ဆရာဦးသန်းစိန် ကိုယ်ပိုင် အထက်တန်း ကျောင်းမှ ဆရာဦးသန်းစိန်နှင့် တွေ့ဆုံခြင်း

IMG_1459.jpg

ကျွန်တော်တို့သိချင်တာက ဒီကျောင်းကို စတင်တည်ထောင်ဖြစ်ခဲ့တဲ့ အကြောင်းပါ

စတင် တည်ထောင်ဖြစ်တာက ဆရာတို့ 2010 ခုနှစ်ကစပြီး ဒီကျောင်းကို တည်ထောင်ဖြစ်တာပါ။ စစဖွင့်တုန်းကတော့ ကျောင်းသားအယောက် ၂၀ လောက်ရှိတယ်။ ဆရာကအရင်က ကြည်မြင့်တိုင်မှာ တစ်ကျောင်း၊ မြို့ထဲမှာ တစ်ကျောင်း၊ စမ်းချောင်းမှာ တစ်ကျောင်း ပေါင်းသုံး ကျောင်း အရင်ကကိုယ်ပိုင် ရှိတယ်။ နောက်ပိုင်းမှာ ဒီဝင်းကြီးထဲ ကျောင်းတစ်ကျောင်းကို လုပ်ခွင့်ပေးလိုက်လို့ ကျောင်းကြီးကို စတင် တည်ထောင်ဖြစ်ခဲ့တယ်။ စလုပ် လုပ်ချင်းတုန်းကကျောင်းကြီးက အပျက်အစီးတွေတော့ ရှိတယ်။ ကိုယ်တိုင်ပဲပြုပြင် ခဲ့ရတာပေါ့။ နောက်ပိုင်း မှာ စေတနာနဲ့ အနစ်နာခံ လုပ်ပေးခဲ့တော့ အခုဆိုရင် ကျောင်းသားပေါင်း တစ်ထောင်လောက်ရှိခဲ့ပါပြီ။ ဆရာက အရင်တုန်းက ကျူရှင်ပြနေတာ 23 နှစ်လောက်ရှိပြီကိုယ်ပိုင်ကျောင်းတွေ စတင်လုပ်ခွင့်ရပြီဆိုတာနဲ့ ဆရာတို့က မှတ်ပုံတင်ပြီးတော့ ကိုယ်ပိုင်ကျောင်းကို ဖွင့်လှစ်ခဲ့တာပါ။

အစိုးရကနေကိုယ်ပိုင်ကျောင်းတွေကိုစည်းကမ်းသတ်မှတ်ထားတာမျိုးတွေရှိလား

ရှိတာပေါ့။ သူတို့ကသင်ရိုးညွှန်းတမ်း အတိုင်း သင်ရမယ်။ အစိုးရကျောင်းတွေထက်ကောင်းအောင် ပိုပြီးတော့သင်ပေးရမယ်။ အဲလိုမျိုး ညွှန်ကြားချက်တွေကိုတော့ အသေးစိတ် ညွှန်ကြားပေးထားပါတယ်။ ပြီးတော့သူတို့ညွှန်ကြားထားတဲ့ ညွှန်ကြားချက်ကပြည့်စုံပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့စေတနာပေါ့။ စေတနာဆိုတာ ဥပမာအားဖြင့် အားကစားပစ္စည်းတွေ ထည့်ထား။ အားကစားကွင်းတွေ၊ ဝိတ်မတာတွေလုပ်နိုင် စေတနာနဲ့ လုပ်ပေးထားပြီးကိုယ့်ကျောင်းရဲ့ Standard တစ်ခုဖြစ်အောင် လုပ်ပေးထားပါ တယ်။

ဒီကျောင်းမှာ လာတက်နေတဲ့ကျောင်းသားတွေက ဘယ်ကလာတက်ကြပါသလဲ။

ကျောင်းမှာက ရန်ကုန်ကလည်း ပါတယ်။ ဘော်ဒါဆိုရင်တော့ နယ်တွေကလည်းပါတယ်။ ရှမ်းပြည်နယ်ပါတယ်။ကချင်ပြည်နယ်လည်းပါတယ်။

