Volkswagen Touareg 2015 က Hybrid စနစ်နဲ့ပါရနိုင်တဲ့ လမ်းကြမ်းမောင်း SUV မော်ဒယ်

wpid-wp-1415780110728.jpg

Volkswagen ရဲ့ မော်ဒယ်တွေက ပြည်တွင်းနဲ့ စိမ်းနေတာ တော်တော်လေးတော့ ကြာနေပြီ။ ဒါပေမဲ့ လူတိုင်းကတော့ VW ကို သိနေတုန်းပါပဲ။ ဒါကလည်း တခြားကြောင့်တော့ မဟုတ်ပါဘူး။ တစ်ချိန်က ပြည်တွင်းမှာ အစီးများ၊ အသုံးများနေချိန်ကတည်းက ကောင်းလို့ပေါ့။ ဒါဆို VW ရဲ့ မော်ဒယ်တွေက ကောင်းရဲ့သားနဲ့ ဘာလို့ ဒီနေ့ဈေးကွက်မှာ သိပ်မရှိတော့တာလဲ၊ မေးချင်ပါသလား၊ အဲ့ဒီအတွက် အဖြေကတော့ သူကိုယ်တိုင်က မြန်မာပြည်ဈေးကွက်ကို မော်တော်ကား တင်သွင်းမှု လျော့ချလိုက်လို့၊ မတင်သွင်းတော့လို့၊ နောက်ပြီး ဘေးနားကနေ ဂျပန်ကားတွေ ဒီဇိုင်းဆန်း၊ ပုံစံစုံစုံနဲ့ ဈေးကွက် ဝင်လာတာတွေကြောင့်ပါ။ ကောင်းပါပြီ၊ ဒါဆို ဒီနေ့  ကျွန်တော်တို့ မေ့ထားတာ ကြာပြီဖြစ်တဲ့ VWရဲ့ မော်ဒယ်တစ်ခုဖြစ်တဲ့ Touareg နဲ့ ပြန်ပြီး မိတ်ဆက်ပေးချင်ပါတယ်။ ဒါကလည်း တခြားကြောင့်တော့ မဟုတ်ပါဘူး။ စီးချင်၊ ဝယ်ချင်တဲ့သူရှိရင် ဝယ်နိုင်အောင်လို့ပါ။ ဒီခေတ်ကလည်း မော်တော်ကားတွေ တင်သွင်းခွင့်ပေးနေချိန်ဆိုတော့ လူတိုင်းက ကိုယ်ကြိုက်တာ တင်သွင်းနေကြတာ ဖြစ်သလို နောက်ဆုံး Lincoln ရဲ့ Navigator လို မော်ဒယ်တောင်မှ ပြည်တွင်းမှာ လာတွေ့နေရတာဆိုတော့ အခု Touareg ကို စိတ်ဝင်စားသူ ရှိမယ်ထင်ပါရဲ့ဗျာ၊ ကောင်းပါပြီ၊ ကျွန်တော်တို့ ဆက်ကြည့်ရအောင်ပါ။

အားသာချက်

အလယ်အလတ်တန်းစား အရွယ်ရှိ SUV တစ်စီးအတွက် Hybrid စနစ်နဲ့ပါ ရွေးချယ်ဝယ်ယူနိုင်အောင် ဖန်တီးထားတာက နှစ်သက်စရာ ဖြစ်ပြီးတော့ ဒီအချက်ကြောင့်ပဲ ပြောရမယ်ဆိုရင် မော်ဒယ်ရဲ့ ဆီစားများမှုကို လျှော့ချပစ်လိုက်နိုင်တာလည်း ဖြစ်ပါတယ်။ ပြီးတော့ VW က သူ့ရဲ့ မော်ဒယ်ကို Luxury ဆန်အောင် ဖန်တီးထားတာမဟုတ်ဘဲ Off-Road အတွက် ရည်ရွယ် ထုတ်လုပ်ထားတာကြောင့် Ground-Clearance လည်း များပြားသလို လမ်းကြမ်း မောင်းနှင်နိုင်မှုလည်း ပိုမိုကောင်းမွန်တာ တွေ့နိုင်ပါတယ်။ နောက်ဆုံး ပြောချင်တဲ့ တစ်ချက်ကတော့ VW က Touareg ရဲ့ ရှေ့ဘက် လေခွင်းပေါက်စနစ်တွေကို နဂိုကုမ္ပဏီရဲ့ ပုံစံအတိုင်း Steel အစင်းသား ပုံစံနဲ့ ဖန်တီးထားတာက VW ကို မှတ်မိပေါ်လွင်စေနိုင်တာဖြစ်ပြီး အောက်ဘက် လေခွင်းစနစ်တွေကတော့ Audi ရဲ့ SUV တွေနဲ့ ဆင်တူအောင် ဖန်တီးထား တာ တွေ့ရပါတယ်။

