Luxury ဆန်ဆန်နဲ့ Chevrolet Impala မော်ဒယ်က ရွေးချယ်နိုင်စရာ စုံတယ်

2014-chevy-impala_1.jpg

ဟုတ်ပါတယ်၊ ခေတ်က ကားကုမ္ပဏီတစ်ခုနဲ့ တစ်ခုအပြိုင် အနေအထား ဖြစ်နေတော့ ကုမ္ပဏီတစ်ခုကနေ မော်ဒယ်တစ်ခုကို ထုတ်လုပ်တော့မယ်ဆိုရင် အရောင်၊ ဒီဇိုင်း၊ အင်ဂျင်စတဲ့ အချက်တွေ ရွေးချယ်နိုင်စရာများပါမှ ဈေးကွက်မှာ လူကြိုက်များတော့မယ့် အနေအထား ဖြစ်နေပါတယ်။ ဒီတော့ ကားကုမ္ပဏီတွေဘက်ကလည်း မော်ဒယ်တစ်ခုတည်းကိုမှ ရွေးချယ်နိုင်စရာ များများစားစား ထုတ်လုပ်ချင်လုပ်၊ အဲလိုမှ မဟုတ်ရင် အသွင်ကွဲ မော်ဒယ် ထုတ်လုပ်ရောင်းချမှ တန်ကာကျတော့တာပါ။ အခုလည်း Chevy ရဲ့ Cruze ဆိုတာ အင်ဂျင်စနစ် သေးသေးနဲ့ ဆီစားသက်သာတဲ့ မော်ဒယ်ဖြစ်ပေမယ့် တန်ကြေးနည်း မော်ဒယ်ဖြစ်နေတော့ အင်ဂျင်စနစ် ရွေးချယ်နိုင်စရာ အများကြီးမထွက်ဘူးပေါ့လေ၊ ဒီတော့အင်ဂျင်စနစ် ကြီးကြီးနဲ့ Luxury မော်ဒယ်မျိုးလိုချင်သူတွေအတွက် Chevy က နောက်ထပ် ဆင်တူ မော်ဒယ်တစ်ခု ဖြစ်တဲ့ Impala ကို ထုတ်လုပ်လာတာ တွေ့ရပြီး အခုမော်ဒယ်ကတော့ အင်ဂျင်စနစ်က အစ ရွေးချယ်နိုင်စရာအပိုင်းမှာ တော်တော်ကို စုံလင်တာကြောင့် လူကြိုက်များလာနေတဲ့ မော်ဒယ်တစ်ခု ဖြစ်လာပါတယ်။

Pros

ပြောရမယ်ဆိုရင် ကိုယ်ထည်ပိုင်းက အရမ်းကို ပေါ်လွင်စေလွန်းပါတယ်၊ တခြား မော်ဒယ်တွေနဲ့ ယှဉ်ပြီး ရပ်ထားမယ်ဆိုရင်ကိုပဲ သိသာနေစေမှာ အမှန်ပါ။ နောက်တစ်ချက်က ခရီးဝေးသွား
လာ မောင်းနှင်နိုင်ခြင်း ဖြစ်ပါတယ်။ တော်တော်တန်တန် ဆီဒင်တွေရဲ့ ခရီးဝေးသွားလာ မောင်းနှင်နိုင်မှုက မိုင် ၁၀၀ လောက်ပဲရှိမှာ ဖြစ်ပေမယ့် အခု Impala ကတော့ ပုံမှန်ထက် သာလွန်ပါတယ်။ ပြီးတော့ အတွင်းပိုင်း တည်ဆောက်မှုပုံစံက ကြည့်ကောင်းတယ်ဆိုတာထက် ရေရှည်အတွက် အသုံးခံနိုင်အောင် ဖန်တီးထားတာမျိုး ဖြစ်ပါတယ်။ အသက်ကယ် လေအိတ် စနစ်လို အပိုင်းတွေနဲ့ Feature တွေကလည်း အဆင့်မြင့်သလို အသုံးလည်း တည့်စေပါတယ်။ နောက်ဆုံး တစ်ချက်ကတော့ နောက်ဘက် အတွင်းခန်း အနေအထားဖြစ်ပြီး နောက်ဘက်ခန်းက ကျယ်ဝန်းတာကြောင့် ခရီးသည်အတွက် စိတ်ကြိုက်ပါပဲ။

