ရန်ကုန်စာတိုက်ကြီး၌ MPT ဆင်းမ်ကတ်များ ရောင်းချ

MPT-2.jpg

ရန်ကုန်စာတိုက်ကြီး၌ MPT ဆင်းမ်ကတ်များ ရောင်းချလျက်ရှိကြောင်း သိရသည်။

နိုဝင်ဘာလ ၁၄ ရက်နေ့မှစတင်ကာ ရောင်းချပေးသွားမည် ဖြစ်ကြောင်း၊ ရုံးဖွင့်ရက်များ၌ နံနက် ၉ နာ ရီခွဲမှ ညနေ ၄ နာရီခွဲအထိ ရောင်းချသွားမည် ဖြစ်ကြောင်းသိရသည်။ MPT ဆင်းမ်ကတ်များကို ဗိုလ်အောင်ကျော်လမ်းနှင့် ကမ်းနားလမ်းထောင့်ရှိ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း ရန်ကုန်စာတိုက်ကြီးတွင် စတင်ရောင်းချမည် ဖြစ်ကြောင်း၊ ငွေကျပ် ၁၅၀၀ ဖြင့်ပင် ရောင်းချမည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာ မှတစ်ဆင့် ဖော်ပြထားချက်အရ သိရသည်။ “တုံကင်ဝေပေးပြီး တုံကင်နံပါတ်စဉ်အလိုက်  ဝယ်ရတာဖြစ်ပါတယ်၊ နေ့တိုင်းရောင်းပေးမယ်လို့ သိရတယ်၊ ဈေးကတော့ ၁၅၀၀ ပဲ” ဟု MPT ဆင်းမ်ကတ် လာရောက်ဝယ်ယူသူ တစ်ဦးကပြောသည်။

အဆိုပါ ဆင်းမ်ကတ်များ ဝယ်ယူရန်အတွက် မှတ်ပုံတင်မူရင်း၊ မိတ္တူတို့ လိုအပ်မည်ဖြစ်ကြောင်း ယင်းကဆက်လက် ပြောကြားသည်။ နေ့စဉ်ရောင်းချ သွားမည်ဖြစ်ပြီး လက်ရှိတွင် တစ်နေ့လျှင် ကတ်တစ်ရာကို ရောင်းချပေးနေခြင်းဖြစ်ကြောင်း ဆင်းမ်ကတ်များ ရောင်းချနေရာမှ မေးမြန်းသိရှိရသည်။ လက်ရှိ MPT ဆင်းမ်ကတ်များကို ပြင်ပဈေးကွက်တွင် ရှစ်ထောင်ကျပ်မှ တစ်သောင်းကျပ် နှုန်းထားများဖြင့် ရောင်းချလျှက်ရှိသည်။ “မှောင်ခိုဈေးကွက်ထဲ တွေ့နေရတာတော့ MPT ကတ်နဲ့ Telenor  ကတ်တွေပါ။ MPT ကိုရှစ်ထောင် တစ်သောင်းနဲ့အော်ပြီး ရောင်းနေတာကို အလွယ်တကူ တွေ့ရတယ်၊ ဆိုင်တွေမှာ ဆိုရင်လည်း တယ်လီနောကတ်ကို ငါးထောင်၊ MPT ကတ်ကိုရှစ် ထောင်ဆိုပြီး ရောင်းနေတာ တွေ့ရတယ်” ဟု ရန်ကုန်စာတိုက်ကြီးတွင် ဖုန်းကတ်လာရောက် လျှောက်ထားသူ တစ်ဦးကပြောသည်။

ယခုရောင်းချ ပေးနေသော MPT ဆင်းမ်ကတ်များကို မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း၊ ဂျပန်နိုင်ငံ KDDI နှင့် Sumitomo ကော်ပိုရေးရှင်းတို့ ပူးပေါင်း၍ရောင်းချခြင်း ဖြစ်ကြောင်းသိရသည်။

-ထွန်းထွန်း