ဒီမှာရောဘော်ဒါဆောင်ရှိလား။

ဘော်ဒါရော ၊ Private ရောနှစ်မျိုး ရှိတယ်။ဘော်ဒါကတော့ အိပ်ဆောင်တို့ ဘာတို့ကို သီးသန့်ပေးရတာပေါ့။

ရိုးရိုးလာတက်တဲ့သူနဲ့ ဘော်ဒါလာတက်တဲ့သူနဲ့ ကုန်ကျစားရိတ်ကဘယ်လိုရှိလဲ။

ကုန်ကျစာရိတ်ချင်းကတော့ ကွာတယ်။ဘော်ဒါက ဒီမှာအိပ်၊ဒီမှာနေ၊ ဒီမှာစား ၊ဒီမှာလည်းပညာသင်ဆိုတဲ့ အတွက် တစ်ယောက်ကို တစ်နှစ်သိန်း ၃၀ လောက် ရှိတယ်။ သုံးရစ်ခွဲပေးရတာပေါ့။ Private လာတက်မယ် ပြီးရင်အိမ်ပြန်မယ်ဆိုရင်တော့ Private ကြေးကိုတစ်နှစ်စာလုံးအတွက် တစ်သိန်းကောက်တယ်။ လစဉ်ကြေားကတော့ အစားအစားပေါ့ ။ သုံသောင်းကောင်တယ်၊ သုံးသောင်းခွဲကောက်တယ်။ အတန်းလိုက်ကြည့်ပြီးကောက်တယ်။

ဒီမှာကဘယ်အတန်းကနေစပြီးရှိလဲမသိဘူး။

ဒီမှာကဆရာတို့က ငါးတန်းကနေ ဆယ်တန်းအထိရှိတယ်။ရှေ့လာမယ့်နှစ်မှာတော့ ဆရာတို့ကမူလတန်းပါ တစ်ခါတည်းမွေးတော့မှာပေါ့။ စီစဉ်ထားတယ်ပေါ့။

ဆရာအင်အားကရောဘယ်လောက်လောက်ရှိလဲ။

ဆရာအင်အားကတော့ ၃၈ ယောက်လောက်ရှိတယ်။

စာမေးပွဲဖြေတာကရောဘယ်လိုပုံစံမျိုးလဲ။

ဆရာတို့က ငါးတန်းရယ်၊ခြောက်တန်းရယ်၊ ခုနစ်တန်းရယ်၊ ကိုးတန်းရယ်ကိုတော့ ဆရာတို့ကကိုယ်တိုင်မေးခွန်းထုတ်တယ်။ ဆရာတို့ကိုယ်တိုင် အအောင်ပေးတာပေါ့ ။ အောင်ရင်လည်းအအောင်ပေး၊ ကျရင်လည်းအကျပေးရတယ်။ ရှစ်တန်းကတော့ ခရိုင်စစ်၊ ဆရာတို့သွားဖြေပေးရတယ်။ ၁၀ တန်းအစိုးရစစ်သွားဖြေပေးရ တယ်။ နိုင်ငံတော်က ချမှတ်ပေးထားတဲ့ ကျောင်းမှာသွားဖြေပေးရတာပေါ့။