Cons

အင်ဂျင်စနစ် တော်တော်များများကို ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပေမယ့် လေးလုံးထိုး အင်ဂျင်စနစ်နဲ့လာတဲ့ မော်ဒယ်တွေကတော့ စွမ်းဆောင်ရည်အပိုင်းမှာ ပုံမှန်ထက် အားနည်းတာ တွေ့ရပါတယ်။ ပြီးတော့ အတွင်းခန်း အပြင်အဆင်ပိုင်းမှာ အသုံးပြုဖန်တီးထားတဲ့ Plastic သား တချို့ရဲ့ အရည်အသွေးကို နည်းနည်းသဘောမကျချင်ပါဘူး၊ ဒါပေမဲ့ အများစုတော့ မဟုတ်ပါဘူး၊ ပြီးတော့ အနောက်ဘက်မြင်ကွင်းကို ရိုက်ပြမယ့် နောက်ကင်မရာရဲ့ Resolution လို့ ဆိုရမယ့် ကြည်လင်ပြတ်သားမှု အားနည်းတာကြောင့် နောက်ထပ် အဆင့်မြှင့်ရတာမျိုးတွေ လုပ်ဆောင်ရမယ် ထင်ပါတယ်။

Body

ကိုယ်ထည်ပိုင်းမှာတော့ အရောင် ရွေးချယ်နိုင်မှုအတွက် စုစုပေါင်း အရောင် ၁၁ ရောင် လောက်ထိအောင် ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပြီး အတွင်းဘက် ဒီဇိုင်းကတော့ သားရေ၊ အထည်နဲ့
Plastic ဦးစားပေး ပုံစံ ၅ မျိုး ရနိုင်ပါတယ်။ မော်ဒယ်က အကြီးစားတန်းဝင် ဆီဒင်ဖြစ်ပြီးတော့ အလျားက ၁၆ ပေနဲ့ ၉.၃ လက်မရှိမှာဖြစ်ပြီး မျက်နှာစာ အကျယ်ကတော့ ၆ ပေနဲ့ ၁ လက်မ ဖြစ်ကာ အမြင့်ကတော့ ၄ ပေနဲ့ ၁၀.၉ လက်မ ရှိမှာပါ။ Sport ဆန်တဲ့ ကိုယ်ထည်ဒီဇိုင်းမျိုး ချိုးဆစ်ထားပေမယ့် လမ်းကြောကြပ်တဲ့ အနေအထားမှာတော့ အကြီးစား ဆီဒင်ဖြစ်လို့ အဆင်မပြေချင်ပါဘူး။ အတွင်းခန်း အနေအထားကို ကြည့်မယ်ဆိုရင် ရှေ့ဘက်ခန်းက  ၅၈ လက်မနီးပါးနဲ့ နောက်ဘက်ခန်းက ၅၇ လက်မ ထိအောင်ရှိမှာ ဖြစ်ပါတယ်။

Engine

၂.၅ လီတာသုံး လေးလုံးထိုး အင်ဂျင်စနစ်နဲ့လည်း ရနိုင်သလို ၃.၆ လီတာသုံး V6 အင်ဂျင်နဲ့လည်း ရနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ V6 ကိုပဲ အားပေးချင်ပါတယ်။ အင်ဂျင်သံလည်း တည်ငြိမ်ကောင်းမွန်တာ တွေ့ရသလို စွမ်းဆောင်ရည်လည်း ကောင်းမွန်ပါတယ်။ အင်ဂျင်က လည်ပတ်အား တစ်မိနစ်အပတ်ရေ ၅၂၀၀ မှာ ရုန်းအား ၂၆၄ ပေ-ပေါင် ရှိမှာဖြစ်ပြီးတော့ စွမ်းအင်ထွက်ရှိမှုကတော့ မြင်းကောင်ရေ ၃၀၅ ကောင်အားထိအောင်ရှိမှာ ဖြစ်ပါတယ်။ ဒီလို စွမ်းဆောင်ရည်က Off-Raod အတွက် ရုန်းအားအပိုင်းမှာ အားနည်းနိုင်ပေမယ့် ခရီးဝေး မောင်းနှင်မှုမှာဖြစ်စေ City လမ်းကြောင်းမှာ ဖြစ်စေ လမ်းကောင်းလို့ကတော့ အမြန်နှုန်း စိတ်ကြိုက်တင်နိုင်မယ့် အနေအထားပါ။ ဒီနေရာမှာ အင်ဂျင်ရဲ့ လည်ပတ်နှုန်းကတော့ တစ်မိနစ်ကို အများဆုံး အပတ်ရေ ၆၈၀၀ ထိ ဖြစ်တာမို့ ဆီစားတော့ များနိုင်နေပါပြီ။