တည်ဆောက်မှု

ဥရောပအခြေစိုက် ကုမ္ပဏီထုတ် မော်ဒယ်ဖြစ်တာနဲ့ အညီ မော်ဒယ်ကို အောက်ဘက် Frame ပိုင်း အထူးတောင့်တင်း ခိုင်မာအောင် ဖန်တီးထားတာ တွေ့ရပြီး ကားအကြမ်းခံနိုင်မှုဆိုင်ရာ စစ်ဆေးချက်မှာ ကြယ်လေးပွင့်ခွဲ အနေအထားထိအောင် ရရှိထားတာက Luxury တန်းဝင် Crossover  မော်ဒယ်တွေနဲ့ တောင်မှ တန်းတူလိုက်နေတာ ဖြစ်ပါတယ်။ ထင်ရှားတဲ့ ကိုယ်ထည်ပိုင်းတည်ဆောက်ပုံမျိုး မတွေ့ရဘဲ Wheelbase ကို ပုံမှန်ထက် ကျယ်ထားတာ တွေ့နိုင်ပြီး အတွင်းခန်း ပိုမိုကျယ်ဝန်းအောင် ဖန်တီးထားပါတယ်။ နောက်ဘက် ဝန်တင်ခန်းအပိုင်းမှာ အနည်းငယ် ပုံမှန် မော်ဒယ်တွေထက် ကျဉ်းမြောင်းပြီး အတွင်းခန်းတွေကတော့ ရှေ့ဘက် ၅၇ လက်မ ခွဲနဲ့ နောက်ဘက်ခန်းက ၅၇ လက်မရှိမှာဖြစ်လို့ ပုံမှန်ထက် နည်းနည်း ပိုကျယ်ပါတယ်။ အတွင်းခန်း တည်ဆောက်မှု အပိုင်းမှာ Control တွေလည်း တပ်ဆင်ထားရှိမှု နည်းပါးသလို Feature ပိုင်းလည်း အသုံးပြုနိုင်မှု သိပ်မများလှဘဲ လုပ်ဆောင်ချက် တော်တော်များများကို Display စနစ်ကနေ Touch စနစ်နဲ့သွားမှာ ဖြစ်ပါတယ်။

အင်ဂျင်ပိုင်း

တပ်ဆင်ထားတဲ့ အင်ဂျင်က ကျွန်တော် ပြောနေတဲ့ Hybrid စနစ်ပါ။ မော်ဒယ်က ၃.၀ လီတာသုံး V6 အင်ဂျင်ကို တပ်ဆင်ထားတာတွေ့ရတာက နည်းနည်းပိုနေသလိုပါပဲ။ ဒါပေမဲ့ ကျွန်တော် လေ့လာကြည့်မိသလောက်တော့ VW က အခု မော်ဒယ်ကို ဆွီဒင်နဲ့ အီတလီတို့ကအစ နှင်းလမ်းလို လမ်းလည်း ချော်နိုင်၊ လမ်းလည်း ကြမ်းနိုင်မယ့် အနေအထားမျိုးမှာ လုံခြုံစိတ်ချရမှု ကောင်းကောင်း
ရအောင် ဖန်တီးထားတာမျိုး ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ထင်ပါ တယ်။ အင်ဂျင်က စွမ်းအင် ထွက်ရှိမှု အပိုင်းမှာ အားနည်းတာ တွေ့နိုင်ပြီး ရုန်းအားအပိုင်းမှာ ပိုကောင်းတာ တွေ့ရပါတယ်။