အစိုးရကျောင်းကနေ ကိုယ်ပိုင်းကျောင်းကိုရွေ့လာမယ်ဆိုရင်ဘာတွေလိုအပ်မလဲဆရာ။

အစိုးရကျောင်းကနေ ကိုယ်ပိုင်ကျောင်းကို ရွေ့လာမယ်ဆိုရင် ဆရာတို့အနေနဲ့ကတော့ ၁၀ တန်းကို သတိထားရတာပေါ့။ ဒီနှစ်မှာဆရာတို့ကျောင်းကို ဝင်မယ်ဆိုရင်တော့ ဝင်ခွင့် (Entrance) ဖြေဆိုရတယ်။ ဆရာတို့အနေနဲ့ အဆင်မပြေတဲ့ကျောင်းသားဆို လက်မခံဘူး။ ကျန်တာကတော့ ဘာမှပြဿနာမရှိပါဘူး။ ငါးတန်းဆိုရင် လေးတန်းအောင် လက်မှတ်ရယ် ၊ CPR  ရယ်ယူလာရင် ဆရာတို့က လက်ခံပေးတယ်။ ကျောင်းပြောင်းမယ်ဆိုရင်လည်း ကျောင်းထွက်လက်မှတ်လုပ်ပေးတယ်။ ဟိုဘက်ကျောင်းကလည်း လက်ခံပေးပါတယ်။ ဆရာတို့ကျောင်းကို အပ်မယ်ဆိုရင်တော့ ကျောင်းထွက်လက်မှတ်ရယ် ၊CPR ရယ်ပေါ့။ အဲတာတွေမပါပဲလက်မခံဘူး။သူရှစ်တန်း တက်ချင်ရင် ခုနစ်တန်းအောင်မြင်ကြောင်း ထောက်ခံချက် ပါရမယ်။

ကျောင်းချိန်တွေကရော အစိုးရကျောင်းတွေနဲ့ အတူတူပဲလား။

ကျောင်းချိန်တွေကတော့ နံနက် ၉ နာရီကနေ ညနေ ၃ နာရီ ၁၅ အထိ အစိုးရကျောင်းအတိုင်းပဲ။ ဒါပေမဲ့ ၁၀ တန်းကိုကြတော့ခြွင်းချက်အနေနဲ့  ကိုယ့်ကျောင်းကို အောင်ချက် ထိန်းချင်တာကြောင့်တော်တဲ့ကလေးတွေကြတော့ အိမ်မှာကိုက့်ပြန်ယူရတာတွေ ၊ အိမ်မှာဆရာဆရာမနဲ့ ပြန်မောင်းတာတွေ ရှိတာကြောင့် မနက်ပိုင်းပဲသူတို့ ကိုခေါ်လိုက်တာပေါ့။ ကျန်တဲ့အချိန်ကိုတော့အိမ်မှာ ကိုယ်အစီအစဉ်နဲ့ ကိုယ်လုပ်ရတာပေါ့။

ဒါဆိုကိုယ်ပိုင်အထက်တန်းကျောင်းတွေနဲ့ အစိုးရကျောင်းတွေကဘာမှကွာချက်းချက်သိပ်မရှိဘူးပေါ့။

ဟုတ်တယ်ဘာမှကွာခြားချက်မရှိပါဘူး။

ကျောင်းမှာစာသင်တဲ့ဆရာတွေကိုရော ဘယ်လိုရွေးချယ်ခန့်အပ်လဲမသိဘူး။

ဆရာဖြစ်လက်မှတ်ရှိရမယ်။ MA,MSC ဖြစ်ရမယ်။နောက်တစ်ခါ ကလေးတွေကို တစ်လလောက်စမ်းပြီးပြခိုင်းတယ်။ဆရာတို့ရွေးတဲ့အခါမှာပေါ့။ တစ်လပြလို့ ကလေးတွေက လက်မခံဘူးဆိုရင် စိတ်မကောင်းပါဘူးဆရာမဆိုပြီး တောင်းပန်ရတာပေါ့ ပြီးတော့နောက်တစ်ယောက်ပြန်ခေါ်တယ်။

သင်ရိုးညွှန်းတမ်းက အစိုးရကနေ ချမှတ်ထားတဲ့ သင်ရိုးညွှန်းတမ်းအတိုင်း သွားတာလား၊ ဒါမှမဟုတ်ဆရာတို့က နေသပ်သပ် ထပ်ပေါင်းပြီးသွားတာမျိုးရှိလား။

