414_n.jpg

Microsoft သည် Windows 10 operating system သစ်ကို ဇူလိုင်လ ၂၉ ရက်တွင် ဖြန့်ချိရန် စီစဉ်နေကြောင်း ကုမ္ပဏီ၏ operating system ဒုဥက္ကဋ္ဌ တယ်ရီမိုင်ယာဆန်က ထုတ်ဖော် ပြောကြားခဲ့သည်။

အဆိုပါ ဆော့ဖ်ဝဲကုမ္ပဏီကြီးသည် ယခင်က Windows 10 ကို နွေရာသီတွင် နိုင်ငံပေါင်း ၁၉၀ ထံ၌ ဘာသာစကား ၁၁၁ မျိုးဖြင့် ဖြန့်ချိမည်ဟု ကြေညာခဲ့သည်။

Microsoft သည် Windows 10 technical preview ဗားရှင်းကို စမ်းသပ်သုံးစွဲသူ အချို့ထံ နှစ်ကုန်ပိုင်းက ဖြန့်ချိခဲ့သည်။ ၎င်း OS ကို စီးပွားရေးလုပ်ငန်းများနှင့် လူသုံးကုန်အတွက် ရည်ရွယ်ဖန်တီးထားပြီး desktop များ၊ laptop များ၊ ဖုန်းများနှင့် tablet များအပါအဝင် Internet of Things ထုတ်ကုန်များ၌ အသုံးပြုနိုင်မည်ဟု Microsoft မှ ပြောကြားခဲ့သည်။

စမတ်ဖုန်းများအတွက် ရည်ရွယ်ဖန်တီးထားသည့် Windows 10 Mobile ကိုမူ ယခုနှစ်ကုန်ပိုင်းတွင် ဖြန့်ချိနိုင်ရန် မျှော်မှန်းထားကြောင်း ကုမ္ပဏီမှ ဆိုခဲ့သည်။

Windows 10 ကို Windows 7 နှင့် အထက် အသုံးပြုထားသည့် ကွန်ပျူတာများနှင့် Windows 8.1 အသုံးပြုထားသည့် tablet များတွင် အခမဲ့ အသုံးပြုနိုင်မည်ဟု သိရသည်။

Ref: Wired