Performance

စွမ်းဆောင်ရည် အပိုင်းမှာတော့ အထက်မှာ ပြောခဲ့တဲ့ V6 အင်ဂျင်ကို ရှေ့ဘီးယက်စနစ်နဲ့ ချိတ်ဆက်ထားတာက အမြန်နှုန်း မြှင့်တင် မောင်းနှင်နိုင်မှုကို အားအနည်းငယ်  လျော့စေပါလိမ့်မယ်။
ဂီယာချက် အသုံးပြုနိုင်မှုကလည်း Auto စနစ်နဲ့ ဖြစ်ပေမယ့် အကြီးစား ဆီဒင်တစ်စီးအတွက် ဂီယာချက်က ၆ ချက်ထိအောင်ပဲ သုံးနိုင်မှာဖြစ်လို့ ပြိုင်ဘက်မော်ဒယ်တွေထက်စာရင် အားနည်းနေ တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှုအပိုင်းမှာတော့ V6 အင်ဂျင်တပ် မော်ဒယ်က တစ်နာရီ မိုင် ၆၀ နှုန်းကို အချိန် ၆.၇ စက္ကန့်နဲ့ ရောက်ရှိအောင် မောင်းနှင်နိုင်မှာဖြစ်လို့ တခြားအကြီးစား ဆီဒင်တွေထက်စာရင် အနည်းငယ်တောင် သာနေသေးတာလည်း ဖြစ်ပါတယ်။ ဒီနေရာမှာ လေးလုံးထိုး အင်ဂျင်တပ် မော်ဒယ်တွေကတော့ ဒီထက်အားနည်း မယ်ဆိုတာ ပြောစရာမလိုတော့ပါဘူး။

Fuel

လေးလုံးထိုး အင်ဂျင်စနစ်ဆိုရင် ၂.၅ လီတာသုံးတာ ဖြစ်ပြီး V6 ဆိုရင်တော့ ၃.၆ လီတာ သုံးပါ။ အင်ဂျင်စနစ် နှစ်ခုစလုံးက အကြီးစားတွေ ဖြစ်နေပါတယ်။ Impala ရဲ့ ပျမ်းမျှဆီစားနှုန်းက
V6 မော်ဒယ်တွေဆိုရင် ဆီတစ်ဂါလံကို ၂၄ မိုင်လောက်ထိအောင် စီးနင်းနိုင်မှာဖြစ်ပြီး မြို့တွင်းလမ်း ကြောင်းတွေမှာဆိုရင် ၁၈ မိုင်လောက်ထိအောင်ပဲရမှာ ဖြစ်ကာ Highway ဆိုရင်တော့ ၂၈ မိုင်လောက်ထိအောင်ရမှာပါ။ ဒါကလည်း City မှာ ဆီပိုစားတာက အင်ဂျင်အရွယ်အစားကြောင့်လို့ ဆိုရမှာပါ။ ကျွန်တော်က အကြီးစားဆီဒင်တစ်စီးကို တည်တည် ငြိမ်ငြိမ်နဲ့စီးဖို့ စိတ်ကူးနေသူတွေကို Impala ဝယ်ဖို့ မဲပေးလိုက် ပြီ၊ ဒါပေမဲ့ ကျွန်တော် မဲပေးတာ V6 အင်ဂျင်တပ် Impala ပါ။

Ref: www.edmunds.com