အဓိကကတော့ ဘယ်ကိုယ်ပိုင်ကျောင်းမဆို အစိုးရကနေပြဌာန်းထားတဲ့သင်ရိုးညွှန်းတမ်းကိုပဲသင်ရတယ်။ ဆရာတို့ကဖြည့်စွက်အရာတွေ၊ သီးသန့် course တွေကို International School တွေလိုသင်လို့မရဘူး။သူ့စည်းကမ်းချက်ထဲမှာကိုပါပြီးသား ။ဖြည့်စွက်အနေနဲ့ကတော့ အထွေထွေဗဟုသုတတို့၊ ကွန်ပျူတာတို့၊ English စကားပြောတို့၊အားကစားလေ့ကျင့်ခန်းသင်ခန်းစာတို့၊ ကဗျာလွတ်အကတို့စတာတွေကတော့ ပြန်ဖြည့်တာပေါ့။

ကျူရှင်ကျောင်းလုပ်ခဲ့ရတဲ့ အနေအထားနဲ့ ကိုယ်ပိုင်းကျောင်းလုပ်ရတဲ အနေအထားမှာ ဘယ်လို ကွာခြားချက်မျိုးတွေ ရှိလာလဲ။

ကွာတယ်၊ကွာတယ်၊ ကျူရှင်သင်တာတော့ပေါ့ပါးတာပေါ့။ ပေါ့ပါးတယ်ဆိုတာ စာသင်ကောင်းရင်လာတက်တယ်။ အောင်ချက်ကောင်းရင် လာတက်တယ်။ ပြီးရင်ပြန် သွားတယ်ပေါ့တယ်။ကိုယ်ပိုင်ကျောင်းကြတော့ မရတော့ဘူး။ ညွှန်ကြားချက်နဲ့လည်း ကိုက်ညီရတယ်။ နောက်ပြီးတော့ ကျောင်းအလုပ်တွေ အရမ်းများလာတာပေါ့။ ကျောင်း ထွက် လက်မှတ်တွေ၊ ကျောင်းဝင်လက်မှတ် စာဝင်စာထွက်အပြင် ကျောင်းထွက်လက်မှတ် ထိမ်းသိမ်းတာက အစ အရမ်းအရေးကြီးတယ်။

ကိုယ်ပိုင်ကျောင်းကို တက်ကြတဲ့အခါမှာ မြင်တဲ့ဆရာရဲ့ အမြင်ကို ပြောပြပါ။

ကိုယ်ပိုင်ကျောင်းတက်တာကတော့ ဆရာ့အနေနဲ့ ပြောရရင် တစ်ကျောင်းနဲ့ တစ်ကျောင်းက ပြိုင်နေကြတာဆိုတော့ ကျောင်းသားကို ဂရုစိုက်နေကြတဲ့အတွက် ပိုပြီး ကောင်း တယ်ပေါ့နော်။ မိဘတွေအနေနဲ့လည်းပိုပြီးအားပေးလာတာကို တွေ့လာရတယ်။ ကိုယ်ပိုင်ကျောင်းတွေ စဖွင့်ခါစတုန်းကတော့ သိပ်ပြီးအားမကိုးကြဘူး။ အစိုးရကျောင်းကိုပဲ အားကိုးတာပေါ့။ အခုနောက်ပိုင်းကျတော့ ဆရာတို့က ဂရုစိုက်ပေးတာတွေ ပြီးတော့ သင်ကြားမှုတွေက ပြောင်မြောက်လာတာတွေ တစ်ဦးချင်းကို ဆွေးနွေးတိုင်ပင်သင်ပေး တာတွေ မိဘတွေကိုခေါ်ယူပြီးတော့ ဆွေးနွေးပေးတာကအစ အဲလိုမျိုး လုပ်ဆောင်ချက်တွေကြောင့် ပုဂ္ဂိလိကကျောင်းတွေကို ပိုပြီးအားထားလာတာကို တွေ့ရပါတယ်။