မောင်းနှင်နိုင်မှု

အင်ဂျင်ရဲ့ စွမ်းအင်ထွက်ရှိမှုနှုန်းက Hybrid မော်ဒယ်မှာ မြင်းကောင်ရေ ၂၈၀ ထိအောင် ထွက်ရှိမှာ ဖြစ်တာကြောင့် စွမ်းအင်ထွက်ရှိမှု ကောင်းတယ်လို့ သတ်မှတ်နိုင်ပေမယ့် တောင်တက်လမ်းနဲ့ လမ်းကြမ်းမှာ မော်ဒယ်က ပိုပြီး အံဝင်တာ တွေ့ရပါတယ်။ အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှုက မထင်မှတ်ဘဲ ကောင်းမွန်နေပြန်ပြီး အကြီးစား ပေါင် ၄၀၀၀ ကျော်လေးတဲ့ မော်ဒယ်က တစ်နာရီ မိုင် ၆၀ နှုန်းကို အချိန် ၆ စက္ကန့် ဝန်းကျင်နဲ့ ရောက်အောင် မောင်းနှင်နိုင်မယ်ဆိုတာက ကောင်းပါတယ်။ ဒါပေမဲ့ တစ်ခုရှိတာကတော့ ကွေ့လမ်းမှာတော့ အရုန်းအားနည်းတာဖြစ်ပြီး အရှိန်သေမှု မြန်တာကို တွေ့ရပါတယ်။

ဆီစားနှုန်း

မော်ဒယ်က Transmission ပိုင်းမှာ Auto စနစ်ကို သုံးထားတာကလည်း ဆီစားများစေနိုင်တာ တွေ့ရသလို Drive စနစ်ကလည်း ဘီးစုံယက်စနစ်နဲ့ဆိုတော့ ပြောမနေပါနဲ့တော့။ နောက်ပြီး လည်ပတ်အားကလည်း များသေး၊ ဝန်တင်ဆောင်ရုန်းကန်နိုင်မှုကိုလည်း ပေါင် ၁၅၀၀ ဝန်းကျင်လောက်ထိအောင် ဖန်တီးထားတာဆိုတော့ ဆီစားများတာ အပြစ်မဆိုသာသလို ဖြစ်နေပါတယ်။ ခံသာသွားတာဆိုလို့ Hybrid စနစ် ထည့်သွင်းထားတာတစ်ခုပဲရှိပြီး အဆိုပါ စနစ်ကြောင့်ပဲ မော်ဒယ်က ဆီတစ်ဂါလံကို ပျမ်းမျှ ၂၂ မိုင် လောက်ထိအောင် စီးနင်းနိုင်မှာ ဖြစ်တာကို တွေ့ရသလို ဘီးစုံယက်စနစ် ဖြစ်တာကြောင့် မြို့တွင်းလမ်းကြောင်းနဲ့ မကိုက်ညီဘဲ မြို့တွင်းလမ်းကြောင်းမှာဆီစား ပိုများပြီး တစ်ဂါလံကို မိုင် ၂၀ လောက်ပဲစီးနိုင်မှာ ဖြစ်ပေမယ့် အဝေးပြေးလမ်းကြောင်းတွေမှာ ဆိုရင်တော့ ဆီတစ်ဂါလံ ကို ၂၆ မိုင်လောက်ထိအောင် စီးနင်းနိုင် မှာဖြစ်လို့ တကယ်တမ်း အကြမ်းခံ SUV တစ်စီးကို စဉ်းစားနေသူတွေအတွက်ကတော့ ဆီစားနှုန်းတစ်ခုကို မေ့ထားပေးမယ်ဆိုရင် ကျန်တာ အားလုံးက Touareg မစွမ်းဆောင် ပေးနိုင်တာမရှိလောက်ပါဘူးလို့ ဆိုလိုက်ပါရစေဗျာ။

Ref:  www.edmunds.com