Myanmar Satellite Forum ပြုလုပ်မည်

10676194_725963524149884_3867363694045899997_n.jpg

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းများအတွက် အရေးပါသော Myanmar Satellite Forum ကို ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

CommuniCast Myanmar နှင့် talk Satellite တို့ပူးပေါင်း ပါဝင်မှုဖြင့် အဆိုပါ  Myanmar Satellite Forum ကို နိုဝင်ဘာလ ၁၉ ရက်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းများအတွက် ၎င်း၏ အရေးပါသော ဂြိုဟ်တုကဏ္ဍအတွက် ပြသနိုင်မည့် ပထမဆုံး အခွင့်အရေးဖြစ်ကြောင်း CommuniCast  2014 Myanmar စာနယ်ဇင်း ရှင်းလင်းပွဲမှသိရသည်။ မြန်မာနိုင်ငံ အနေဖြင့် ဂြိုဟ်တုအသုံးချပိုင်ခွင့် ရရှိရေး ရည်ရွယ်ချက်ဆီသို့ ဆောင်ရွက်နေကြောင်း၊ ငါးနှစ်အတွင်း ကိုယ်ပိုင်ဆက်သွယ်ရေး ဂြိုဟ်တုကို လွှင့်တင်နိုင်ရေးအတွက် မျှော်လင့်ထားကြောင်း သိရသည်။ နိုဝင်ဘာလ ၁၈ ရက်မှ ၂၀ ရက်နေ့အထိ Myanmar Event Park  တွင်ကျင်းပမည့် CommuniCast 2014 Myanmar တွင်အဆိုပါ Myan-mar Satellite Forum ကို ထည့်သွင်း ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

“ကွန်ပျူတာ အသင်းတွေအနေနဲ့ နည်းပညာကို မိတ်ဆက်ပေးချင်လို့ ပြပွဲတွေကို လုပ်ခဲ့တယ်။ နောက်ပိုင်း တစ်နှစ်မှာ သုံးလေးငါးပွဲ ဖြစ်လာတယ်၊ ထူးထူးခြားခြား တစ်နှစ်မှာတစ်ကြိမ် နည်းပညာပြပွဲ ကျင်းပပါတယ်။ လက်ရှိမှာတော့ တယ်လီကွန်း ကဏ္ဍကို စဖွင့်ပြီးတော့ အော်ပရေတာ နှစ်ယောက်ဝင်လာတယ်၊ တယ်လီကွန်း ဈေးကွက်ကတော့ ကြီးလာပြီဖြစ်ပါတယ်၊ အင်တာနက် ဝန်ဆောင်မှုနဲ့အတူ စိတ်ဝင်စားဖွယ်ကောင်းတဲ့ ဝန်ဆောင်မှုတစ်ခု ရှိပါတယ်၊ အဲဒါကတော့ ဂြိုလ်တုဝန်ဆောင်မှုပါ” ဟု မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်မှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ဦးဇော်မင်းဦးက ပြောသည်။ မြန်မာ့မိုဘိုင်း လုပ်ငန်း၏ အရေးပါသည့် ဖွံ့ဖြိုးတိုးတက်မှုကို ပြသခြင်းအတွက် Menander University Foundation မှစီစဉ်သည့် စွန့်ဦးလုပ်ငန်းများ အဖွဲ့အစည်း (Entrepreneur Institute) မှ နိုဝင်ဘာ ၂၀ ရက်တွင် မိုဘိုင်းလုပ်ငန်းဆိုင်ရာ အလုပ်ရုံဆွေးနွေး ပွဲကိုလည်း စီစဉ်ထားကြောင်း သိရသည်။

၎င်းအပြင် Mobile Services-New Engine for Economic Growth (မိုဘိုင်းဝန်ဆောင်မ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက် မောင်းနှင်မှုအသစ်) ဟောပြောပွဲလည်း ပါဝင်မည်ဖြစ်ကြောင်း၊  Mobile Apps Developer များလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

-ထွန်းထွန်း