3D printer ဖြင့် အရေပြားများ စတင်ထုတ်လုပ်ရန် L’Oreal စီစဉ်

_83089655_skin.jpg

ပြင်သစ်အလှကုန် ကုမ္ပဏီ L’Oreal သည် 3D printer ဖြင့် အရေပြားများ ထုတ်လုပ်ရန် ဇီဝဗေဒဆိုင်ရာ မျိုးရိုးဗီဇ ပြုပြင်ရေးကုမ္ပဏီ Organovo နှင့်ပူးပေါင်းခဲ့ကြောင်း သိရသည်။ 3D printer ဖြင့် ထုတ်လုပ်ထားသော အရေပြားများကို အလှကုန်များ စမ်းသပ်ရာတွင် အသုံးပြု သွားမည်ဖြစ်ကြောင်း L’Oreal က ပြောကြားခဲ့သည်။

Organovo ကုမ္ပဏီသည် 3D printer ဖြင့် ထုတ်လုပ်ထားသည့် လူ့အသည်းများကို ထုတ်လုပ်နိုင်ခြင်းကြောင့် လူသိများလာသည်။ သို့သော်လည်း ၎င်းကုမ္ပဏီ အနေဖြင့် L’Oreal နှင့်ပူးပေါင်း၍ အလှကုန် လုပ်ငန်းအတွင်းသို့ ပထမဆုံးအကြိမ် ဝင်ရောက်လာခြင်း ဖြစ်သည်။ ကျွမ်းကျင်သူများက L’Oreal ၏သိပ္ပံ စမ်းသပ်မှုသည် တရားဝင် ဖြစ်နိုင်သော်လည်း အလှကုန် ကုမ္ပဏီတစ်ခု အနေဖြင့် မည်သည့် အကြောင်းကြောင့် အရေပြား ထုတ်လုပ်ခြင်းကို မေးခွန်းထုတ်လျက် ရှိကြသည်။

လက်ရှိတွင် L’Oreal သည် ပလတ်စတစ် ဆာဂျရီလူနာများ လှူဒါန်းသည့် တစ်ရှူးများမှ နမူနာအရေပြားများ ဖန်တီးလျက်ရှိသည်။ ထိုတစ်ရှူးများမှ တစ်နှစ်လျှင် ၀.၅ စတုရန်း စင်တီမီတာရှိသည့် နမူနာအရေပြား ၁၀၀,၀၀၀ ကျော်ထုတ်လုပ် နေလျက်ရှိပြီး ၎င်းအရေပြားများထဲတွင် လူမျိုးနှင့်အသက် အရွယ်ပေါင်းစုံ၏ အရေပြားအမျိုးအစား ၉ မျိုးကိုကြီးထွားစေရန် လုပ်ဆောင်လျက် ရှိသည်။ ယခု ပူးပေါင်းမှုကြောင့် ထုတ်ကုန်၏ လုံခြုံစိတ်ချရမှုနှင့် စွမ်းဆောင်ရည် တွက်ချက်ရာတွင် နည်းလမ်းသစ် ဖြစ်လာရုံမက နည်းပညာနှင့် သုတေသန နယ်ပယ်သစ်များလည်း အကန့်အသတ်မရှိ ထွက်ပေါ်လာ ဖွယ်ရှိကြောင်း L’Oreal နှင့် Organovo က ထုတ်ပြန်သွားခဲ့သည်။ သို့ရာတွင် ၎င်းကုမ္ပဏီများ အနေဖြင့် အရေပြားနမူနာများကို မည်သည့်အချိန်တွင် ထုတ်လုပ်သွားမည်ဟု ပြောဆိုခဲ့ခြင်းမရှိဘဲ ကနဦး သုတေသန ပြုလုပ်နေကြောင်းသာ ပြောဆိုသွားခဲ့သည်။

Ref : BBC