နောက်ပိုင်းမှာ ပုဂ္ဂလိကကျောင်းတွေ ထပ်များလာဖို့ ရှိလားဆိုတာ ဆရာအမြင်ပြောပြပါဦး။

ရှိတာပေါ့။ ဆရာတို့ စစဖွင့်တုန်းက ပုဂ္ဂလိကကျောင်းတွေ ဆယ်ကျောင်းလောက်ပဲရှိတယ်။ အခုဆိုရင် ကျောင်းပေါင်းနှစ်ရာကျော်သွားပြီ ရန်ကုန် တိုင်းဒေသကြီးမှာ နောက် ထပ် ထပ်ပြီးလည်း ကျောင်းတွေပေါ်လာဦးမှာပဲ။ ဘာလို့လဲဆိုတော့ အချို့မိဘတွေကျတော့ အစိုးရကျောင်းကောင်းတွေကို သွားရတာလာရတာ တကူးတကဖြစ်တော့ သူတို့ရဲ့နီးနီးနားနားမှာ ပုဂ္ဂလိကကျောင်းကောင်းတစ်ခုရှိရင် ထားလိုက်ကြတာပေါ့။ အဲလိုမျိုးရှိပါတယ်။ ကျောင်းတွေကတော့ ထပ်ပြီးပေါ်ဦးမှာပါပဲ။ တစ်ခုတော့ရှိတယ် တစ်ချို့ကျောင်းတွေလည်း ရှုံးပြီးတော့မဖွင့်နိုင်တော့တာတွေရှိတယ်။ ကျောင်းသားမရတာကြောင့် နောက်ပြီး ကျောင်းအတွက်မှတ်ပုံတင်ကြေးတွေ၊ သင်
ထောက်ကူပစ္စည်းစားရိတ်တွေကြောင့် မဖွင့်နိုင်တော့ပဲ ရပ်သွားတာတွေလည်းရှိပါတယ်။

ဆရာ့အနေနဲ့ ဘော်ဒါကျောင်းတွေရွေးချယ်မှုပေါ်မှာ ဘယ်လိုအကြံပြုချင်ပါသလဲ။
ဘော်ဒါကျောင်းတွေ ရွေးချယ်ရာမှာ ကျောင်းတွေသေချာရွေးပြီးအပ်ဖို့ လိုပါတယ်။ အချို့ဘော်ဒါတွေ ကလည်း ကလေးက ပျက်စီးသွားတာတွေ ရှိတယ်။ စည်းကမ်းကောင်း တဲ့ ဘော်ဒါဆိုရင် ပိုပြီးအဆင်ပြေပါတယ်။ ဆရာတို့ကျောင်းမှာလည်း ဘော်ဒါရှိပါတယ်။ ဆရာတို့ဘော်ဒါမှာ လိမ္မာတဲ့ကလေးရှိသလို ဆိုးတဲ့ကလေးလည်းပါတယ်။ လိမ္မာတဲ့ ကလေးက ဆိုးတဲ့ကလေးနဲ့ ပေါင်းပြီး ဘော်ဒါဆောင်မှာ ပျက်ဆီးသွားတာတွေ များတာကို တွေ့ရပါတယ်။ ဒါကြောင့် စည်းကမ်းကောင်းကောင်းနဲ့ အုပ်ချုပ်နိုင်တဲ့ ဆရာတွေ  ရှိတဲ့ ဘော်ဒါတွေကိုရွေးချယ်ပြီး ကျောင်းသားတွေကို ထားသင့်ပါတယ်။ ဘော်ဒါဆောင်တိုင်းကိုတော့ ဆရာတို့အားမပေးဘူး။ ဆရာတို့ကျောင်းမှာဆိုရင် အချိန်မှန် စာကျက်ရ တယ် စာသင်ရတယ်။ သူ့စည်းနဲ့သူသွားနေရတယ်။ အဲဒီမှာ ကွန်ထရိုးလုပ်တဲ့ဆရာတွေက အရေးကြီးတာပေါ့နော်။ ဆရာတွေက ပျော့မယ်ဆိုရင် ကလေးတွေက စာမ လုပ်ချင်တော့ ဟန်ဆောင်ပြီး ဟိုဟာဖြစ်တယ် ဒီဟာဖြစ်တယ်ပြောပြီး ခိုနေတာကနေ ကြာတော့ အပေါင်းအသင်းမှားပြီး ပျက်စီးသွားတာတွေ ဖြစ်တတ်ပါတယ်။ အဲဒါတွေကိုတော့ ဆရာတို့က ပါးနပ်စွာ ကိုင်တွယ်ရတာပေါ့နော်။

