MPU က Electronic Bill Payment ကို စတင်

easybills.jpg

ကတ်ပေါင်း ၁ သန်းနီးပါး ထုတ်ဝေအသုံးပြုနေသည့် MPU ကတ်ကို အသုံးချ၍ Electronics Bill Payment စနစ်များကို စတင်အကောင်အထည်ဖော် ဆောင် ရွက်နေပြီဖြစ်ကြောင်း ငွေပေးချေမှု လုပ်ငန်းတစ်ခုဖြစ်သည့် 2C2P မှ သိရသည်။

လက်ရှိအချိန်၌ မိုဘိုင်းဖုန်း ဘီလ်ပေးချေခြင်းကို စတင်ဝန်ဆောင်မှု ပေးအပ်နေပြီဖြစ်သော်လည်း မကြာခင်တွင် လျှပ်စစ်မီတာ ဘီလ်များနှင့် အခြားသော အခွန်အခများကို အွန်လိုင်းစနစ်ဖြင့် ထပ်မံပေးချေနိုင်တော့မည်ဟု 2C2P က သတင်းထုတ်ပြန်ခဲ့သည်။

easyBills အမည်ဖြင့် အဆိုပါ ဝန်ဆောင်မှုကို စတင်ခဲ့ခြင်းဖြစ်ပြီး ဝန်ဆောင်မှုကို မိုဘိုင်းဖုန်းများ၊ ကွန်ပျူတာ များနှင့် ချိတ်ဆက်၍ ရယူအသုံးပြုလိုပါက easybills.com.mm တွင် ရယူအသုံးပြုနိုင်ကြောင်း သိရသည်။ အဆိုပါ easybills ၌ MEC ဖုန်းလိုင်းများ အပါအဝင် ဆက်သွယ်ရေး အော်ပရေတာသုံးခုတို့၏ မိုဘိုင်းဖုန်းများ အတွက် ငွေဖြည့် သွင်းခြင်းကို ပြုလုပ်ဆောင်ရွက်နိုင်မည် ဖြစ်သည်။

လုပ်ငန်းရှင်များအတွက် ဝန်ဆောင်မှုနှင့် ပတ်သက်၍ အသုံးပြုသူများထံမှ ငွေကြေးကောက်ခံလိုပါက easybills နှင့် ချိတ်ဆက်၍ Biller အဖြစ် စာရင်းပေးသွင်း လုပ်ကိုင်နိုင် သည်ဟု 2C2P က ပြောဆိုထားသည့်အပြင် လက်ဆောင်ကတ်များ ဝယ်ယူခြင်းနှင့် ငွေတောင်းခံလွှာများ အတွက် ငွေပေးဆောင်ခြင်း တို့ကိုလည်း ပြုလုပ်ဆောင် ရွက်နိုင်မည်ဟု သိရသည်။

MPU သည် ဖေဖော်ဝါရီလမှ စတင်၍ e Commerce အသွင်ကို စတင်ခဲ့ခြင်းဖြစ်ပြီး အင်တာနက်ပေါ်မှ ငွေဖြည့် ကတ်ဝယ်ယူခြင်း ဝန်ဆောင်မှုကို ခွင့်ပြုပေးခဲ့သည်ဟု သိရ သည်။ လက်ရှိအချိန်၌ မိုဘိုင်းဖုန်း အသုံးပြုသူ အရေအတွက်သည် ၁၈ သန်းဝန်းကျင်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည့်အတွက် အင်တာနက်ပေါ်မှ ဘီလ်ဖြည့် သွင်းခြင်း ဝန်ဆောင်မှုကို ထပ်မံတိုးချဲ့ခဲ့ခြင်း ဖြစ်သည်။

MPU နှင့်အတူ easyBills ကို ဝန်ဆောင်မှု ပေးအပ်နေသည့် 2C2P သည် အရှေ့တောင်အာရှတွင် ငွေပေးချေမှု လုပ်ငန်းများကို ဝန်ဆောင်မှုပေးအပ်နေသည့် လုပ်ငန်း တစ်ခုဖြစ်ပြီး ဒီဇင်ဘာလအတွင်း ကြိုတင်ငွေဖြည့် အသုံးပြုရသည့် နိုင်ငံတကာသုံး Citizen Card ကို ဝန်ဆောင်ပေးအပ်ခဲ့သည်။ ၎င်းတို့၏ ဝန်ဆောင်မှုများသည် ၂၀၁၄ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ သန်း ၂,၂၀၀ ကျော်ဖိုး ငွေပေးချေနိုင်ခဲ့သည်ဟု သိရသည်။