ပုဂ္ဂလိကကျောင်းတွေကို တက်ရောက်ဖို့ ရည်ရွယ်နေတဲ့ ကျောင်းသားတွေပဲဖြစ်ဖြစ် မိဘတွေကိုပဲဖြစ်ဖြစ်ဆရာက ဘယ်လိုအကြံပြုချင်ပါသလဲ။
ပုဂ္ဂလိကျောင်းတွေကို တက်မယ်ဆိုရင် မိဘတွေအနေနဲ့ စဉ်းစားပါလေ့လာပါ။ အဓိကကတော့ ဒါပါပဲ။ ကျောင်းကိုသွားပြီးတော့လေ့လာ။ တက်ခဲ့တဲ့ကျောင်း သားတွေနဲ့ ကျောင်းသားတွေရဲ့မိဘတွေကို စုံစမ်းမေးမြန်းပြီးတော့ စဉ်းစားပြီးအပ်ကြပါ။ အချို့ကျောင်းတွေကြတော့ ဆရာတို့က သိပ်ပြီး ထုတ်ဖော် မပြောချင်ပါဘူး။ မိဘတွေက သူတို့ရဲ့ပြောတဲ့အတိုင်းမှတ်ပြီး ခေါ်တိုင်းပါ သွားကြပါတယ်။ ပြီးတော့မှ အဆင်မပြေတော့မှ အခြားကျောင်းတွေကို ပြောင်းထား လိုက်ရတာမျိုးတွေရှိတယ်။ ဒါကြောင့် မတက်ခင်ကတည်းက စုံစမ်းပါ လေ့လာပါ။ နားစွင့်ထားပါ။ ကျောင်းရဲ့ ဂုဏ်သတင်းကိုနားထောင်ပြီး အဲဒါတွေကြည့်ပြီး အပ်ကြပါလို့ပြောချင်ပါတယ်။

အစိုးရကျောင်းတွေမှာ အချို့ကျောင်းကောင်းတွေကို အတင်းဝင်တိုးပြီး အပ်နေကြရတယ်။ အဲလိုကျောင်းနေရမှာ ပုဂ္ဂလိကကျောင်းတွေမှာ တက်မယ်ဆိုရင် ဘယ်လိုဖြစ်နိုင် မလဲ ဆိုတာ ဆရာ့အမြင်လေး ပြောပါဦး။
တကယ်တော့ ဘယ်ကျောင်းရယ်တက်မှမဟုတ်ပါဘူး။ ကျောင်းသားတွေရဲ့ စာကြိုးစားချင်တဲ့စိတ်ကသာ အဓိကဖြစ်ပါတယ်။ ကျောင်းကောင်းကြီးကိုတက်မှ ပိုတတ်မယ် အဲလိုမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် တစ်ခုတော့ရှိတာပေါ့။ သင်တဲ့ဆရာဆရာမရဲ့ သူသင်တဲ့ ဘာသာရပ်အပေါ်မှာ ကျွမ်းကျင်ပိုင်နိုင်ဖို့တော့ လိုတာပေါ့နော်။ အဲ့လို မရှိဘူးဆိုရင်လဲ ကျောင်းသားက စာတက်မှာမဟုတ်ပါဘူး။ အချို့ဆရာတွေရှိတယ် စာအုပ်ကြီးပဲ ဖတ်ပြနေတာ။ ဆရာတွေကလည်း သူ့တို့ရဲ့ ဘာသာရပ်မှာ Professional
ပီသနေဖို့လိုပါတယ်။ အဲလို ဆရာတွေရှိတဲ့ ကျောင်းတွေကတော့ ပိုကောင်းတာပေါ့။